Print

ယောကျ်ားလေးများ ဘာကြောင့်မြုံရတာလဲ

  24-Feb-2017
Preview Image

ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများ
သန္ဓေမအောင်ခြင်း (မြုံခြင်း) ဖြစ်ပွားနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကတော့-

 

- ဝှေးစေ့ကို ထောက်ပံ့ပေးသော သွေးပြန်ကြောရောင်ရမ်းခြင်း၊ ထုံးခြင်း

 

- ကူးစက်ရောဂါပိုး ဝင်ခြင်းကြောင့် သုက်ပိုးထုတ်လုပ်မှုနှင့် သန်စွမ်းမှုကို လျော့ကျစေခြင်း၊ သုက်ပိုး ပို့ဆောင်သည့် ပြွန်များနှင့် အင်္ဂါများ ရောင်ရမ်းခြင်းကြောင့် ပိတ်ဆို့ခြင်း ဥပမာ လိင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါများ (STDS) ဖြစ်သည့် ကာလာမိုင်းဒီးယား၊ ဂနိုရောဂါပိုးများ။

 

- သုက်ပိုး ဆီးအိမ်ထဲသို့ဝင်ရောက်ခြင်း (Retrograde Ejaculation) Orgasm ရရှိချိန်တွင် သုက်ရည်နှင့် သုက်ပိုးကို ပြင်ပသို့ မစွန့်ထုတ်ဘဲ ဆီးအိမ်ထဲသို့ရောက် ရှိသွားခြင်း၊ ၄င်းမှာ ဆီးချိုသွေးချိုရောဂါ၊ Multiple Sclerosis ၊ ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရခြင်း၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးပြွန်တို့တွင် ခွဲစိတ်ကုသမှုပြုလုပ်ဖူးခြင်းစတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါအပြင် ဆီးကျိတ်ကြီးရင် သောက်ရ တဲ့ ဆေးဝါးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

- သုက်မစွန့်ထုတ်နိုင်ခြင်း အချို့အမျိုးသားတွေဟာ ခါးရိုး အာရုံကြောမကြီး ထိခိုက် ဒဏ်ရာကြောင့်၊ ဒါမှမဟုတ် အချို့သော ရောဂါတွေကြောင့် သုက်ပိုးထုတ်လုပ်ပေမယ့် သုက်ရည်မထုတ်လုပ်နိုင်သည့်အတွက် အပြင်ကို မစွန့်ထုတ်နိုင် (Ejaculate) မလုပ်နိုင်ကြဘူး။

 

- အချို့အမျိုးသားတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်က မှားယွင်းပြီး မိမိရဲ့ ကိုယ်ပိုင်သုက်ပိုးကို ရန်သူထင်ကာ တိုက်ထုတ်ဖျက်ဆီးပစ်ပါတယ်။

 

- အလုံးအကျိတ်များ (Tumors) ကင်ဆာနှင့် ကင်ဆာမဟုတ်သော အကျိတ်များဟာ အမျိုးသား မျိုးပွားအင်္ဂါစနစ် အစိတ်အပိုင်းတွေကို ဖိနှိပ်မိခဲ့ရင် ဒါမှမဟုတ် မျိုးပွားခြင်းနဲ့ ဆက်စပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဂလင်း (Glands) တွေကို ဖိနှိပ်မိခဲ့ရင် မြုံနိုင်ပါတယ်။

 

- ဝှေးစေ့ဟာ ကပ္ပယ်အိတ်ထဲကို မဆင်းဘဲ ဝမ်းဗိုက်ထဲမှာပဲ ရှိနေရင်၊ တက်စတိုစတီရုန်းနဲ့ အခြားဟော်မုန်းအချို့ မျှခြေမညီညွတ်ရင်၊ သုက်ပြွန်မှာ ချို့ယွင်းချက်ရှိရင်၊ ခရိုမိုဆုမ်း ချို့ယွင်းချက် (မျိုးဗီဇဆိုင်ရာ) ရှိရင် (X- Chromosome တစ်ခုနှင့် Y-Chromosome တစ်ခု ရှိရမည့်အစား X- Chromosome နှစ်ခုနှင့် Y-Chromosome တစ်ခုရှိသူ အမျိုးသားဖြစ်ခဲ့ရင်)၊ ပန်းသေပန်းညှိုး အပါအဝင် လိင်ဆက်ဆံမှု ပြဿနာများ၊ Coeliac Disease ဆိုသည့် Glutin ကို မချေဖျက်နိုင်တဲ့ အစာမကြေရောဂါ။

 

အချို့သောဆေးဝါးများ (စတီးရွိုက်ဆေး ကြာရှည်သုံးစွဲခြင်း၊ ကင်ဆာ ဓာတ်ရောင်ခြည် ကုသမှု၊ အချို့သော ပဋိဇီဝဆေးများ)၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ (ဥပမာ-အပူ၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများနှင့် ရေရှည် ထိတွေ့မှု)၊ ပိုးသတ်ဆေးများ (Ethylene Dibromate, Organophosphates များဟာ သန္ဓေမအောင်ခြင်းအပြင် ဝှေးစေ့ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်) Heavy Metals များနှင့် ထိတွေ့မှုများ၊ ဓာတ်ရောင်ခြည်များ သို့မဟုတ် Xrays နှင့် ထိတွေ့ခြင်း၊ ဝှေးစေ့အပူချိန် မြင့်မားခြင်း (ကျပ်ပြီးလှောင်ပိတ်ကာ ပူလောင်သော အတွင်းခံ ဝတ်ဆင်ခြင်း)၊ စက်ဘီးအကြာကြီးစီးခြင်း (ဝှေးစေ့ကို အပူချိန်မြင့်တက်စေခြင်း၊ စက်ဘီးထိုင်ခုံကြောင့် မျိုးစေ့ဖိအား သက်ရောက်စေခြင်း) စသည်တို့ကြောင့်လည်း သန္ဓေမအောင်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

 

နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ အကြောင်းရင်းများ
ကိုကင်း၊ ဆေးခြောက်၊ Anabolic Steroids များ စသည့် တားမြစ်ဆေးဝါးများ သုံးစွဲခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဗီတာမင် C၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဖောလိတ် အစရှိသော ဗီတာမင်များ ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် (အဝလွန်ခြင်း၊ အပိန်လွန်ခြင်း)၊ အသက်အရွယ် (အသက် ၃၅ နှစ်နောက်ပိုင်းမှ စတင်ပြီး သန္ဓေအောင်နိုင်မှု တဖြည်းဖြည်း ကျဆင်းလာပါတယ်)။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
newmyanmarpyi

 


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18