Print

အသည်းကင်ဆာ

  27-Jan-2020
Preview Image

         အသည်းဆိုတာ ခန္ဓာကိုယ်ထဲမှာ အကြီးဆုံးအင်္ဂါတစ်ခုဖြစ်ပြီး အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပါတယ်။ အသည်းကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အသည်းရောင်အသားဝါစီပိုး၊ အသည်းရောင်အသားဝါ ဘီပိုးနဲ့ ပုံမှန်ထက်အရက်သောက်များတာတို့ကြောင့် ဖြစ်စေပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ပေးတဲ့ အသည်းကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။


အသည်းရဲ့ လုပ်ငန်းဆောင်တာတွေ

          အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ထဲမှာ ပါဝင်တယ်။ ပင်မအလုပ်က စားလိုက်တဲ့အစာတွေကို ချေဖျက်ပြီး စွမ်းအင်အဖြစ် အသုံးချတဲ့နေရာမှာ အဓိကဆောင်ရွက်ပေးတယ်။ ပိုနေတဲ့စွမ်းအင်တွေကို သိမ်းဆည်းထားပေးပြီး လိုအပ်တဲ့အခါမှာ ပြန်ထုတ်လွှတ်ပေးတယ်။ နောက်အလုပ်တစ်ခုက သည်းခြေရည်ကို စစ်ထုတ်ပြီးတော့ စားသောက်လိုက်တဲ့ အဆီတွေကို ချေဖျက်ပေးတဲ့ ကိစ္စတွေကို ဆောင်ရွက်တယ်။ အရေးကြီးတဲ့ တာဝန်တစ်ခုကတော့ အရက်၊ ဆေးဝါးနဲ့ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရင် အသည်းက ချေဖျက်ပေးတယ်။ ခန္ဓာကိုယ်ထဲကနေ ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကိုလည်း ချေဖျက်ပေးပြီးတော့ ဆီးတွေ၊ ဝမ်းတွေကနေတစ်ဆင့် ပြင်ပကို စွန့်ထုတ်ပေးတယ်။ သွေးထွက်တဲ့အခါမှာ သွေးတိတ်အောင်လုပ်တဲ့ ပစ္စည်းတွေကို ထုတ်လွှတ်ပေးတယ်။ အချိုဓာတ်ထိန်းပေးတဲ့ ဟော်မုန်းလို ဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်ပေးတယ်။ ဒါတွေအားလုံးဟာ အသည်းကဆောင်ရွက်နေတဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေပဲ ဖြစ်ပါတယ်။


အသည်းကင်ဆာ စတင်ဖြစ်ပွားပုံ

          အသည်းထဲမှာရှိတဲ့ အသည်းဆဲလ်တွေ၊ သည်းခြေလမ်းကြောင်းမှာရှိတဲ့ ဆဲလ်တွေက ပုံမှန်ကွဲပြားပွားများတာကနေ အဆမတန်ပွားများလာတဲ့အခါ အသည်းကင်ဆာဆိုပြီး ဖြစ်လာတယ်။


အသည်းမှာဖြစ်တဲ့ ကင်ဆာဘယ်နှစ်မျိုးရှိသလဲ

          အကြမ်းဖျင်းအားဖြင့် နှစ်မျိုးခွဲခြားထားတယ်။ နံပါတ်တစ်က Primary Cancer လို့ခေါ်တဲ့ အသည်းမှာစဖြစ်တဲ့ ကင်ဆာ၊ နောက်တစ်ခုက Secondary Cancer လို့ ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာဖြစ်တဲ့ ကင်ဆာကနေ အသည်းကို ရောက်လာတာဆိုပြီး ရှိတယ်။ အဖြစ်အများဆုံးကတော့ အူမကြီးမှာဖြစ်တဲ့ ကင်ဆာက သွေးပြန်ကြောကနေတစ်ဆင့် အသည်းကိုရောက်လာပြီး အသည်းကင်ဆာဆိုပြီး ထပ်ဖြစ်တယ်။ အဲဒါကို Secondary Cancer လို့ခေါ်တယ်။ ကလေးတွေမှာ အဖြစ်များတဲ့ သန္ဓေသားလောင်းဘဝမှာ ပါလာတဲ့ ဆဲလ်မျိုးကနေဖြစ်တဲ့ကင်ဆာပေါ့။ အဲဒါကို (hepatocellular carcinoma) လို့ခေါ်တယ်။ အဲဒါကတော့ ၅ နှစ်အောက် ကလေးတွေမှာ ဖြစ်တာများတယ်။


