Print

ငါးဆယ်ကျော်ဂေါက်သီးနှင့် အဆစ်နာ

  20-Apr-2020
Preview Image

          ဂေါက်ကစားတဲ့အခါ အပြိုင်အဆိုင်ပေါတာ၊ လောင်းကြေးလေးမခံချင်အောင် ထပ်ကြတာ၊ အနည်းဆုံး တစ်ယောက်ထဲ ကစားရင်တောင် မနေ့ကထက် ရိုက်ချက်နည်းအောင် ကိုယ့်ကိုယ်ကိုယ်ပြိုင်ချင်တာဆိုတော့ ရိုက်ချက်နည်းအောင် ကိုယ့်ကိုယ်ကိုယ် ပြိုင်ချင်တာဆိုတော့ နောက်ဆုံအချက်မှာ အေးဆေးသက်သာသေချာအောင် ကျင်းစိမ်နိုင်ဖို့ ပထမတစ်ချက်နှစ်ချက်မှာ ဂေါက်သီးကို ဝေးသထက်ဝေးအောင်၊ ပြေးအောင် အားကုန်ထည့်ရိုက်တတ်ပါတယ်။ ရိုက်ချက်မှန်မှန်၊ ထိချက်မှန်မှန်နဲ့ ရိုက်ထုတ်လိုက်နိုင်ရင်တော့ ဂေါက်သီးဟာ တုတ်အရှိန်နဲ့ ပေါ့ပေါ့ပါးပါး လွင့်ပျံထွက်သွားတာဖြစ်ပေမယ့် ရိုက်ချက်စနစ်မကျလို့၊ ထိချက်နည်းနည်းလွဲပြီဆိုတာနဲ့ တုတ်အရှိန်ဟာ လက်ကိုပြန်ဆောင့်ပြီး ရိုက်တဲ့သူမှာ ဒဏ်ဖြစ်အောင် ဘောလုံးကလေးက လုပ်လာပါတော့တယ်။ ရိုက်ချက်ကတော်တော်လွဲလို့ ပထဝီမြေကြီးကို တုတ်နဲ့ဆော်မိပြီဆိုရင်တော့ ကမ္ဘာမြေကြီးက ချက်ချင်းဒဏ်ခတ်ပါတော့တယ်။ ခါးနာတာ၊ ပခုံးမျက်တာအပြင် တချို့စိတ်ကြီးလို့ အားအရမ်းထည့်ပြီးရိုက်မိတဲ့သူတွေဆို နံရိုးကျိုးတဲ့အထိ ဖြစ်တာကြုံရဖူးပါတယ်။


ဂေါက်သီးသမားတံတောင်

          လက်ဖျံက ကြွက်သားတွေနဲ့ တံတောင်ဆစ်အတွင်းဖက်အရိုးဖုတို့ဆက်တဲ့နေရာက နာတာပါ။ ဂေါက်သီးက တုတ်ကိုအပြင်ကအတွင်းကို ရိုက်ဆွဲပြီး ရိုက်ရတဲ့အတွက် တံတောင်ဆစ်ကို ကွေးတဲ့ဘက်က ကြွက်သားတွေကို ပိုအလုပ်လုပ်ရပြီး အရွတ်ဆက်တွေ ဒဏ်ဖြစ်လာရတာပါ။ တစ်ခါတစ်လေ ရိုက်ချက်မှားလို့ မြေကြီးပါ ကျုံးရိုက်မိတာတို့၊ အောက်မှာ သစ်မြစ်ခံနေတာကို မသိဘဲ မြက်ခင်းပေါ်ကို အားနဲ့ကော်တင်လိုက်တာမှာ ဂေါက်သီးအောက်က သစ်မြစ်နဲ့ တုတ်နဲ့ ရိုက်မိတာတို့ဆိုရင်တော့ အရွတ်ဆက်တွေ ဒဏ်ဖြစ်ရုံမက စုတ်ပြဲသွားတဲ့အထိလည်း ဖြစ်တတ်ပါတယ်။

