Print

သွားကြောင့်ဖြစ်တာမဟုတ်ဘဲ သွားကိုက်တယ်လို့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ...

  29-Jun-2020
Preview Image

          သွားပိုးစားတာ၊ သွားဖုံးယောင်တာနဲ့ သွားကျဉ်တာ စတာတွေကြောင့် သွားကိုက်တတ်တာကိုတော့ လူတိုင်းလိုလို သိပြီးဖြစ်ကြပါတယ်။ ဒါပေမယ့် သွားကိုက်ဝေဒနာတိုင်းဟာ သွားပြဿနာတွေကြောင့်ပဲ ဖြစ်တတ်တာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောပေါင်းများစွာဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်ယှက်ဖြာနေကြတဲ့အတွက် တစ်ခါတစ်ရံမှာ ရောဂါဖြစ်တဲ့နေရာရဲ့ နာကျင်မှုဝေဒနာကို တခြားတစ်နေရာမှာ မှားယွင်းပြီး ဖော်ပြတတ်လေ့ရှိကြတယ်။ ဒီလို နာကျင်မှုဝေဒနာ နေရာပြောင်းလွဲခံစားရတတ်တာကို referred pain လို့ခေါ်ပြီး အရေးတကြီးကုသမှုခံယူဖို့လိုတဲ့ ရောဂါတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာက ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာ ဖြစ်လေ့ရှိတဲ့ သာမန်ဝေဒနာတစ်ခု အနေနဲ့ပဲ ခံစားရတဲ့အခါမျိုးမှာ သတိမမူမိကြရင် ကျန်းမာရေးအရ ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ အဲ့ဒါကြောင့် ရံဖန်ရံခါ referred pain အနေနဲ့ ခံစားရလေ့ရှိတတ်တဲ့ နာကျင်ခံခက်စေတဲ့ သွားကိုက်ဝေဒနာရဲ့နောက်ကွယ်မှာ တခြား ဘာရောဂါတွေဖြစ်နိုင်သေးလဲဆိုတာကို လေ့လာကြည့်ကြရအောင်။


၁။ မေးရိုးကြောင့်ဖြစ်တဲ့ပြဿနာ

          နားထင်ရိုးနဲ့ မေးရိုးဆုံရာထောင့်က နားထင်ရိုးမေးရိုးကြားအဆစ် ပွန်းတဲ့အခါ၊ ဒါမှမဟုတ် ရောင်တဲ့အခါ သွားကိုက်သလိုခံစားမှုရတတ်ပြီး ပါးစပ်အဖွင့်အပိတ်ပါခဲယဉ်းတတ်စေပါတယ်။ အဲဒီ့အခါ မေးရိုးကြွက်သားကြွက်တက်တတ်ပြီး ပါးစပ်အဖွင့်အပိတ်ခက်စေတာအပြင် နားထင်ရိုးမေးရိုးကြားအဆစ် လွဲစေတတ်တဲ့အထိဖြစ်လာတတ်ပါတယ်။


၂။ ထိပ်ကပ်နာ

          ထိပ်ကပ်နာဆိုတာ မျက်နှာရဲ့အလယ်၊ မျက်လုံးနှစ်လုံးအောက်က ပါးနေရာနဲ့ နှာခေါင်းရဲ့နောက်က ဆိုင်းနပ်စ် (sinus) လို့ခေါ်တဲ့ ဦးခေါင်းခွံရဲ့ ဂလိုင်ပေါက်လေးတွေ ရောင်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပါးရိုးဆိုင်းနပ်စ်တွေ ရောင်တဲ့အခါ အနောက်ဘက်က အပေါ်သွားတွေကို ဖိအားဖြစ်စေပြီး သွားကိုက်စေတတ်သလို အဲ့ဒီနေရာကသွားတွေ သွားပိုးစား၊ သွားကိုက်ခြင်းဖြစ်ရင်လည်း ပါးရိုးဆိုင်းနပ်စ်တွေ လိုက်ရောင်တတ်ပါသေးတယ်။


၃။ နှလုံးရောဂါများ

နှလုံးကအောင့်တဲ့အခါမျိုးတွေမှာလည်း တစ်ခါတစ်ရံ အဲ့ဒီနာတဲ့လက္ခဏာဟာ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ လွဲမှားစွာ ဖော်ပြလေ့ရှိတတ်တယ်။ များသောအားဖြင့် ဘယ်ဘက်ပုခုံးနဲ့ ဘယ်ဘက်လက်မောင်းကိုက်သလိုခံစားရတတ်ပြီး တစ်ခါတစ်လေမှာ အောက်သွားနဲ့ မေးရိုးကကိုက်သလို ခံစားရတတ်ပြန်တယ်။ ဒါဟာ နှလုံးထိခိုက်မှုဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောပြဿနာတစ်ခုခုရဲ့ လက္ခဏာဖြစ်နိုင်တဲ့အတွက် သွားတွေကောင်းနေရဲ့သားနဲ့ သွားကိုက်ဝေဒနာခံစားနေရပြီဆိုရင် အချိန်မဆိုင်းဘဲ ဆေးရုံ၊ ဆေးခန်းသွားပြသင့်ပါတယ်။


၄။ တံတွေးဂလင်းမှာ ကျောက်တည်ခြင်း

တံတွေးဂလင်းရဲ့ ပြွန်တစ်ခုခုမှာ ကျောက်တည်ရာက ကျောက်ကတဖြည်းဖြည်းကြီးလာပြီး တံတွေးဂလင်းရဲ့ပြွန်ကို ပိတ်သွားတဲ့အခါ ဖြစ်တဲ့ တံတွေးဂလင်းနေရာမှာ ရောင်ပြီး သွားကိုက်သလိုခံစားရတတ်ပြန်ပါတယ်။


၅။ အဆုတ်ရောဂါ

အဆုတ်ရောဂါတစ်ခုခုကြောင့် သွားကိုက်သလိုဖြစ်စေတတ်သလို သွားကိုက်လို့လည်း အဆုတ်နေရာက အောင့်သလိုခံစားရတတ်ပါသေးတယ်။ သွားနဲ့မေးရိုးကိုက်တဲ့လက္ခဏာက အဆုတ်ကင်ဆာရဲ့ နောက်ဆက်တွဲ လက္ခဏာတစ်ခုလည်း ဖြစ်နေတတ်ပါသေးတယ်။ အဲ့ဒီလို ကင်ဆာရဲ့ နောက်ဆက်တွဲ လက္ခဏာတစ်ခုအနေနဲ့ သွားကိုက်တာဆိုရင်တော့ ကင်ဆာက လည်ပင်းနဲ့ဦးခေါင်းရဲ့ တခြားနေရာတွေကိုပါ ပြန့်ကောင်း ပြန်နေနိုင်ပါသေးတယ်။

 

Dr KZT

Ref : Brightside



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18