အသည်းကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ

          ကမ္ဘာပေါ်မှာ အသည်းကင်ဆာဖြစ်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အရှေ့အာရှမှာရှိပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်။ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်။ အသက် ၆၀ နဲ့ ၇၀ ကျော်ပြီးတဲ့သူတွေမှာ အသည်းကင်ဆာပိုဖြစ်တယ်။ နောက်ပြီး အဝလွန်သူ BMI 30 ထက်ကျော်သူမှာ အသည်းကင်ဆာဖြစ်ပွားနှုန်းက ၅ ဆလောက်ပိုများတယ်။


အသည်းကင်ဆာ ဘာကြောင့်ဖြစ်ရသလဲ

          ကင်ဆာတိုင်းမှန်သမျှဟာ သူ့ရဲ့ မျိုးရိုးဗီဇပါလာမယ်၊ နောက်တစ်ခုက ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့လာတဲ့ အချက်အလက်တွေ ပူးပေါင်းမိတဲ့အခါမှာ ကင်ဆာဆိုပြီး ဖြစ်လာတယ်။ အဓိကအရေးကြီးဆုံးကတော့ အသည်းရောင်အသားဝါစီပိုး၊ အသည်းရောင်အသားဝါဘီပိုး၊ ပုံမှန်ထက်အရက်သောက်များတာ ဒီသုံးခုဟာ အသည်းကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဖြစ်ပြီးတော့ အချက်တွေကတော့ အာဖာတောက်ဆင်းလို့ခေါ်တဲ့ မှိုကနေထွက်တဲ့ ကာဆီနိုဂျင်ဆိုတဲ့ ဓာတ်က ကင်ဆာဖြစ်စေနိုင်တယ်။ အကြိမ်များများစားသုံးမိမယ်ဆိုရင် အသည်းကင်ဆာဖြစ်တယ်။ အထူးသဖြင့်တော့ ဘီပိုး၊ စီပိုး အခံရှိတဲ့သူတွေမှာ စားမိရင် အသည်းကင်ဆာ ပိုဖြစ်တာတွေ့ရတယ်။ ဆီးချိုရှိတဲ့သူတွေမှာလည်း ဖြစ်နိုင်ချေပိုများတာ တွေ့ရတယ်။ ဆီးချိုဖြစ်တဲ့သူတွေက အသည်းအဆီဖုံးတယ်။ အသည်းအဆီဖုံးတာကနေ နာတာရှည် အသည်းခြောက်ရောဂါဖြစ်ပြီးတော့ အသည်းကင်ဆာဖြစ်တတ်တယ်။


          ဆီးချိုရှိတဲ့သူက အဝလွန်တာနဲ့ တွဲတဲ့အတွက်ကြောင့် အသည်းကင်ဆာ ပိုအဖြစ်များတာကို တွေ့ရတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဓိကပင်မဖြစ်တဲ့ကင်ဆာက အဆုတ်ကင်ဆာပေါ့။ အသည်းရောဂါရှိတဲ့သူတွေ ဆေးလိပ်သောက်တဲ့အခါ အသည်းကင်ဆာ ဖြစ်နိုင်ခြေပိုများတာကို တွေ့ရတယ်။ အသည်းကင်ဆာမှာ အရက်သောက်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ အမျိုးသားနဲ့ အမျိုးသမီးယှဉ်ကြည့်ရင် အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။


