Print

ကင်ဆာဖြစ်စေတဲ့ နေ့စဉ် အပြုအမူ အနေအထိုင် အမှားတွေ

  22-Jun-2020
Preview Image

          တချို့ အပြုအမူ အနေအထိုင်အစားအသောက် စတိုင်လ်တွေက၊ လူတွေကို ကျန်းမာရေးမညီညွတ်စေဘဲ ကင်ဆာဖြစ်နိုင်ခြေကိုပါ မြင့်တက်လာစေပါတယ်။ မြန်မာလူမျိုးတွေကလည်း ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်တာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်နေထိုင်ကြမယ့်အစား ရောဂါဖြစ်ခါမှ  မျက်ကလဲဆန်ပြာ ကြောက်ရွံ့တတ်ကြပါတယ်။ ဥပမာ ပြောရရင် ဆေးလိပ်သောက်အရက်သောက်၊ ကွမ်းစားနဲ့ အစားအသောက်လွန်လွန်ကြူးကြူးစားသုံးတာတွေက ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။ လူတိုင်းနီးပါးလောက်ကတော့ အဆိုပါ အနေအထိုင်ဆိုး တစ်ခုမဟုတ် တစ်ခု ဒါမှမဟုတ် တစ်ခုမက နေ့စဉ်ပြုလုပ်နေမိတတ်ကြတယ်။ အမေရိကန်မှာ နှလုံးရောဂါပြီးရင် ကင်ဆာရောဂါဟာ အသေအပျောက်အများဆုံး ရောဂါအဖြစ် မှတ်တမ်းတင်ထားတယ်။ အဲဒီတော့ မိမိကိုယ်တိုင် ကင်ဆာရောဂါ မခံစားချင်ရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူ အနေအထိုင် အစားအသောက်ပုံစံတွေ ပြောင်းလဲမှသာ ဖြစ်ပါလိမ့်မယ်။ အမေရိကန် ကင်ဆာအဖွဲ့ကြီးက အပြုအမူပိုင်းဆိုင်ရာနဲ့ ရောဂါဖြစ်ပွားမှုဆိုင်ရာ အကြီးတန်း ဒုဥက္ကဌ ဖြစ်သူ Susan Gapstur က ‘လူထုအတွင်းမှာ ကင်ဆာရောဂါ ဖြစ်နှုန်းလျှော့ချပေးနိုင်တဲ့ ကာကွယ်မှု နည်းလမ်းတွေ ရှိနေတယ်ဆိုတာ၊ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေပြီ’ လို့ ပြောခဲ့ပါတယ်။


          အဲ့လို ကင်ဆာဖြစ်နှုန်းလျှော့ချနိုင်ဖို့ ကင်ဆာဖြစ်စေတဲ့ အောက်ပါနှစ်ရှည်လများ အပြုအမူဆိုး၊ စရိုက်အမှားများကို ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။ လူတိုင်း လိုက်နာရှောင်ကြဉ်နိုင်လေ ကျန်းမာရေးအတွက် အထောက်အကူပြုလေ ဖြစ်ပါတယ်။ အပြုအမူအမှားတွေက အများကြီးမို့ အပိုင်း ၂ ပိုင်း ခွဲပြီး တင်ပြပါ့မယ်။


(၁) နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း

          တစ်နှစ်ပတ်လုံးနေရောင်ခြည် ကောင်းကောင်းမရတဲ့ အနောက်နိုင်ငံတွေမှာ ပင်လယ်ကမ်းခြေတစ်လျှောက် လူအတော်များများက အဝတ်အစားဗလာနီးပါးနဲ့ နေပူစာလှုံတဲ့ဓလေ့ရှိကြပါတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ နေပူထဲမှာ ကောက်စိုက်ပျိုးနှုတ် တောင်သူလယ်သမားအလုပ်နဲ့ ကာယအလုပ်တွေ လုပ်ကြတာများပါတယ်။ နေပူထဲ ခဏတဖြုတ်နေတာက ကျန်းမာရေးအတွက်ကောင်းပေမယ့် နိစ္စဓူဝ အချိန်အတော်များများ နေရောင်အောက်မှာ ရှိနေရတာဆိုရင် နေရောင်ခြည်ထဲပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့်၊ အရေပြားကင်ဆာဖြစ်စေတယ်။ အဲဒီခရမ်းလွန်ရောင်ခြည်တွေက အရေပြားရှိ ဖိုင်ဘာအမျှင်တွေကို ထိခိုက်ပျက်စီးစေပြီး အရောင်တွေ ပြောင်းလဲလာစေတယ်။ အလုံးအကျိတ်တွေ ဖြစ်လာစေတယ်။ နောက်ပိုင်းမှာ အရေပြားကင်ဆာအကြိုအဆင့်ကနေ အရေပြားကင်ဆာအထိ အဆင့်ဆင့်ပြောင်းလဲလာစေတယ်။


