Print

အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရဲ့ အကြိုလက္ခဏာများ

  24-Feb-2020
Preview Image

    ဆီးချိုရောဂါဟာ အစားရှောင်ရ၊ ဆေးအမြဲသောက်ရ၊ တစ်ခါတစ်ရံ လိုအပ်ရင် (သို့) အမြဲတမ်းဆေးထိုးရ၊ နောက်ဆက်တွဲရောဂါကြီးတွေကိုလည်း ခံစားရဆိုတော့ ဆီးချိုရောဂါရှင်တွေအတွက် အတော်ဝန်လေးစရာဖြစ်ပါတယ်။ အသက်ငယ်ငယ်တုန်းကတည်းက စတင်ရောဂါခံစားရတဲ့ အမျိုးအစား ၁ ဆီးချိုသွေးချိုရောဂါနဲ့ အသက်ကြီးမှ ခံစားရတဲ့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

          အောက်ပါအချက်တွေကတော့၊ သင့်မှာ ဆီးချိုအမျိုးအစား ၂ ရှိနေမလား သံသယထားသင့်တဲ့ လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။

အိမ်သာခဏတိုင်း သွားနေရသလား

          တကယ်လို့ အမျိုးအစား ၂ ဆီးချိုဖြစ်စပြုပြီဆိုရင် စားသောက်လိုက်တဲ့ အစားအစာတွေကို ဂလူးကို့စ်ဆိုတဲ့ ကစီဓာတ်အဖြစ် ခြေဖျက်ပေးဖို့ရာ နှေးကွေးလာတယ်။ ခြေဖျက်ပေးနိုင်စွမ်းလည်း ကျဆင်းလာပါတယ်။ ဂလူးကို့စ်အဖြစ် ခြေပြီးမှ စွမ်းအင်အဖြစ် ကိုယ်ခန္ဓာက ပြောင်းလဲ၊ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအခါ သွေးထဲမှာ ဂလူးကို့စ်တွေ စုပုံလာကာ သွေးတွင်းအချိုဓာတ်တွေမြင့်မားလာရတယ်။ အဲဒီအခါ မြင့်မားလာတဲ့ အချိုဓာတ်ကို ဆီးထဲကနေ စွန့်ပစ်ဖို့ရာ အိမ်သာကို ခဏခဏ ဆီးပေါက်သွားရပါတော့တယ်။ နေ့ခင်းဘက်သာမကတော့ဘဲ ညဘက်မှာပါ ဆီးခဏတိုင်း ထစွန့်နေရတာက အမျိုးအစား ၂ ရဲ့လက္ခဏာပြတာပါပဲ။

ရေပိုငတ်လာတယ်။

          ခါတိုင်းထက်ကို ရေပိုပို ငတ်လာလို့ ရေငတ်ပြေဖို့ရာ သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေနဲ့ သောက်ရေတွေ ပိုပိုသောက်ဖြစ်လာတယ်။ ပိုပြီးလည်း သောက်ချင်လာတယ်။ အဲဒါကလည်း အမျိုးအစား ၂ ဆီးချိုရဲ့ ရှေးပြေးလက္ခဏာတွေပဲ ဖြစ်ကြတယ်။ ရေပိုသောက်ဖြစ်တာထက် အချိုရည်တွေပိုသောက်ဖြစ်တာက သွေးတွင်းအချိုဓာတ်ကို ပိုမိုမြင့်တက်လာစေလို့ ပြဿနာပိုကြီးထွားလာစေပါတယ်။ အဲဒီတော့ ရေငတ်လာတယ်ဆိုရင် အချိုရည်မျိုးစုံ သစ်သီးအချိုဖျော်ရည်တွေ၊ သောက်သုံးမယ့်အစား၊ ရေကိုသာ သောက်မိစေဖို့ သတိထားသင့်ပါတယ်။

မဆိုစလောက်ဖြစ်စေ၊ အတော်အသင့်ဖြစ်စေ၊ ကိုယ်အလေးချိန် ကျဆင်းလာတယ်။

          အများလက်ခံသိရှိထားတာက အဝလွန်နေသူတွေ အိုဗာဝိတ်တွေကမှ ဆီးချို ဖြစ်လွယ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့်လည်း မူရင်းကိုယ်အလေးချိန်ကနေ တဖြည်းဖြည်းချင်းဖြစ်စေ သိသိသာသာဖြစ်စေ ကျဆင်းလာတယ်၊ ပိန်လာတယ်ဆိုရင် ဒါဟာ အမျိုးအစား ၂ ဆီးချိုရဲ့ ပုန်းကွယ်နေတဲ့ ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်ပါတယ်။

ဆာလောင်လွန်ပြီး ရုတ်တရက် ဆာလာရင်ကတုန်ကယင်နဲ့ နေမထိ ထိုင်မသာ တုန်ချည့်တာ ဖြစ်လာတယ်။