          အသက်ကြီးလာတဲ့သူတိုင်းမှာ ကင်ဆာမှန်သမျှပိုဖြစ်တယ်။ ခန္ဓာကိုယ်မှာ အမြဲတမ်း ဆဲလ်တွေက ပွားနေတယ်၊ (ဒီအန်အို) ဆိုတဲ့ ဆဲလ်တွေကနေ ဆဲလ်အသစ်တွေကို ထုတ်ပေးနေတယ်။

          ဥပမာ သွေးကြောတွေဆိုရင် အသက် ၂၀ ကျော်ကနေ စပြီး ထိခိုက်လာတဲ့အခါမှာ အသက်ကြီးရင် သွေးကြောတွေအကုန်လုံးက သာမန်လူ ကြီးလာရင်တောင် တင်းလာတယ်။ ဒါက အသက်ကြီးတာရဲ့ နောက်ဆက်တွဲပြဿနာပေါ့။


          မှိုပါတဲ့အစားအသောက်ကို ဘယ်သူက စားပါ့မလဲဆိုပြီး ပြောမှာမဟုတ်ပေမယ့် မှိုတက်မှန်းမသိဘဲ စားမိတာတွေရှိပါတယ်။ စားမိနိုင်တာတွေကတော့ ပဲအမျိုးမျိုး၊ မြေပဲ၊ ဂျုံ၊ ပြောင်းဖူး၊ ဆန်၊ ငရုတ်သီးခြောက်တို့ဖြစ်ပါတယ်။ စိုထိုင်းတဲ့ရာသီဥတုမှာ မှိုလေးတွေကတက်တယ်။ အစိုဓာတ်ရှိတော့ ပိုပွားတယ်။ ငရုတ်သီးခြောက်တွေကို ဖွင့်လိုက်ပြီဆိုရင် အထဲမှာ မှိုလေးတွေကပ်နေတယ်။ ပြောင်းဖူးမှာလည်း ကြာရင်မှိုတွေကို တွေ့တတ်တယ်။ ဒီတိုင်းမြင်နေရင်တော့ မစားဖြစ်ပါဘူး လွှင့်ပစ်လိုက်မှာပေါ့။ ဒါပေမယ့် ငရုတ်သီးခြောက်ကို လှော်ပြီး ကြိတ်လိုက်မယ်ဆိုရင် အဲဒီအထဲမှာ မှိုကပါနေတယ် မျက်စိနဲ့တော့ မတွေ့ရတော့ဘူး၊ မြေပဲမှိုတက်တွေကို ကြိတ်လိုက်တယ်။ ပဲမှုန့်ဖြစ်သွားတယ်။ အဖြူမှုန့်လေးတွေ အရောင်လေးပါတူနေတယ်။ ကြိတ်လိုက်ရုံနဲ့ ဒီမှိုတွေက ကင်းစင်မသွားဘဲနဲ့ ပဲမှုန့်ထဲမှာ အသည်းကင်ဆာဖြစ်စေတဲ့ ဓာတ်တွေပါနေတယ်။


          အသည်းကင်ဆာက ကျန်တဲ့ကင်ဆာတွေလိုပဲ စပြီးဖြစ်ခါစမှာ ဘာလက္ခဏာမှ မရှိပါဘူး။ လက္ခဏာပြလာပြီဆိုရင်လည်း နောက်ကျနေပြီပေါ့နော်။ အစားအသောက်ပျက်မယ်၊ ပျို့မယ်၊ မျက်စိဝါမယ်၊ ပိန်သွားမယ်၊ ညာဘက်ဗိုက်က တင်းပြီးတော့ အောင်လာမယ်၊ ဗိုက်ကပူလာမယ် တင်းလာမယ်ဆိုရင်တော့ အထဲမှာ ရေတွေဘာတွေ စုနေလောက်တဲ့အဆင့် ရောက်သွားပြီပေါ့။


