Print

ကင်ဆာဆိုတာ

  15-Jun-2020
Preview Image

          ကင်ဆာ (Cancer) ဆိုတာ ကင်ဆာအကျိတ်ပါဝင်တဲ့ရောဂါ အစုအဝေးတစ်ခုဖြစ်ပြီး ထိုကင်ဆာအကျိတ်က ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ထိုးဖောက်ဝင်ရောက်ပျံ့နှံ့နိုင်ပါတယ်။ 

          ဆဲလ်တစ်ခုလုံး လုပ်ဆောင်ရမည့်ကိစ္စတွေ၊ တာဝန်တွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်တော့သလို တခြားဆဲလ်တွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မှားယွင်းအောင် အားပေးအားမြှောက်ပြုပါတယ်။ ကင်ဆာကို နည်းစနစ်တကျ မကုသဘူးဆိုလျှင် ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးမည်။ ကင်ဆာဆဲလ်က အစားစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်တွင်း အာဟာရချို့တဲ့မည်။ ခုခံအားလည်း ကျဆင်းစေတာကြောင့် ရောဂါတွေ ဝင်လာမည်။ နောက်ဆုံးတော့ စောစီးစွာ သေဆုံးကြပါတယ်။ ဒါကြောင့် ကျွန်တော်အပါအဝင် လူအများစုက ကင်ဆာဖြစ်မှာ ကြောက်ကြတယ်။


မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်နိုင်လား

          မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် The truth about cancer ဆိုတဲ့စာအုပ်မှာ ကင်ဆာဆိုတာ ခုခံစွမ်းအားရှုံးနိမ့်ခြင်း (immune failure) လို့သုံးပါတယ်။ ကင်ဆာဆဲလ်ဆိုတာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ချိန်လုံးဖြစ်နေပြီး ကင်ဆာအကျိတ်တွေမဖြစ်လာတာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းမွန်နေလို့ပါ။ ခုခံအားစနစ်မကောင်းလျှင် ကင်ဆာဆဲလ်တွေကနေ ကင်ဆာအကျိတ်ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို နှောင့်ယှက်နေတဲ့ များစွာသော အကြောင်းအချက်တွေထဲမှာ ပတ်ဝန်းကျင်ကအဆိပ်တွေလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။


ပတ်ဝန်းကျင်ကအဆိပ်နှင့် ထိတွေ့မှုကို ဘယ်လိုလျှော့ချမလဲ

          လေထုညစ်ညမ်းခြင်းကြောင့် လူတော်တော်များများရဲ့ ကျန်းမာရေးယိုယွင်းပျက်စီးလာကြပါတယ်။ ကင်ဆာလို နာတာရှည်ရောဂါတွေလည်း အတော်ဖြစ်ကြတယ်။ ညစ်ညမ်းနေတဲ့လေထုကို သန့်စင်ပေးနိုင်တဲ့အပင်တွေ အင်မတန်ရှားပါးလာတာကြောင့် လေထုညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေက တွေးထားတာထက် ပိုများနိုင်ပါတယ်။ လူဦးရေ ထူထပ်တဲ့နေရာတွေမှာ လေထုညစ်ညမ်းမှု အတော်သိသာပါတယ်။ လေထုညစ်ညမ်းခြင်းဟာ ကင်ဆာဖြစ်စေသောအကြောင်းအချက်တစ်ခုပါလို့ ၂၀၁၇ ထုတ် အမေရိကန်ကင်ဆာဂျာနယ်က ရေးပါတယ်။ ကျွန်တော်တို့သတိပြုသင့်တဲ့ အိမ်တွင်းလေထုညစ်ညမ်းခြင်းပါ။ အိမ်တွင်းလေထုမှာ အညစ်အကြေးအဆိပ်တွေ မများလာအောင် ကာကွယ်ရမည်။

          ဒါကြောင့် အိမ်ကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ခြင်နိုင်ဆေးမထွန်းဘဲ နေနိုင်အောင် ကြိုးစားပါ။ တတ်နိုင်လျှင် အိမ်တွင်းမှာ လေသန့်စင်ပေးတဲ့ အပင်တွေစိုက်ပါ။