          အဲလိုအချိန် ဆန် ဂျုံတစ်ခုခုနဲ့ ပြုလုပ်ထားတဲ့ အစားအစာတစ်ခုခုကို အငမ်းမရ စားချင်စိတ် ဖြစ်လာတယ်။ ကိုယ်ခန္ဓာသွေးထဲမှာ အချိုဓာတ် မြင့်မားနေလေလေ ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်ဓာတ်ကို ထိန်းချုပ်ဖို့ ပြဿနာများလေလေဖြစ်လာတယ်လို့ ဆိုပါတယ်။ ကာဗိုဟိုက်ဒြိတ်များတဲ့ အစားအစာတစ်ခုခုကို စားပြီးတဲ့အခါ အင်ဆူလင်တွေ အများကြီးထွက်လာစေတယ်။ အခုနက စားလိုက်တာတွေကို အမြန်ခြေဖျက်ပစ်လိုက်တယ်ဆိုတော့ သွေးတွင်းဂလူးကို့စ်ပမာဏက အမြန်ဆုံး ပြန်ကျသွားပြန်ပြီး တုန့်ချည့်တာဖြစ်လာကာ နောက်ထပ် ကာဗိုဟိုက်ဒြိတ်ပါတာ ရှာစားနေမိပြန်တယ်။ ဒီလိုနဲ့ပဲ ဆာလိုက်စားလိုက် ပြန်ဆာလိုက် ပြန်စားလိုက်နဲ့ သံသရာလည်နေပါတော့တယ်။

တစ်ချိန်လုံး အင်အားမရှိသလို နုံးချည့်နေတယ်။

          အစာအာဟာရတော့ စားပေမယ့် လူက အင်အားပြည့်မလာဘဲ ဆက်တိုက်နှုန်းချည့်နေတယ်ဆိုရင် ဒါဟာ မပေါ့ဆသင့်ပါဘူး။ အစာအစားပေမယ့် အာဟာရတွေက  ခန္ဓာကိုယ်ဆဲလ်တွေ ယူသုံးလို့ ရနိုင်တဲ့အထိမပြိုကွဲကြပါဘူး။ Energy ရနိုင်တဲ့အထိ ခြေဖျက်မပေးနိုင်ကြပါဘူး။ အဲဒီတော့ ခန္ဓာကိုယ်ဟာ လောင်စာဆီမရှိတဲ့အတွက် ရွှင်လန်းတက်ကြွမှု မရှိတော့ဘူး။ နှေးကွေးလေးလံ ထိုင်းမှိုင်းနေပြီး တစ်ချိန်လုံး နှုန်းခွေနေပါတော့တယ်။

အမြင်အာရုံ ကျဆင်းလာကြတယ်။ ပါဝါမျက်မှန်တပ်နေရသူဆိုရင် မျက်မှန်ပါဝင်က အချိန်တိုတိုအတွင်း ပြောင်းလဲလာကြတယ်။

          အစောပိုင်းကာလတွေမှာ အမျိုးအစား ၂ ဆီးချိုအကြိုလက္ခဏာတွေ စတင်ခံစားနေရတုန်း မျက်စိတွင်း မှန်ဘီလူးတွေက ဆုံမှတ်ကို ပြတ်သားအောင် အသေးစိတ် မချိန်နိုင်လို့၊ မြင်အောင်ကြည့်လို့ မလွယ်ကူဘူး ဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မျက်စိထဲမှာ ဂလူးကို့စ် အချိုဓာတ်တွေက စုပုံလာတဲ့အတွက် ဖြစ်ပါတယ်။ အဲဒီအခါ မျက်စိမှန်ဘီလူးက ခေတ္တခဏဖြစ်ဖြစ် ပုံသဏ္ဍာန်ပြောင်းလဲသွားတဲ့အတွက် မျက်စိအမြင်မကြည်မလင် ဖြစ်လာကြရတာပါ။ အဲဒီအဆင့်လောက်ကတော့ မျက်စိမကွယ်စေပါဘူး။ ကုသမှု အစားအသောက်အနေအထိုင်ဆင်ခြင်မှုတွေကို၊ စောစောစီးစီး လုပ်မယ်ဆိုရင် သွေးတွင်းဂလူးကို့စ်မြင့်တက်တာက ကျသွားပါလိမ့်မယ်။ အဲလိုဂလူးကို့စ်ပမာဏ ပုံမှန်ဖြစ်ပြီဆိုရင် ၆ ပတ်ကနေ ၈ ပတ်အတွင်း၊ ခုနပြောတဲ့ မျက်စိအမြင်မကြည်လင်တာ၊ မသဲမကွဲဖြစ်တာက နဂိုအတိုင်းပြန်မြင်ပြန်ပြီး အမြင်ကြည်လင်လာပါလိမ့်မယ်။ တစ်ခုရှိတာက အမြင်မကြည်လင်တာဟာ အသံတိတ်ဖြစ်စ ပြုနေတဲ့ အမျိုးအစား ၂ ဆီးချိုရဲ့ ရှေ့ပြေးလက္ခဏာကြောင့်ဖြစ်တာကို သတိမမူဘဲ အချိန်တွေကုန်သွားမှ ဆီးချိုရောဂါဖြစ်တာကြာလာမှ သတိထားမိတယ်ဆိုရင်တော့ မျက်စိအတွင်းပြောင်းလဲမှုတွေက အတော်ထိခိုက်ပြီး ဖြစ်နေတတ်ပါတယ်။ အဲလိုဆိုရင်တော့ အမြင်အာရုံထိခိုက်မှုက ရာသက်ပန်ဖြစ်နိုင်ပါတယ်။


Credit : ဒေါက်တာ အေးမြချယ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18