          အသည်းမှာ ကင်ဆာဖြစ်လာပြီဆိုရင် အဆင့်သတ်မှတ်တဲ့အခါ စစ်ဆေးမှုမှာ တွေ့ရတဲ့ ကင်ဆာရဲ့ အရွယ်အစားက ၂ စင်တီမီတာလား၊ ၅ စင်တီမီတာလား၊ ၅ စင်တီမီတာကျော်သလား ဆိုတဲ့အရွယ်အစားတွေရယ်၊ သွေးပြန်ကြောတို့ သွေးလွှတ်ကြောတို့ သည်းခြေလမ်းကြောင်းတို့နဲ့ကပ်ပြီး တည်ရှိနေလား၊ လွတ်လွတ်ကင်းကင်းရှိနေရဲ့လား။ ဘေးနားမှာရှိတဲ့ အကျိတ်တွေကို ပြန့်နှံ့နေပြီလားဆိုတဲ့ အချက်တွေနဲ့ အဆင့်သတ်မှတ်တယ်။ အာထရာဆောင်းမှာ ၁ စင်တီမီတာကနေ ၂ စင်တီမီတာဆိုရင်တော့ အလုံးအဖုလေးတွေကို စပြီးမြင်နေရပြီ။ အသည်းကင်ဆာမှာ သွေးထဲက Alphafetotoxin မြင့်တက်သလားဆိုတာကို စစ်ဆေးပေးပါတယ်။ အသည်းရောင်အသားဝါစီပိုးကြောင့် အသည်းမှာ ကျန်တဲ့အပိုင်းတွေ ကျုံ့ပြီးမကောင်းတော့ဘူး။ ကျန်းမာရေးအခြေအနေကောင်းမကောင်း၊ ကျန်တဲ့ရောဂါတွေနဲ့ ဆက်စပ်သလားဆိုတဲ့အပေါ်မှာ ကုသနည်းတွေကို အကြမ်းဖျင်းပြောမယ်ဆိုရင် ဒီအလုံးလေးက ၂ စင်တီမီတာထက်သေးမယ်ဆိုရင် စောင့်ကြည့်စစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးရမယ်။ ဒုတိယနည်းကတော့ ခွဲစိတ်ကုသတဲ့နည်းပါ။

  

        နောက်တစ်မျိုးကတော့ ကျန်တဲ့အသည်းတွေကပါ မကောင်းတော့ဘူး။ အသည်းကို လှူဒါန်းမယ့်သူရှိရင်တော့ အသည်းအစားထိုးကုသနည်းကို သုံးလို့ရပါတယ်။ နံပါတ်လေးအနေနဲ့ကတော့ ဖြစ်နေတဲ့ကင်ဆာဆဲလ်တွေကို သတ်တဲ့နည်းပါ။ အများစုအသုံးပြုတဲ့နည်းတွေကတော့ RFA (Radiofrequency ablation) လို့ခေါ်တဲ့ အရေပြားကနေ ကင်ဆာအလုံးရှိတဲ့ နေရာကို အပ်နဲ့ထိုးပြီး Radiation Wave တွေနဲ့ ဆဲလ်တွေကို သတ်တယ်။ တချို့က Ethnol reaction အရက်ကိုထိုးလိုက်တယ်၊ တချို့ကတော့ အပူနဲ့ပေးတယ်၊ Micro Wave ဆိုပြီးတော့ အပ်ထိပ်မှာ Sensor ထည့်ပြီးတော့ အပူနဲ့ပေးတယ်။ တချို့က သွေးကြောထဲကနေတစ်ဆင့် အေးခဲအောင် လုပ်ပြီးတော့ ကင်ဆာဆဲလ်တွေကို သတ်တဲ့နည်းတွေရှိတယ်။ အဲဒီထဲမှာ အသုံးအများဆုံးကတော့ RFA (Radio frequency ablation) ဆိုတဲ့နည်းကို အသုံးများတယ်။ နံပါတ်ငါးကတော့ Embolization လို့ ခေါ်တယ်။ ကင်ဆာဆဲလ်တွေက အရမ်းပွားလာတဲ့အခါမှာ လိုအပ်တဲ့အာဟာရတွေကို သွေးကြောတွေကနေ ယူရတယ်။ သွေးကြောတွေဆီက အာဟာရမရောက်အောင် ပိတ်ဆို့လိုက်မယ်ဆိုရင် ကင်ဆာဆဲလ်တွေက အာဟာရမရတဲ့အခါမှာ သေကုန်ကြတယ်။ ဒီ Embolization နည်းကလည်း အသုံးများတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ပြောလာတဲ့နည်းတွေနဲ့ အဆင်မပြေဘူးဆိုရင် နောက်နံပါတ်ခြောက်နည်းကတော့ Targeted Therapy လို့ခေါ်တဲ့ လိုအပ်တဲ့ နေရာကိုပဲ Sorafenib ဆိုတဲ့သောက်ဆေးကို ရောက်အောင်ပို့ပေးတဲ့ ကုသနည်းပါ။