ကာကွယ်ခြင်း

          ဒါကြောင့် နေ့စဉ်နေပူထဲ အကြာကြီးမနေမိစေဖို့ နေရောင်ကာ (Sun screen or sunblock SPF 30, <30) လိမ်းဖို့ ဒါမှမဟုတ် နေရောင်ထိနိုင်တဲ့ နေရာဟူသမျှ သနပ်ခါးထူထူ လိမ်းကျံဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ခရမ်းလွန်ရောင်ခြည်အထိအတွေ့များစေတတ်တဲ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအတွင်းမှာ နေရောင်တိုက်ရိုက်မထိတွေ့မိစေဖို့ အကျီၤ ရှည်၊ ဘောင်းဘီရှည်၊ လုံချည် ထမိန်ရှည်ရှည် ဝတ်ဆင်ဖို့၊ အရေးကြီးပါတယ်။


လေယာဉ် မကြာခဏ မစီးပါနဲ့

          တကယ်လို့ သင်ဟာ လေယာဉ်မောင်/ မယ်တွေ၊ လေယာဉ်မှုးတွေ၊ လေယာဉ်ခရီးခဏတိုင်း သွားလာနေရသူတွေ ဖြစ်မယ်ဆိုရင် ကင်ဆာရောဂါ အမျိုးမျိုးခံစားရဖို့၊ အခွင့်အလမ်းပိုများပါတယ်။ လေယာဉ်ပေါ်လိုက်ပါရတဲ့ အမျိုးသမီးဝန်ထမ်းဆိုရင် တခြား အလုပ်အကိုင်ရှိ အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ၅၀% ပိုများပါတယ်။ ကြီးမားတဲ့ လုပ်ငန်းခွင်အန္တရာယ်တစ်ခုပါပဲ။ တကယ်လို့ မကြာခဏ လေယာဉ်စီးရသူဆိုရင်တော့ မယ်လာနိုမားကလွဲရင် တခြားအရေပြားကင်ဆာ ဖြစ်နိုင်ခြေက လေးဆ ပိုများပါတယ်။

          လေယာဉ်ဝန်ထမ်းတွေမှာ သားအိမ်ခေါင်းကင်ဆာ၊ သိုင်းရွိုက်နဲ့ အူမကြီးကင်ဆာ၊ အသည်းနဲ့ အစာအိမ်ကင်ဆာဖြစ်ဖို့လည်း၊ အခွင့်အလမ်း ပိုများပါသေးတယ်။ ကောင်းကင်ပေါ်မှာ လေယာဉ်ထဲက အိုင်းယွန်းဓာတ်တွေ ထိတွေ့တာနဲ့ ဓာတ်ရောင်ခြည်သင့်ခံရတာကြောင့် ဖြစ်ပါတယ်။


ဆေးလိပ်သောက်ခြင်း (ကိုယ်တိုင် သောက်သူနဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူနေရသူ)

