Print

သေရည်နှင့် မျက်စိ

  25-May-2020
Preview Image

          ကျွန်တော့ဆေးခန်းအတွင်းသို့ အသက်၄၀ ပတ်ဝန်းကျင်အရွယ်ခန့်ရှိသည့် အမျိုးသားနှစ်ယောက် ဝင်လာကြပါသည်။ သူတို့လက်ထဲတွင် ရောဂါမှတ်တမ်းရေးထားသည့် စာအုပ်လေးတစ်အုပ် ပါလာပါသည်။ မှတ်တမ်းစာအုပ်ထဲတွင် သမားတော်ကြီးတစ်ယောက်က ယခုလူနာအခြေအနေနှင့် ပတ်သက်ပြီး ရေးသားထားပါသည်။ စာယူလာသူ လူနာဟာ ပုံမှန်အရက်သေစာ သောက်သုံးသူဖြစ်ပြီး ယခုအခါ အရက်ကြောင့် အသည်းအနည်းငယ်ရောင်နေပြီဖြစ်ကြောင်း လောလောဆယ် မျက်စိမြင်နိုင်စွမ်းအား ကျဆင်းလာခဲ့သည့်အတွက် မျက်စိအမြင်အာရုံလွှာ Retina နှင့် အမြင်ဆိုင်ရာ အာရုံကြောမကြီး အခြေအနေ မည်သို့ရှိသည်ဆိုတာကို စစ်ဆေးရန် စေလွှတ်လိုက်ကြောင်း ဖော်ပြထားပါသည်။

 

         ကျွန်တော် သမားတော်ကြီး၏ စာကိုဖတ်ပြီး လူနာအမျိုးသားကို လူနာစမ်းသပ်သည့် ကုလားထိုင်မှာ ထိုင်ခိုင်းပါသည်။ ကျွန်တော်သိချင်သည့် အချက်အလက်တချို့ကို မေးသည်။

          “သားအသက် ဘယ်လောက်ရှိပြီလဲ”

          “၄၃ နှစ်”

          “အရက်စသောက်တာ ဘယ်အရွယ်လောက်က သောက်တာလဲ”

          “အသက် သုံးဆယ်လောက်ကစပြီး သောက်ပါတယ်”

          “ဒီလိုဆိုရင် အရက်သောက်တာ ၁၀ နှစ်ကျော်သွားပြီပေါ့”

          “ဟုတ်ပါတယ်”

          “ဘယ်လို အရက်မျိုးတွေသောက်လဲ”

          “အရက်စုံ သောက်ပါတယ်။ ငွေရေး ကြေးရေး အဆင်ပြေတဲ့အခါမှာ ဝီစကီသောက်ပြီး ငွေကြေးအဆင်မပြေတဲ့အခါမှာ အဖြူပဲ သောက်ပါတယ်”

          “ဝီစကီသောက်တဲ့ အကြိမ်နဲ့ နှိုင်းယှဉ်ရင် ဘယ်အရက်သောက်တာက ပိုများသလဲ”

          “အဖြူသောက်တဲ့ အကြိမ်က ပိုများပါတယ်”

          “ဟုတ်ပြီ၊ ဆရာ မျက်စိနဲ့ မြင်နိုင်စွမ်းအားကို အရင်စမ်းကြည့်မယ်။ မျက်စိတစ်ဘက်မှိတ်ပြီး နံရံမှာချိတ်ထားတဲ့ မီးလုံးပေါ်က စာလုံးတွေ ဖတ်ကြည့်ပါ”

          မျက်စိနှစ်ဖက်စလုံး အပေါ်ဆုံးက စာလုံးကြီး တစ်လုံးကိုသာ ဖတ်ပြနိုင်ပါသည်။

          ကျွန်တော်လူနာ၏ မျက်မှန်ပါဝါကို စမ်းသပ်ပါသည်။ လူနာ၏ မျက်စိအနေနှင့် အဝေးကြည့်အတွက် မျက်မှန်မလိုအပ်ပါဘူး။