Targeted Therapy ကိုသုံးပြီး ကုတဲ့ဆေးဝါးတွေက သွေးကြောထဲမှာ ဆဲလ်တွေကို ပိတ်ဆို့ဖျက်ဆီးပေးပြီး ကင်ဆာဆဲလ်တွေကို မပွားအောင် သေသွားအောင် လုပ်ပေးနိုင်တယ်။ နောက်တစ်ခုက ဓာတ်ရောင်ခြည်ကုသနည်း (Radiation Therapy)  ပါ။ အစပိုင်းတုန်းကတော့ ဓာတ်ရောင်ခြည်ပေးပြီး ကုသတာက အသည်းကင်ဆာမှာ သိပ်ပြီးမရှိဘူး။ ကျန်တဲ့ကုသနည်းတွေလုပ်ဖို့ အခက်အခဲရှိတဲ့အခါရယ်၊ ဓာတ်ရောင်ခြည်ပေးတဲ့စက်တွေ ပိုပြီးတိုးတက်လာတဲ့အခါ 3D နဲ့ လိုအပ်တဲ့နေရာလေးကိုပဲကွက်ပြီး high doses radiation သုံးပြီး ပြင်ပကနေ ဓာတ်ရောင်ခြည် (External radiation) ပေးတဲ့နည်းတွေနဲ့ တချို့တွေမှာ သုံးတာရှိမယ်။ Internal radiation ဆိုတာကတော့ သွေးကြောထဲကနေပဲဖြစ်စေ ကင်ဆာဖြစ်နေတဲ့နေရာပတ်ပတ်လည်ကို ဓာတ်ရောင်ခြည်ရောက်တဲ့နည်းနဲ့ ကုသတာတွေရှိတယ်။ ဒါတွေကတော့ ကုသလို့ရတဲ့နည်းတွေပေါ့။ ရှေ့မှာ ပြောခဲ့တဲ့ ကင်ဆာအဆင့်ရောက်ရှိမှုအနေအထား၊ လူနာရဲ့ ကျန်းမာရေးအခြေအနေ၊ အခံရောဂါရှိမရှိနဲ့ ကင်ဆာဆဲလ်မရှိနေတဲ့ ကျန်တဲ့အသည်းရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် မူတည်ပြီး အခုပြောခဲ့တဲ့ ကုသနည်းခုနစ်မျိုးထဲကနေ ရွေးချယ်ကုသပေးရတာ ဖြစ်ပါတယ်။


