Print

သတိပြုရမည့် မကူးစက်တတ်သော ရောဂါများ

  26-Jan-2020
Preview Image

          ယနေ့အခါမှာဆိုရင် ကူးစက်ရောဂါသာမက မကူးစက်ရောဂါကိုပါ ဂရုတစိုက်ရှိဖို့ အရေးကြီးပါတယ်။  မကူးစက်ရောဂါဆိုတာ တစ်နည်းအားဖြင့် နာတာရှည်ရောဂါဖြစ်ပါတယ်။ ဒီရောဂါတွေဟာ မျိုးရိုးဗီဇကြောင့် ဇီဝကမ္မဖြစ်စဉ်များကြောင့်၊ ပတ်ဝန်းကျင်အခြေအနေများကြောင့်နှင့် စားသောက်နေထိုင်မှုပုံစံ၊ အပြုအမူတွေကြောင့် ဖြစ်ရတာဖြစ်ပါတယ်။


          မကူးစက်ရောဂါတွေကို အဓိကအားဖြင့် ခွဲခြားကြည့်မယ်ဆိုရင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ (ဥပမာ - နှလုံး သွေးကြောကျဉ်းခြင်း) ကင်ဆာရောဂါများ၊ နာတာရှည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆီးချိုသွေးချိုရောဂါစတာတွေ ဖြစ်ပါတယ်။ အခြား မကူးစက်ရောဂါတွေလည်း ဖြစ်ပွားတာရှိပေမယ့် အထက်ပါရောဂါအမျိုးအစားတွေက ဖြစ်ပွားနှုန်းများသလို သေဆုံးနှုန်းလည်း များတာကို တွေ့ရှိရပါတယ်။


ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်သလဲ

          ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများ၊ အရက်နှင့်ဆေးလိပ်၊ ဆေးရွက်ကြီး အလွန်အကျွံ သောက်သုံးသူများ၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ ( ဥပမာ - အသင့်စားအစားအစာများ၊ အဆီအဆိမ့်၊ အချိုအငန်များလွန်းသော အစားအစာများကို အလွန်အကြူးစားသုံးသူများသည် မကူးစက်ရောဂါများ ဖြစ်နိုင်ခြေများပါတယ်။

          ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ ဆေးလိပ်နှင့် အရက်သောက်တာ၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးတာ စတာတွေဟာ ကျွန်တော်တို့ ပြုပြင်လို့ရတဲ့ စားသောက်နေထိုင်မှု အပြုအမူတွေပါပဲ။ နောက်ထပ် အန္တရာယ်ရှိတဲ့အခြေအနေတွေက သွေးတိုးတာ၊ အဝလွန်တာ၊ သွေးချိုဓာတ်များတာ၊ သွေးထဲမှာ မကောင်းတဲ့အဆီတွေများတာတွေ ဖြစ်ပါတယ်။

          ဒီအခြေအနေတွေက မကူးစက်ရောဂါဖြစ်ပွားဖို့ အခွင့်အလမ်းများသလို အဆိုပါရောဂါများကြောင့် သေဆုံးမှုလည်း များပါတယ်။


ဘယ်လိုကုသရမလဲ

          အကယ်၍ မိသားစု၊ ဆွေမျိုးတွေထဲမှာ အထက်ပါ မကူးစက်ရောဂါဖြစ်ပွားသော ရာဇဝင်ရှိသလားဆိုတာ သိဖို့လိုပါတယ်။ မိသားစုဝင်များမှာ ရောဂါရာဇဝင်များရှိခဲ့ရင် မိမိအနေဖြင့် ပိုပြီး ဂရုစိုက်ဆင်ခြင်ရပါမယ်။

          ကိုယ်အလေးချိန်များလာသလား။

          ကိုယ်လက်လှုပ်ရှားမှုနည်းနေသလား။

          အဆီအဆိမ့်၊ အငန်တွေ အလွန်အကျွံစားတတ်သလား။

          အရက်၊ ဆေးလိပ်အလွန်အကျွံသုံးစွဲနေပြီလား။

          အဆိုပါ အန္တရာယ်ရှိနိုင်သည့် အခြေအနေများရှိနေပြီဆိုရင် မိသားစုဆရာဝန်၊ ပြနေကျဆရာဝန်တို့နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ အကယ်၍ သွေးတိုး၊ ဆီးချိုဖြစ်နေပြီဆိုရင် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးကုသမှု ခံယူရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုမူ၊ နေထိုင်၊ ဆေးကုသမှု သေချာခံယူမှသာ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း စတာတွေ မဖြစ်အောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။


ဘယ်လိုကာကွယ်မလဲ

          မကူးစက်ရောဂါများ မဖြစ်ပွားရအောင်၊ ဖြစ်ပွားနေရင်လည်း နောက်ဆက်တွဲရောဂါဆိုးတွေ မခံစားရအောင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံ၊ အပြုအမူတွေ ပြင်ရပါမယ်။ အဆီအဆိမ့်၊ အချိုအငန် ပါသောအစားအစာများကို အလွန်အကြူးမစားဖို့ လိုပါတယ်။ ဆေးလိပ်နှင့် အရက်ကို အလွန်အကျွံမသောက်ဖို့ အရေးကြီးပါတယ်။ နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပေးပါ။ လှုပ်ရှားမှုနည်းသော အပြုအမူများ ရှောင်ပါ။ စိတ်ဖိစီးမှု လျှော့ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကျန်းမာရေးနှင့် ညီညွတ်သော၊ အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်ပေးပါ။


Credit: ဒေါက်တာ ကျော်စွာဦး

 

         



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18