ရေသန့်ဘူးများ

          အရင်တုန်းက သောက်ရေအနေနှင့် တွင်းရေကိုသုံးတယ်။ အဝီစိရေလည်း သုံးတယ်။ ရေကို မြေအိုးထဲထည့်ပြီး သောက်ရေအနေနှင့် သောက်ကြတယ်။ အခုခေတ်ကတော့ သောက်ရေအနေနှင့် ရေသန့်ဘူးတွေ သောက်ကြတယ်။ တချို့ရေသန့်ဘူးရဲ့ ပလတ်စတစ်မှာပါတဲ့ BPA နှင့် သင်ကြားရေး အမူအကျင့်ပြဿနာများ၊ ခုခံအားစနစ်ပြောင်းသွားခြင်း၊ ဆီးကျိတ်နှင့် ရင်သားကင်ဆာ၊ အဝလွန်ခြင်း၊ စောစီးစွာ အရွယ်ရောက်ခြင်းတွေက ဆက်စပ်နေတယ်ဆိုပါတယ်။ ရေသန့်ဘူးသောက်ခြင်းအားဖြင့် phthalates နှင့် ထိတွေ့မှုအနည်းငယ်တော့ ရှိနိုင်ပါတယ်။


          Phthalates က ဟော်မုန်းတွေ မညီမျှအောင် လုပ်ပေးပြီး ကင်ဆာဖြစ်စေတယ်လို့လည်း ပြောကြတယ်။ ရင်သားကင်ဆာနှင့်လည်း ဆက်နွယ်မှုရှိတယ်ပြောပါတယ်။ မသန့်ရှင်းသော အစားအစာကင်ဆာဖြစ်စေတဲ့ အညစ်အကြေးအဆိပ်တွေကို အစားအသောက်ကလည်း ရပါတယ်။ အရွက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အပင်တွေစိုက်တဲ့အခါ ခွင့်မပြုတဲ့ ပိုးသတ်ဆေးသုံးမယ်၊ ပိုးသတ်ဆေးကို လိုတာထက်ပိုသုံးမယ်ဆိုရင် အသီးအရွက်တွေမှာလည်း အဆိပ်တွေစုနေနိုင်ပါတယ်။


          ဒါကြောင့် စားသုံးသူအနေနှင့် တတ်နိုင်မည်ဆိုလျှင် ပိုးသတ်ဆေးမသုံးတဲ့ အော်ဂဲနစ်အသီးအရွက်တွေ ဝယ်စားပါ။ အော်ဂဲနစ်တွေ ဝယ်မစားနိုင်လျှင် အသီးအရွက်တွေ၊ အသားတွေကို ချက်စားတော့မည်ဆိုလျှင် ဆားရည်၊ ရှလကာရည်နှင့် ကြာကြာစိမ်ထားပါ။ ရေနှင့်လည်း ထပ်ခါထပ်ခါဆေးပါ။


          ပြုပြင်ထားသော အသားနှင့် အနီရောင်အသားက ကင်ဆာဖြစ်စေနိုင်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့ (The American Cancer Society) က ပြောပါတယ်။ တစ်ရက်မှာ hot dog လို ပြုပြင်ထားတဲ့အသား ၅၀ ဂရမ်လောက်စားလျှင် အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၁၈ %လောက် တိုးသွားတယ်ဆိုပါတယ်။ အသားတွေကို အပူချိန်ပြင်းပြင်းနှင့် အချိန်အကြာကြီးချက်တဲ့အခါ HCAs (heterocyclic amines) နှင့် PAHs (polycyclic aromatic hydrocarbons) လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းတွေထွက်လာတတ်ပါတယ်။ ချက်ပြုတ်နေစဉ် မီးခိုးနှင့် ထိတွေ့တဲ့အစားအစာတွေနှင့် တူးသွားတဲ့အစားအစာတွေမှာ ဒီဓာတ်နှစ်မျိုးပိုဖြစ်တယ်ဆိုပါတယ်။


          တိရစ္ဆာန်တွေကို စမ်းသပ်တဲ့ သုတေသနတွေမှာ HCAs များပြားစွာပါဝင်တဲ့ အစာတွေကို ကျွေးကြည့်တဲ့အခါ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အသည်းကင်ဆာတွေ ပိုဖြစ်တယ်ဆိုပါတယ်။


          ပြုပြင်ထားတဲ့ အသင့်စားအစာတွေကိုရှောင်သလို အကျက်လွန်တဲ့ အစားအစာတွေကိုလည်း ရှောင်ပါလို့ ကျန်းမာရေးပညာရှင်တွေ ပြောပါတယ်။ အစာမှာပါတဲ့ ဆိုးဆေးတွေနှင့် အူမကြီးကင်ဆာက အဆက်အစပ်ရှိပါတယ်။ ဒါကြောင့် ဆိုးဆေးပါသော အစားအစာတွေကိုလည်း ရှောင်ပါ။ သကြားအလွန်အကျွံစားခြင်းအားဖြင့် စာရေမျိုကင်ဆာ၊ အူကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာဖြစ်နိုင်ခြေတိုးလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သကြားအများကြီးစားခြင်းကိုလည်း သတိပြုပါ။

Credit : ဒေါက်တာ ဖြိုးမောင်မောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18