Print

ရွှေမင်းသမီးလေးဖက်နာ

  11-May-2020
Preview Image

လေးဖက်နာတွေဟာ ဓာတ်ခွဲခန်းအဖြေ တစ်ခုတည်းနဲ့တင်ရောဂါသတ်မှတ်လို့ရတာ မဟုတ်ပါဘူး။ အေအက်စ်အိုများတဲ့သူတိုင်း ပိုးလေဖက်နာ မဖြစ်သလို ရူမက်တွိုက်ဖက်တာလို့ခေါ်တဲ့ သွေးလေးဖက်နာမရှိပါဘူး။ 


         လေးဖက်နာတွေမှာ အဓိကကျတာက ရောဂါ လက္ခဏာတွေပါ။ အဆစ်တွေ ရောင်တာ၊ အကွက်တွေပေါ်တာ၊ ဆီးတို့ နှလုံးတို့ ထိတာ ဒါတွေကို ကြည့်ရပါတယ်။ ရောဂါလက္ခဏာတွေ ပြည့်စုံနေရင် သွေးစစ်လို့မပေါ်ရင်တောင် သွေးထဲတွင် မပေါ်သော လေးဖက်နာ(Sero-negative Arthritis) လို့ ခေါ်ကြပြီး သွေးထဲမှာ တွေ့နေရင်တောင် ရောဂါလက္ခဏာ မရှိသလောက် ကိုက်ခဲရုံလောက်ဆို လေးဖက်နာ မရှိဘူးလို့ပဲ သတ်မှတ်ရပါတယ်။


       လေးဖက်နာဓာတ်တော့ တွေ့ထားတယ်။ လေးဖက်နာ ရောဂါတော့ မရှိဘူးပေါ့။ ဒါကဝမ်းသာဖို့တောင် ကောင်းပါသေးတယ်။ ဒါဆို ဘာလို့ ကိုက်ခဲနေတာလဲလို့လည်းမေးကြပါတယ်။ ဟိုကိုက်၊ ဒီကိုက်ကတော့ လူဖြစ်ရတဲ့ဒုက္ခပါပဲ။ ခန္ဓာကိုယ်ကြီးက အမြဲဖောက်ပြန်နေတော့ တရားထိုင်လို့ သေချာလိုက်မှတ်ကြည့်ရင် ဘယ်အချိန်မှ ကျန်းမာ ချမ်းသာ နေတဲ့အချိန်မရှိပါဘူး။ ဟိုနားက စစ်ခနဲ၊ ဒီနားက ရှိန်းခနဲ၊ ခဏနေ ကိုက်ခဲလာလို့ ရွှေ့ပေးရ ၊ ပြောင်းပေးရနဲ့ ဝေဒနာတွေက စက္ကန့်နဲ့အမျှရှိနေတာပါပဲ။ ရောဂါကြီးတစ်ခုရှိနေမှ ဝေဒနာရှိတာ မဟုတ်ပါဘူး။


       ဒါကြောင့်လည်း ဆရာဝန်တွေဆီမှာ အထူးသဖြင့် မိသားစုဆရာဝန်တွေဆီမှာ လာပြီး ကုသမှုခံတဲ့ ရောဂါတွေထဲမှာ ကိုက်တာ၊ ခဲတာ၊ ဇက်ကြောတက်တာ၊ ခါးတောင့်တာ စတဲ့ အရိုးအကြောအဆစ်ပြဿနာတွေက အများဆုံးဖြစ်နေတာပေါ့။