ကုသမယ်ဆိုရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါသလဲ

          အသည်းအစားထိုးကုသမယ်ဆိုလဲ အစားထိုးကုသပြီးတဲ့နောက်မှာ ခုခံအားခုနှိပ်ဆေးကို တိုက်ရတယ်။ မဟုတ်ရင် ခန္ဓာကိုယ်က အစားထိုးထားတဲ့အသည်းကို ပြန်တိုက်ထုတ်တဲ့အတွက် ခုခံအားခုနှိပ်ဆေးကို တိုက်ထားရတယ်။ ခုခံအားကို ခုနှိပ်ထားတဲ့အတွက် ပြင်ပကရောဂါတွေ ဝင်ရောက်နိုင်တယ်။ အစားထိုးထားတဲ့အသည်းပျက်စီးသွားတယ်။ ဒါမျိုးတွေ နောက်ဆက်တွဲတွေ့ရတယ်။ ကင်ဆာဆဲလ်သုတ်သင်တာနဲ့ Embolization ကတော့ နောက်ဆက်တွဲ ပြဿနာနည်းတယ်။ Sorafenib Therapy လို့ခေါ်တဲ့ သောက်ဆေးသောက်ရင်လည်း ခြေတွေ လက်တွေမှာ ဖုလေးတွေဖြစ်တယ်။ ပါးစပ်မှာ အနာဖြစ်တယ်။ သွေးယိုတတ်တယ်။


          လိင်ပိုင်းဆိုင်ရာထိခိုက်နိုင်တာကတော့ ဓာတ်ရောင်ခြည်ပေးတာတို့၊ အသည်းအစားထိုးတဲ့အခါမှာ ခုခံအားခုနှိမ်ဆေးဝါးတွေက မျိုးပွားအင်္ဂါနဲ့ ဆက်စပ်မှုရှိတယ်။ Targeted Therapy လို့ခေါ်တဲ့ Sorafenib ဆေးတွေ သောက်ရင်လည်း သားဆက်ခြားထားဖို့တော့ လိုမယ်။ လူငယ်လူရွယ်တွေမှာ အိမ်ထောင်သားမွေးအရွယ်တွေမှာ ဓာတ်ရောင်ခြည်ပေးကုသမှုလုပ်ရင် လိင်ပိုင်းမျိုးပွားဆိုင်ရာတွေ ထိခိုက်နိုင်တယ်။


          Complementary Therapies or Alternative Therapies ဆိုပြီး ခေါင်းစဉ်ခွဲပြီး ပြောထားတာရှိပါတယ်။ Complementary ဆိုတာကတော့ အင်္ဂလိပ်နည်းနဲ့ သောက်ဆေးပဲဖြစ်ဖြစ် ကုနေတဲ့သူတွေကို အားဆေးပေးတယ်။ သဘာဝကရတဲ့ ဆေးဘက်ဝင်တဲ့ (Herbal) အသည်းအားကောင်းစေတဲ့ သောက်ဆေးတွေ သောက်တာကိုခေါ်တယ်။ ပူးပေါင်းကုသတဲ့နည်းပေါ့။ ဒီနည်းကတော့ ခံစားရတာကို သက်သာစေတယ်ဆိုတာကို တွေ့ရှိထားတာမျိုးရှိတယ်။ Alter – native Therapies ကတော့ လုံးဝကြီး ပြောင်းတဲ့နည်းပါ။ ကုသမှုခံယူနိုင်တဲ့ ရောဂါအဆင့်သတ်မှတ်ချက်မရှိလို့ အပေါ်မှာ ပြောထားခဲ့တဲ့ ကုသနည်းတွေနဲ့ ကုသမှုမခံယူတော့ဘူး၊ ရောဂါကျွမ်းနေလို့ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ကုသမှုတွေအတွက် ကုန်ကျစရိတ်ကို မတတ်နိုင်တဲ့အခါမှာ Alternative လို့ ခေါ်တဲ့နည်းနဲ့ ကုသပါတယ်။