          ရိုက်ချက်မှားလို့ ရုတ်တရက်နာလာတာဆိုရင်တော့ ရေခဲအိတ်ကပ်ပေးဖို့လိုပါတယ်။ ရာဘာအိတ်ပါးပါးထဲမှာ ရေခဲတုံးတွေထည့်ပြီး တံတောင်ဆစ်အတွင်းဖုပေါ်မှာ ၁၀ မိနစ်ကနေ မိနစ် ၂၀ လောက်အထိ တင်ထားတာ၊ ဒါမှမဟုတ် ကပ်ပြီး စည်းထားပေးနိုင်ပါတယ်။ နာသေးတယ်ဆိုရင်တော့ ၂ နာရီခြားပြီးရင် နောက်ထပ်မိနစ် ၂၀ ကပ်နိုင်ပါတယ်။ တစ်နေ့ကို အများဆုံး ၃ ကြိမ်နဲ့ ၂ ပတ်လုပ်ပေးလို့ ရပါတယ်။

          ၂ ပတ်ကျော်သွားပြီဆိုရင်တော့ အပူကပ်ပေးရပါတယ်။ ပရုပ်ဆီလေးလိမ်းပေးတာ လျှပ်စစ်နဲ့ အငွေ့ပေးတဲ့ အပူပေးစောင်လေးတွေသုံးတာလည်း ရပါတယ်။ သူလည်း တစ်ခါကပ် မိနစ် ၂၀ ပါ။ အပူမလောင်အောင်တော့ ၅ မိနစ်လောက်တစ်ခါ ခွာပြီးအရေပြားကို ကြည့်ဖို့လိုပါတယ်။


ခါးနာခြင်း

          ဂေါက်သမားတွေဟာ ကြာရင် ခါးရိုးကြီးပေါင်းဖြစ်လာတတ်ကြပါတယ်။ ခါးကိုများများလိမ်ပြီး ပြန်ဖြေရိုက်မှ တုတ်သွားလမ်းကြောင်းဟာ ရှည်ပြီး ဘောလုံးဝေးဝေးပြေးမယ်ဆိုတာ မှန်ပေမယ့် ကိုယ့်ကန့်သတ်ချက်ကို ကိုယ်သိဖို့ လိုပါတယ်။ တုတ်လွှဲလမ်းကြောင်း (ဆွင်း) တိုတာ ကိစ္စမရှိပေမယ့် ပြေးချင်ဇောနဲ့ ဆွင်းလွန်သွားရင် ခါးနာသွားတတ်ပါတယ်။ ကျီးပေါင်းလို့ခေါ်တဲ့ အရိုးအတက်လေးတွေ ပွတ်မိလို့ နာတာ၊ ခါးမျက်တက်ခေါ်တဲ့ ခါးရိုးတွေကို ထိန်းထားတဲ့ အရွတ်ဆက်ကလေးတွေ ဒဏ်ဖြစ်လို့ နာတာတွေက နားလိုက်လို့ သက်သာသွားတာများပေမယ့် ပီအိုင်ဒီ (PID) လို့ခေါ်တဲ့ ခါးရိုးနုကျွံထွက်သွားတာကြောင့် နာတာဆိုရင်တော့ အိပ်ရာပေါ်မှာ ပက်လက်အနေအထားနဲ့ ၂ ပတ်လောက်သေချာအနားယူဖို့လိုအပ်ရင် သံလိုက်ဓာတ်မှန်ရိုက်ကြည့်ပြီး ခွဲစိတ်မှုခံရတဲ့အထိ ဖြစ်နိုင်တာမို့ ခါးနာတာ ၂ ပတ်ကျော်လာရင် လမ်းလျှောက်ဖို့ ပုံစံမကျဘဲ ထော့နင်းဖြစ်လာရင် ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။


အရိုး၊ အကြော၊ အဆစ်ရောဂါနဲ့ ဂေါက်သီး

          အသက် ၅၀ ကျော်ပြီဆိုတာနဲ့ မနက်မိုးလင်းပြီဆိုရင် အောက်ပိုင်းဒူးဆစ်တွေဆီကလည်း ကရစ်၊ ကရစ်ပွတ်တိုက်သံတွေနဲ့ပေါ့။ နောက်လည်ပင်းတွေ၊ ပခုံးတွေကပါ လှည့်ရ၊ မြှောက်ရခက်လာပြီး တစ်ကိုယ်လုံးဟာ သံချေးတက်နေတဲ့ ပတ္တာတွေနဲ့ ဆက်ထားတဲ့ စက်ရုပ်လက်တံတွေလိုပဲ။ Psoriatic arthritis ခေါ် အဆစ်ရောင် အရေပြားနာ SLE လို့ခေါ်တဲ့ အရေပြားလေးဖက်နာ၊ ဂေါက်ရောဂါ (Gout) လို့ခေါ်တဲ့ ယူရစ်အက်ဆစ်များလို့ဖြစ်ရတဲ့ အဆစ်ရောင်ရောဂါ အမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ပြပြီး သင့်တော်တဲ့ကုသမှု ခံယူသင့်ပါတယ်။