          စီးကရက်ထဲမှာ အဆိပ်ငွေ့ပေါင်း ၄၈၀၀ ပါဝင်တာမို့ နေ့စဉ်ဆေးလိပ်၊ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံတစ်ခုခု သောက်သုံးနေရင် အဲဒီဆေးလိပ်ငွေ့ထဲက အဆိပ်တွေကို နေ့စဉ်ရှူသွင်းနေတာကြောင့် ကင်ဆာတစ်ခုမဟုတ် တစ်ခု ဖြစ်လာစေပါတယ်။ ဆေးလိပ်ကို ကိုယ်တိုင်သောက်သူသာမကဘဲ အနီးက ရှိနေတဲ့ တစ်ဆင့်ခံဆေးလိပ်ငွေ့ဒဏ်ခံနေရတဲ့ (Passive smoker) တွေကိုယ်တိုင်ပါ အဲဒီအဆိပ်ငွေ့အန္တရာယ်တွေ ရစေတယ်။ ကိုယ့်အနီးအနားမှာ ဆေးလိပ် မသောက်ဖူးဆိုရင်တောင်မှ ဆေးလိပ်သောက်သူရဲ့ အဝတ်အစားအသုံးအဆောင်တွေပေါ်မှာ ဆေးလိပ်ငွေ့တွေက ကပ်ငြိကာ ပတ်ဝန်းကျင်ရှိ ကလေးလူကြီးမရွေးကို ဒုက္ခပေးနိုင်တာပါပဲ။ ဆေးလိပ် စီးကရက်သောက်သူတွေဟာ၊ မသောက်သူတွေထက် အသက် ၁၀ နှစ် ပိုတိုစေတာလည်း တွေ့ရတယ်။ ဒါ့အပြင် အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းနဲ့ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါ၊ ခြေလက်ပုပ်ရောဂါနဲ့ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်နိုင်ခြေကလည်း ဆေးလိပ်သောက်သူတွေမှာ ပိုအဖြစ်များပါတယ်။

          ဝမ်းသာစရာ သုတေသနအဖြေအရ အသက် ၄၀ မတိုင်ခင်မှာ ဆေးလိပ်လုံးဝဖြတ်လိုက်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့သူအနားမှာလည်း၊ ဆေးလိပ်ငွေ့တစ်ဆင့်ခံ ရှူနေရအောင် မနေဘူးဆိုရင် ဆေးလိပ်ကြောင့်ရတဲ့ရောဂါတွေကြောင့် သေနိုင်တဲ့ အန္တရာယ်က ၉၀% လျော့ကျလာစေတာ တွေ့ရတယ်။ အသက် ၄၀ ကျော်မှ ဆေးလိပ်စီးကရက်ဖြတ်လည်း အကျိုးကျေးဇူးကတော့ ရစေနိုင်သေးတယ်ဆိုတော့၊ ဘယ်အသက်အရွယ်ရောက်ရောက် ဆေးလိပ်စောစောဖြတ်လေ ကျန်းမာရေးကောင်းလေ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်အပြီး ၃ လလောက်ဆိုရင် အဆုတ်လုပ်ဆောင်မှုတွေ ပြန်ကောင်းလာပြီး ၅ နှစ်လောက် ဖြတ်ပြီးရင်တော့ ဆေးလိပ်ကြောင့် အစာအိမ်၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်နဲ့ အစာရေမျိုပြွန်တွေမှာ ကင်ဆာဖြစ်နိုင်ခြေက ထက်ဝက်လျော့သွားနိုင်ပါတယ်။ ကွမ်းစားတာကလည်း ဆေးရွက်ကြီးပါတာမို့ ထပ်တူ ကင်ဆာဖြစ်စေတယ်။ ဆေးရွက်ကြီး မထည့်ရင်တောင်မှ ကွမ်းယာထဲပါတဲ့ အမျိုးအမည်အားလုံးက စုပေါင်းပြီး ပါးစောင်ကင်ဆာ၊ သွားဖုံးနဲ့ လျှာကင်ဆာ၊ လည်ချောင်းနဲ့ လည်မျိုပြွန်ကင်ဆာအမျိုးမျိုးကို ဖြစ်စေပါတယ်။


          ဒါကြောင့် ဆေးလိပ်သောက်သူ၊ ကွမ်းစားသူတွေ၊ မိသားစုထဲရှိနေရင် ကိုယ်တိုင်အတွက်နဲ့ ကိုယ့်မိသားစုဝင်တွေအတွက် ကျန်းမာရေးကောင်းအောင်နဲ့ ကင်ဆာကာကွယ်ဖို့ ဆေးလိပ် လုံးဝဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်တဲ့နေရာကို သီးသန့်ခွဲခြားပေးထားသင့်ပါတယ်။ ဆေးလိပ်သောက်အပြီး အိမ်ထဲ တန်းဝင်လာတာမျိုး၊ ကလေးချီပိုးတာမျိုး လုံးဝရှောင်ကြဉ်သင့်ပါတယ်။


Credit : ဒေါက်တာ မြမြချယ်

 

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18