      ဒါပေမဲ့တကယ်ရောဂါဖြစ်နေပြီ။ ကုရင်ပျောက်နိုင်ရဲ့သားနဲ့ စစ်မကြည့်ဖြစ်ကြ၊ မကုဖြစ်ကြတဲ့ ရောဂါလည်း ရှိပါတယ်။ သူလည်း ကိုက်တာ၊ ခဲတာ၊ တစ်ကိုယ်လုံး နုံးနေ၊ ညောင်းနေတာပါပဲ။ သူ့နာမည်က “ရွှေမင်းသမီးရောဂါ”ပါ။ ဘာလို့ဒီရောဂါ ခေါ်ရလဲဆိုတော့ ပင်တိုင်စံ ရွှေမင်းသမီးလို့ပဲ နေမထိ၊ လေမထိ၊ လေအေးစက်အခန်းထဲမှာပဲ လိုက်ကာအလုံပိတ်နေပြီး တစ်နေကုန်တကုပ်ကုပ် အလုပ်လုပ်၊ စာဖတ်ကြရတဲ့သူတွေမှာ နေရောင်ခြည်နဲ့ ထိတွေ့မှ ရနိုင်တဲ့ ဗီတာမင်ဒီဓာတ်နည်းနေပြီး နောက်ဆက်တွဲ အနေနဲ့ အရိုးတွေ၊ ကြွက်သားတွေအားနည်းလာပြီး ကိုက်တာ၊ ခဲတာ၊ အားမရှိသလို ဖြစ်တာတွေ ခံစားကြရလို့ပါ။ ဗီတာမင်ဒီ စစ်ကြည့်ပြီး နည်းနေပြီဆိုရင် ဒီ-ခြောက်သောင်းအားကို တစ်ပတ်တစ်ခါ သောက်ရပါတယ်။


     ဒီနေရာမှာလည်း အလွန်အကျွံတွေ၊ တစ်ဖက်စွန်းတွေ ရှိတတ်တာမို့ ကိုယ့်ဘာသာကိုယ် ရမ်းမလုပ်ဖို့ သတိပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဗီတာမင်က တခြားဗီတာမင်တွေလိုမဟုတ်ဘဲ အဆီမှာ ပျော်တဲ့ ဗီတာမင်မို့ ပါ။ အားဆေးတွေမှာ ပါတဲ့ ဘီတို့၊ စီတို့ က ရေမှာ ပျော်တာဆိုတော့ များသွားရင် ဆီးထဲမှာ ပါသွားတာမို့ လူအတွက် အန္တရာယ် မရှိပါဘူး။  ဗီတာမင်ဒီနဲ့ အေကတော့ အဆီမှာ အောင်းနေတာမို့ ပိုစားမိရင် ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းစုမိလာပြီး အဆိပ်ဖြစ်တဲ့ အဆင့်အထိရောက်လာတတ်ပါတယ်။ တစ်ပတ်တစ်ခါ သောက်ရမယ့် ခြောက်သောင်းအားကို နေ့စဉ် နှစ်လ ဆက်သောက်မိရင်တောင် အဆိပ်ဖြစ်တဲ့အဆင့် ရောက်နိုင်တယ်လို့ သုတေသန လုပ်ထားတာတွေရှိတယ်။


     ပုံမှန်လူတွေအတွက် နေ့စဉ်လိုတာ ခြောက်ရာပါ။ ကိုယ်က လေးဖက်နာရှိတယ်။ စတီးရွှိုက်သောက်နေတယ်ဆိုရင်တော့ တစ်ထောင်လောက်ပါတဲ့ ဆေးကို သောက်ရပါတယ်။ ဆရာဝန်က သွေးစစ်ကြည့်ပြီး ဗီတာမင်ဒီနည်းနေတယ်၊ ရွှေမင်းသမီး လေးဖက်နာ ဖြစ်နေတယ်ဆိုရင်တော့ ခြောက်သောင်းအား။ ဒါပေမဲ့ နေ့စဉ်မဟုတ် တစ်ပတ်တစ်ခါပါ။ ဒါကြောင့် ကြော်ငြာ ကောင်းတိုင်း ဆိုရှယ်မီဒီယာမှာ ညွှန်းတာတွေ့တိုင်း ကိုယ့်ဘာသာကိုယ် လက်တည့်မစမ်းဖို့ လိုပါတယ်။