          ရှေ့မှာပြောခဲ့တဲ့ အသည်းကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းတွေကို ဖယ်ရှားပေးရမယ်။ အဲဒီမှာမှ မပြောင်းနိုင်သော ဖြစ်နိုင်ခြေအချက်များဆိုတာ ရှိတယ်။ ကိုယ်နေထိုင်ရာဒေသ၊ အာရှတိုက်သားဖြစ်နေတယ်၊ ပြုပြင်လို့မရဘူး။ အသက်ကြီးလေပိုဖြစ်လေ၊ အသက်ငယ်အောင်လုပ်လို့မရဘူး။ ယောကျ်ားတွေမှာ ပိုဖြစ်တယ်။ မိန်းမဖြစ်အောင်လုပ်လို့ ပိုမထူးခြားလာဘူး။ ဒါတွေကို မပြောင်းလဲနိုင်တဲ့အချက်တွေလို့ ခေါ်တယ်။ ဒါပေမယ့် ပြောင်းလဲနိုင်ခြေတွေကို လျှော့ချမယ်ဆိုရင် အသည်းကင်ဆာမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရမ်းအကျိုးရှိပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးပေါ့၊ ဘီပိုးက ကာကွယ်ဆေးရှိတဲ့အတွက် ဘီပိုးကို စစ်ဆေးပြီး ပိုးမရှိတဲ့သူတွေက ကာကွယ်ဆေးထိုးတာကြောင့် ဘီပိုးကြောင့်ဖြစ်တဲ့ ကင်ဆာမဖြစ်နိုင်ဘူး။ စီပိုးကတော့ ကိုယ့်မှာ မရှိရင် မကူးစက်အောင် ဂရုစိုက်ရမယ်။ သွေးနဲ့ သွေးထွက်ပစ္စည်းတွေ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ၊ လိင်ဆက်ဆံရာကတစ်ဆင့် မကူးစက်အောင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ်။ ကာကွယ်မှုလေးတွေလုပ်ထားရင် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ကူးစက်မှုကြောင့်ဖြစ်မယ့် အသည်းကင်ဆာတွေ မဖြစ်တော့ဘူး။ နောက်ပြီး အရက်အလွန်သောက်ခြင်းပေါ့။ တစ်နေ့ကို အရက် ၆ ပက်နဲ့အထက် သောက်သူတွေမှာ အသည်းကင်ဆာကိုတွေ့ရတယ်။


          အရက်ကို လျှော့သောက်ပါ။ ဆေးလိပ်လည်းပါတဲ့အတွက် ဆေးလိပ်ကိုဖြတ်ပါ။ ဆေးလိပ်က အသည်းကင်ဆာတစ်မျိုးတည်း မဟုတ်ဘူး။ ကျန်တဲ့ကင်ဆာ မျိုးစုံဖြစ်စေတဲ့အပြင် လေဖြတ်၊ နှလုံးသွေးကြောပိတ်၊ ခြေပုပ်၊ လက်ပုပ်စတဲ့ ရောဂါပေါင်းများစွာရှိတဲ့ အတွက်ပါ။ နောက်တစ်ခုက ဆာကေးလို့ခေါ်တဲ့ အကင်စာတွေကနေ Nitrosamine Componds တွေထွက်တယ်။ အဲဒီဓာတ်ကလည်း အသည်းကင်ဆာဖြစ်စေဖို့ကို အားပေးတယ်။ ဆိုးဆေးပါတဲ့ အစားအသောက်တွေကလည်း အသည်းကင်ဆာကိုအားပေးနိုင်တဲ့ အချက်ထဲမှာ ပါတဲ့အတွက် ဒီအချက်တွေကို ရှောင်ကြဉ်သင့်တယ်။