          လူနာ၏ မျက်စိနှစ်ဖက်လုံးကို စစ်ဆေးကြည့်ရှုပါသည်။ မျက်စိနှစ်ဖက်လုံးအနေနှင့် မျက်စိရဲ့ ရှေ့ဘက်အစိတ်အပိုင်းတွေအားလုံး ကောင်းမွန်ပါသည်။


          ထို့နောက် သူငယ်အိမ်ကျယ်စေသည့် မျက်စဉ်းထည့်ပြီး မျက်စိ၏ အမြင်အာရုံခံလွှာ Retina နှင့် အမြင်ဆိုင်ရာ အာရုံကြောမကြီး Opticenve ကို စစ်ဆေးကြည့်ရှုပါသည်။ အမြင်အာရုံခံလွှာအနေနဲ့ အားလုံးကောင်းမွန်နေသော်လည်း အမြင်ဆိုင်ရာ အာရုံကြောမကြီးကတော့ ဖြူဖွေးနေသည်ကို တွေ့မြင်ရပါသည်။


          အမြင်ဆိုင်ရာ အာရုံကြောမကြီးအနေနဲ့ ပုံမှန်ရရှိမည့် အရောင်မရှိဘဲ ဖြူဖွေးနေခြင်းသည် အာရုံကြောမကြီး အားနည်းပြီး သိမ်သွားတတ်သည့်အတွက် ဖြစ်ပါသည်။ ဆေးပညာ အခေါ်အဝေါ်နှင့် Optic atrophy ဟု ခေါ်ပါသည်။


          အမြင်ဆိုင်ရာ အာရုံကြောမကြီး အားနည်းပြီး သိမ်သွားစေသည့် အကြောင်းရင်းများ အများအပြားရှိသည့်အနက် အရက်သေစာ သောက်စားမှုသည်လည်း အဓိကအကြောင်းရင်း တစ်ခုဖြစ်ပါသည်။


          မြန်မာလို အရက်လို့ခေါ်သည့် သေရည်သည် အင်္ဂလိပ်လို Alcohol ဟု ခေါ်သည့် ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါသည်။ အရက်ကို အယ်လ်ကိုဟောလ် Alcohol ဟု ယေဘုယျခေါ်တွင်သော်လည်း အမှန်တကယ် လူတို့သောက်သုံးနေသည့် အရက်သည် အီသိုင်းအယ်လ်ကိုဟော Ethyl Alcohol ဖြစ်ပါသည်။ မီသိုင်းအယ်လ်ကိုဟောလ် Mthyl Alcohol ခေါ်သည့် နောက်ထပ် အယ်လ်ကိုဟောလ်တစ်မျိုးလည်း ရှိပါသေးသည်။ မြန်မာလို အရက်ပြန်ဟု ခေါ်ပါသည်။


          အီသိုင်အယ်လ်ကိုဟောလ်ခေါ်သည့် အရက်သေစာ မူးယစ်လျှင် မျက်စိနှစ်လုံးသည် ပုံမှန်အနေအထားတွင်မရှိတော့ဘဲ ဘေးဘက်ကို အနည်းငယ်ကားထွက်လာပြီး အလိုင်မင့်အောက်သွားပါသည်။ ထို့ကြောင့် အရာဝတ္ထုတစ်ခုကို ကြည့်လျှင် ပုံရိပ်နှစ်ခု မြင်နေရတတ်ပါသည်။ အမူးပြေလျှင် ပုံမှန်အနေအထား ပြန်ဖြစ်သွားပါသည်။


          အရေးကြီးသည့်အချက်မှာ အရက်သေစာကို ကြာရှည်စွာ သောက်သုံးလာလျှင် အမြင်ဆိုင်ရာ အာရုံကြောမကြီး Optic Nerve ကို ထိခိုက်အားနည်းစေပြီး မျက်စိ၏မြင်အား လျော့နည်းလာတတ်ပါသည်။