သွေးပူလေ့ကျင့်ခန်း၊ သွေးအေးလေ့ကျင့်ခန်း အရေးကြီးပါတယ်

          သွေးပူလေ့ကင့်ခန်း၊ သွေးအေးလေ့ကျင့်ခန်းတွေဟာ မျှတတဲ့ အစားအသောက်လိုပဲ၊ အားကစားသမားအားလုံးနဲ့ သက်ဆိုင်တယ်ဆိုရပေမယ့် အရိုး၊ အကြော၊ အဆစ်ရောဂါသမားတွေအတွက်တော့ မလုပ်မဖြစ်အလွန်အရေးကြီးတာပါ။

          ပွဲမစခင်မှာ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံး၊ ခါးနဲ့ ဒူးတွေကို တဖြည်းဖြည်းလှုပ်ပေး၊ တုတ်အလေးချိန်မပါဘဲ တစ်ဆန့်လွှဲကြည့်၊ ပြီးမှ တုတ်တိုတိုနဲ့ ဆွင်းလို့ခေါ်တဲ့ ပုံမှန်လွှဲလမ်းကြောင်းအတိုင်း၊ တစ်ဝက်လွှဲကြည့်၊ လေးငါးခါပြီးမှ ဆွင်းအကြည့်အား မပါဘဲ လွှဲကြည့်၊ လေးငါးခါပြီးမှ ဆွင်းအပြည့်၊ အားအပြည့်လွှဲကြည့်စတဲ့ ၁၀ မိနစ်ခန့်အချိန်ပိုယူပြီး သွေးပူလုပ်လိုက်မယ်ဆိုရင် ကြွက်သားတွေ၊ အရွတ်တွေ သွေးမပူသေးခင်မှာ အရမ်းဆွဲလှည့်မိလို့ ခါးမျက်သွားတာတွေ၊ လွှဲလမ်းကြောင်း ပုံမှန်မလွှဲနိုင်သေးခင် အားထည့်မိလို့ မြေကြီးပေါ်ရိုက်မိပြီး တံတောင်ဆစ်နာသွားတာတွေကို ရှောင်နိုင်မှာပါ။

          နောက်ဆုံးကျင်းပြီးသွားရင်လည်း တုတ်တွေသိမ်ပြီးတဲ့အခါ လည်ပင်းစက်ဝိုင်းလှည့် ရှစ်ခါ၊ ပခုံးစက်ဝိုင်းလှည့်ရှစ်ခါ၊ လက်ကောက်ဝတ်၊ ခါး၊ ဒူး၊ ရှစ်ခါစီ စက်ဝိုင်းပုံလှည့်ပြီး ထုံးနေ၊ တင်းနေ၊ ဒဏ်ဖြစ်စပြုနေတဲ့အကြောတွေကို သွေးအေးလေ့ကျင့်ခန်းအဖြစ်ပြန်ဖြေပေးနိုင်ရင် မနက်ကျ လက်ပြင်ငုပ်နေတာ ဇက်ခိုင်နေတာစတဲ့ လက္ခဏာတွေကို ရှောင်နိုင်မှာပါ။


ဝိတ်ချတာကောင်းတယ်

          အရိုး၊ အကြော၊ အဆစ်ရောဂါလည်းရှိတယ်။ ဂေါက်သီးလည်း ကစားချင်တယ်ဆိုရင် ကိုယ်အလေးချိန်ကို ခါး ၃၆ အောက်ရောက်အောင်ချပါ။ ၁၀ ပေါင် လောက်ချနိုင်ရင်တော့ ဂေါက်ရိုက်လို့ဖြစ်ရတဲ့ နာကျင်ကိုက်ခဲမှုတွေကို တစ်ဝက်လောက် သက်သာသွားမယ်လို့ တွေ့ရှိထားကြပါတယ်။ ဂေါက်သီးဟာ ၅ နာရီလမ်းလျှောက်ရတဲ့ အားကစားနည်းဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။

Credit : ပါမောက္ခ ဦးချစ်စိုး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18