     ဗီတာမင်ဒီကို အားဆေးတွေကပဲ ရနိုင်မှာလား။ အစားအသောက်ကရော မရနိုင်ဘူးလားလို့မေးစရာ ရှိပါတယ်။ ရနိုင်ပါတယ်။ ခက်ပါတယ်။ နို့တစ်ခွက် သောက်ရင် ဗီတာမင်ဒီ ၁၀၀ ပဲပါပါတယ်။ နို့ခြောက်ခွက် တစ်နေ့တည်း သောက်ဖို့က ခက်ပါတယ်။ လက်မ နှစ်ချောင်းစာအရွယ် ငါးသေတ္တာတစ်တုံးမှာ ဗီတာမင်ဒီ ၁၀၀၊ ပုစွန်တစ်ကောင်မှာ ၁၀၀၊ ဈေးကြီးပါတယ်။ မှို၊ နာမည်ကြီး ဆယ်လ်မွန်ငါးပန်းရောင်လေး တစ်နေ့ နှစ်တုံးစားရင်တော့ လုံလောက်ပါတယ်။ မုတ်ကောင် တစ်နေ့ နှစ်ကောင်၊ ပုံမှန်စားနိုင်ဖို့ ခက်လို့ပါ။ တစ်ဖက်ကလည်း အရေပြား လေးဖက်နာတွေမှာ နေရောင်ကို ရှောင်ဖို့၊ နေပူထဲ သွားရင် ထီးဆောင်းဖို့ ၊ နေပူခံ မိတ်ကပ်လိမ်းဖို့တွေမှာတော့ သဘာဝနေရောင်ကရမယ့် ဗီတာမင်ဒီကလည်း မရပြန်နဲ့ အရိုးအကြောဆစ်ဌာနမှာ လာပြတဲ့ သူတွေ အကုန်လုံးကို ဗီတာမင်ဒီ စစ်ကြည့်လိုက်တော့ ၈၀ ရာနှုန်းလောက်မှာ ချို့တဲ့ နေတာတွေ့ရ၊ ဗီတာမင်ဒီ ဆေးညွှန်ပေးရဆိုတာ တွေ့နေရပါတယ်။


      ဒီနေရာမှာ နည်းနည်းရှုပ်တာက ဗီတာမင်ဒီမှာ ဒီ-သုံးနဲ့ ဒီ-နှစ်ဆိုပြီး နှစ်မျိုးရှိတာပါပဲ။ ဒီ-သုံးကကိုလီကယ်လ် ဆီဖရောလို့ခေါ်ပြီး လူမှာနဲ့ တိရစ္ဆာန်တွေမှာရှိပါတယ်။ ပင်လယ်ငါးတို့၊ သိုးရဲ့ဗိုက်သားအဆီတို့ကနေ ထုတ်ယူကြပါတယ်။ ဒီ-နှစ်က သစ်ပင်တွေမှာ တွေ့တာပါ။ အာဂိုကယ်လ်ဆီဖရောလို့ခေါ်ပါတယ်။ မှိုကနေ ထုတ်ပါတယ်။


      နှစ်မျိုးလုံးက လူမှာ အလုပ်လုပ်ပါတယ်ဆိုပေမဲ့ ဒီ-သုံးက ပိုသဘာဝကျ၊ ပိုပြီး အန္တရာယ်ကင်းတာမို့ ကိုလီကယ်လ်ဆီဖရောကိုလည်း သုံးဖို့ဆရာဝန်အများစုက တိုက်တွန်းပါတယ်။ စားသုံးကုန်အနေနဲ့ ကြောငြာရောင်းတဲ့ ဖြည့်စွက်စာတွေမှာ ဒီ-နှစ်တွေ ပါတတ်တာမို့ ဉာဏ်မျက်စိ ကောင်းကောင်းနဲ့ ရွှေးချယ်တတ်ဖို့ လိုပါလိမ့်မည်။


Credit

ပါမောက္ခဦးချစ်စိုး

အရိုးအကြောအဆစ်အထူးကုဆရာဝန်ကြီး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18