          အရက်သေစာ အလျွန်အကျွံသောက်သုံးသူများသည် အစားအသောက်ပုံမှန်စားသောက်မှု နည်းသွားသည့်အတွက် အာဟာရချို့တဲ့ပြီး အမြင်ဆိုင်ရာ အာရုံကြောမကြီးကို ထိခိုက်သွားခြင်း ဖြစ်ပါသည်။


          မီသိုင်းအယ်လ်ကိုဟော (အရက်ပြန်) အနေနှင့် သောက်သုံးမိလျှင် အဆိပ်ဖြစ်ပြီး သေစေနိုင်ပါသည်။ အကယ်၍ အသက်မသေခဲ့ရင်တောင် မျက်စိလုံးဝ ကွယ်သွားနိုင်ပါသည်။ အရက်လွယ်လွယ်ကူကူမရသည့်နေရာ (ဥပမာ - အကျဉ်းထောင်) များတွင် အရက်အစား အရက်ပြန်ကို သောက်သုံးမိသဖြင့် သေဆုံးသူတွေ ရှိတတ်ပါသည်။

   

       အရက်ချက်တယ်ဆိုသည်မှာ ဓာတုဓာတ်ပေါင်း အမျိုးမျိုးထဲမှ အီသိုင်းအယ်လ်ကိုဟောလ် (အရက်) ကို ပေါင်းရည်ခံပြီး ခွဲထုတ်ယူခြင်းဖြစ်ပါသည်။ ခေတ်မီအဆင့်မြင့် နည်းပညာများနှင့် ချက်လုပ်သည့် အရက်စက်ရုံများအနေနှင့် အီသိုင်း အယ်လ်ကိုဟောလ် တစ်မျိုးတည်းရအောင် ပေါင်းတင်ထုတ်ယူ၍ ရပါသည်။ ခေတ်မီနည်းစနစ်များ မသုံးသည့် ကျေးလက်တောရွာများမှ အရက်ချက်ဖိုတွေအနေနှင့် အီသိုင်းအယ်လ်ကိုဟောလ်တစ်မျိုးတည်းကို ပေါင်းရည်ခံပြီး ခွဲထုတ်ယူ၍ မရနိုင်ပါ။ အီသိုင်းအယ်လ်ကိုဟောလ် နှင့်ရောလျက် ဓာတုတခြားဓာတ်ပေါင်းများ အနည်းအများ ရောနှော ပါဝင်နေတတ်ပါသည်။

  

        ထို့ကြောင့် တန်ဖိုးကြီးမားသည့် ခေတ်မီနည်းပညာများနှင့် ထုတ်လုပ်ထားတဲ့ အရက်အကောင်းစားများထက် တောအရက်များက အမြင်ဆိုင်ရာ အာရုံကြောမကြီးကို အားနည်းထိခိုက်စေပါသည်။


          အကောင်းစားအရက်ကို အာဟာရပြည့်ဝသည့် အစားအသောက်များနှင့် စားသောက်နေသူများထက် တောအရက်ကို ပဲလှော်လေးလောက်နှင့် မြည်းပြီးသောက်သည့်သူတွေက အမြင်ဆိုင်ရာ အာရုံကြောမကြီးကို ပိုမိုထိခိုက်ပျက်စီးစေပါသည်။

  

        အထက်က ဖော်ပြခဲ့သည့် ကျွန်တော်လူနာသည် အရက်သောက်သုံးသည့် အချိန်ကလည်း ကြာနေပြီး သူသောက်သည့်အချိန်ကလည်း ကြာနေပြီး သူသောက်သည့်အရက်ကလည်း အရက်အစုံသောက်ပါသည်။ ယခုဆိုရင် အသည်းထိနေပြီဖြစ်ပြီး  သိမ်သွားခြင်းသည်လည်း အရက်ကြောင့်ပဲ ဖြစ်နိုင်ပါသည်။

Credit: ဒေါက်တာမင်းသိမ်း

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18