          ဝိတ်မတက်အောင်လုပ်ရမှာကတော့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ ထိန်းရမှာ ဖြစ်တယ်။ အစားအသောက်မှာ အဆီတွေ အချိုတွေ လုံးဝရှောင်ကြဉ်သင့်တယ်။ ဆန်နဲ့ ဂျုံကထွက်တဲ့ ပစ္စည်းတွေကို လျှော့စားရမယ်။ လတ်လတ်ဆတ်ဆတ်ကိုပဲ စားမယ်။ မှိုတက်နိုင်တဲ့အစားအသောက်တွေကို တတ်နိုင်သလောက်ရှောင်ရမယ်။ အရက်သောက်တဲ့သူတွေက မှိုပါနိုင်တဲ့အစားအစာတွေကို ပိုသတိထားပြီး စားပေးရမယ်။ အသီးအရွက်၊ အသီးအနှံနဲ့ ငါးကို ပိုစားပေးရမယ်။ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်ရင်တော့ တစ်နေ့ကို မိနစ်သုံးဆယ်၊ တစ်ပတ်မှာ ငါးရက်လောက် ကိုယ်လက်လှုပ်ရှား လုပ်မယ်ဆိုရင် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးလို့ရမယ်။ ဆီးချိုရောဂါနဲ့လည်း ဆက်စပ်မှုရှိတဲ့အတွက် ဆီးချိုရောဂါကိုလည်း စနစ်တကျ ထိန်းသိမ်းသင့်တယ်။ ဒီနည်းတွေကိုသာ ဆောင်ရွက်မယ်ဆိုရင် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးလို့ရမယ်။ ဆီးချိုရောဂါနဲ့လည်း ဆက်စပ်မှုရှိတဲ့အတွက် ဆီးချိုရောဂါကိုလည်း စနစ်တကျထိန်းသိမ်းသင့်တယ်။ ဒီနည်းတွေကိုသာ ဆောင်ရွက်မယ်ဆိုရင် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။


          အသည်းကင်ဆာက လုံးဝကို ကာကွယ်လို့ရတာဆိုတော့ ဘီပိုးကာကွယ်ဆေးထိုးထားရင် ဘီပိုးကြောင့်ဖြစ်မယ့် အသည်းကင်ဆာကို ကာကွယ်နိုင်မယ်။ ကျန်တာတွေကို ၁၀၀ ရာခိုင်နှုန်းမကာကွယ်နိုင်ပေမယ့် ဖြစ်နိုင်တဲ့အကြောင်းအရာတွေကို လျှော့ချမယ်ဆိုရင် အသည်းကင်ဆာဖြစ်ပွားမှုနှုန်းကို တော်တော်လေးကာကွယ်နိုင်တာကို တွေ့ရတယ်ဆိုတဲ့ အထောက်အထားတွေရှိတယ်။ အသည်းကင်ဆာ မဖြစ်အောင် ဆောင်ရန်ရှောင်ရန်အချက်တွေကို လူတိုင်းနားလည်ပြီးတော့ ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒါဟာ အသည်းကင်ဆာတစ်ခုတည်းအတွက်မဟုတ်ဘဲနဲ့ ကင်ဆာတော်တော်များများကော၊ မကူးစက်နိုင်တဲ့ ရောဂါတော်တော်များများကိုပါ ကာကွယ်တဲ့အတွက် အနှစ်ချုပ်ပြီး ပြောရမယ်ဆိုရင် နံပါတ်တစ် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ဖို့ လိုပါတယ်။ နံပါတ်နှစ် ကိုယ်လက်လှုပ်ရှား အနည်းနဲ့အများ လှုပ်ရှားမှုရှိပါ။ တတိယတစ်ခုအနေနဲ့ကတော့ စိတ်ဖိစီးမှုကိုလျှော့ချပြီး အကောင်းမြင်ဝါဒထားပြီးတော့ ပျော်ပျော်နေတတ်အောင် ကြိုးစားမယ်ဆိုရင်တော့ အသည်းကင်ဆာတင်မကဘူး၊ ကျန်တဲ့ကင်ဆာတွေ၊ မကူးစက်နိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်မယ်။ လူတိုင်း ဒီအချက်သုံးချက်ကို လိုက်နာဆောင်ရွက်သင့်တယ်လို့ အကြံပေးပြောကြားချင်ပါတယ်။


Credit : ဒေါက်တာ မိုးအောင်ကျော်နိုင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18