Print

ကလေးရနိုင်စွမ်းကို မြင့်တက်စေမယ့် အမျိုးသမီးတို့အတွက် သဘာဝနည်းလမ်း (၅)...

  02-Apr-2019
Preview Image

          သားသမီးလိုချင်တဲ့ ဇနီးမောင်နှံတို့အတွက် အထွေထွေကျန်းမာရေးဟာ အရမ်းကို အရေးကြီးပါတယ်။ ကလေးရနိုင်ချေဟာ ဇနီးမောင်နှံနှစ်ဦးလုံးနဲ့ သက်ဆိုင်နေတာပါ။ နှစ်ဦးလုံးက ကျန်းမာရေးကောင်းမွန်နေမှ ကလေးရနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံနေတာတောင်မှ စုံတွဲပေါင်း ၁၅ ရာခိုင်နှုန်းဟာ ဘာပြစ်ချက်မှ မရှိဘဲနဲ့ ကလေးမရနိုင်တဲ့ပြဿနာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာမဖြစ်နိုင်အောင် အမျိုးသမီးတွေအတွက် ကလေးရနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မယ့် သဘာဝနည်းလမ်း (၅) သွယ်ကို မျှဝေပေးလိုက်ရပါတယ်။


(၁) Antioxidants တွေ ကြွယ်ကြွယ်ဝဝပါဝင်တဲ့ အစားအသောက်တွေ စားပါ။

          ဓါတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants ဆိုတာ ခန္ဓာကိုယ်ကို ပျက်စီးစေတဲ့ လေလွင့်အောက်စီဂျင်တွေကို တိုက်ဖျက်ပေးပါတယ်။ ဖောလိတ် နဲ့ ဇင့်န် ဓါတ်ပါဝင်တဲ့ အစားအစာတွေဟာ အမျိုးသမီးတင်မက အမျိုးသားတွေမှာပါ ကလေးရနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အစံတွေဖြစ်တဲ့ မြေပဲ၊ ဗာဒံစေ့၊ ဖရုံစေ့တွေဟာ ဖောလိတ်နဲ့ ဇင့်န်ဓါတ်အပြင် ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဘီတာ ကယ်ရိုတင်း စတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ပေါင်းစုံပါဝင်တဲ့အတွက် ဒီလိုအစားအစာတွေကို ဦးစားပေး စားသုံးသင့်ပါတယ်။


(၂) ကျန်းမာသွက်လက်အောင် နေပါ။

          ကျန်းမာသွက်လက်စေတဲ့ လေ့ကျင့်ခန်းတွေက ကလေးနိုင်စွမ်းကို မြင့်တက်စေပါတယ်။ စုံတွဲတွေကို လေ့လာကြည့်တဲ့အခါမှာ အထိုင်များပြီး လှုပ်ရှားမှုအားနည်းတဲ့ လူနေမှုဘဝပုံစံဟာ ကလေးမရစေတဲ့ပြဿနာကို မြင့်တက်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးဖို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်းကို အသင့်အတင့်လုပ်ဆောင်ပေးတာက အဓိကကျတဲ့အချက်ပါ။ အလွန်အကျွံလုပ်ဆောင်မယ်ဆိုရင် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ သင့်တော်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ဥပမာ ပန်းခြံမှာ လမ်းလျှောက်တာ၊ အနေတော် ပြေးတာ၊ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တာကို လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက်အနည်းဆုံး လေ့ကျင့်ခန်းလုပ်ပေးပါ။ သွက်လက်ဖြတ်လတ်ပြီး ကျန်းမာသန်စွမ်းစေတဲ့အတွက် အိမ်ထောင်ရေးသုခပါ ပြည့်စုံနိုင်ပါတယ်။


(၃) စိတ်ဖိစီးမှုတွေ ဖြေလျှော့ပြီး အနားယူပေးပါ။

          စိတ်ဖိစီးမှုတွေကလည်း ကလေးရနိုင်ချေကို လျော့နည်းစေပါတယ်။ အဓိကက စိတ်ဖိစီးမှုများတဲ့အချိန်မှာ ဟော်မုန်းဓါတ်တွေ အပြောင်းအလဲဖြစ်သွားတဲ့အတွက် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်နေတာ၊ အလုပ်ချိန် အရမ်းကြာမြင့်တာတွေကလည်း ကလေးယူတဲ့အခါမှာ အချိန်ကြာစေပါတယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။ ဇနီးမောင်နှံနှစ်ဦး ပြောဆိုတိုင်ပင် ရင်ဖွင့်ကြပါတယ်။ တခါတလေမှာ ညဘက်အပြင်ထွက်ပြီး ညစာထွက်စားတာ၊ ပန်းခြံမှာ လမ်းထွက်လျှောက်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သင့်ပါတယ်။


(၄) သင့်တော်တဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။

          ကိုယ်အလေးချိန်ဟာလည်း ကလေးယူတဲ့အခါမှာ လွှမ်းမိုးတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ အဝလွန်သူတွေနဲ့ ပိန်လွန်းသူတွေဟာ ကလေးမရနိုင်တဲ့ ပြဿနာနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးလစဉ် ဓမ္မတာကို မူမမှန်အောင် ပြောင်းလဲစေတဲ့အတွက် ကလေးရဖို့ ကြိုးစားရာမှာလည်း အခက်အခဲတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးရနိုင်ချေ မြင့်တက်စေဖို့ သင့်တော်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခန္ဓာကိုယ်အလေးချိန်မှာ ထိန်းသိမ်းပါ။ အစားအစာမှာ အဆီအဆိမ့်လျှော့စားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထတွေ မွေးမြူပါ။


(၅) အရက်အလွန်အကျွံသောက်တာ ရှောင်ပါ။

          အရက်သောက်သုံးခြင်းက ကလေးရနိုင်ခြင်းကို ဆိုးဆိုးရွားရွား ထိခိုက်စေတတ်ပါတယ်။ လေ့လာချက်အရ တစ်ပတ်ကို အရက် ၈ ခွက်ထက် ပိုသောက်သူတွေဟာ ကလေးရဖို့ အချိန်ကြာတတ်ပါတယ်တဲ့။ တချို့လေ့လာချက်တွေက အရက်နဲ့ ကလေးရနိုင်ချေဟာ သိပ်မသက်ဆိုင်ဘူးပြောပေမယ့် အရက်ကြောင့် ကလေးမရနိုင်တာ၊ အရက်ကြောင့် မျိုးရိုးဗီဇဆိုင်ရာ ချွတ်ယွင်းချက်တွေ ရှိတဲ့ ကလေးငယ်တွေ မွေးဖွားလာတာတွေက မျက်မြင်ပဲဖြစ်ပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံသောက်သုံးတာ ရှောင်ပါ။ အရက်ကို ဖြတ်ပါ။

          ဒီလို သဘာဝအတိုင်းလူနေမှုဘဝပုံစံတွေ ကျန်းမာအောင် ပြောင်းလဲပေးလိုက်တာက ကလေးရနိုင်ချေကို တိုးတက်စေပါတယ်။ ကျန်းမာတဲ့အလေ့အထကောင်းတွေ၊ အစားအသောက်တွေနဲ့ လေ့ကျင့်ခန်းတွေက ကလေးရနိုင်ချေကို ၆၉ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီလို လွယ်ကူပြီး ကျန်းမာစေတဲ့ သဘာဝနည်းလမ်း (၅) သွယ်ကို လိုက်နာနိုင်စေဖို့ ဗဟုသုတရဖွယ်ရာ ရေးသားဖော်ပြလိုက်ရပါတယ်။


ဒေါက်တာကောင်း

Ref – healthline.com



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18