Print

အရိုးပါ၊အရိုးကျိုးခြင်းဆိုင်ရာ သိသင့်သည်များ

  17-Dec-2019
Preview Image

၁။ အရိုးကျိုးတယ်၊ အရိုးပွတယ်ဆိုတာက အရိုးဆရာဝန်တွေနဲ့သာ သက်ဆိုင်တယ်လို့ အများစုကသိထားကြပါတယ်။ တကယ်တမ်းကတော့ အရိုးပွ၊ အရိုးကျိုးရောဂါဆိုတာ တခြားအထွေထွေရောဂါတွေနဲ့လည်း ဆက်စပ်နေပြီး အထူးသဖြင့် ဆီးချိုနဲ့ ဟော်မုန်းရောဂါဖြစ်တဲ့သူတွေမှာ အဖြစ်များတယ်လို့ သိရပါတယ်။ ပြီးတော့ အရိုးပွရောဂါ ဖြစ်တာကနေ အရိုးသိပ်သည်းဆတွေကို ထိန်းသိမ်းပေးတဲ့ဟော်မုန်းဓာတ်တွေ ချို့တဲ့တာကြောင့် အရိုးပါး၊ အရိုးကျိုးတာတွေ ဖြစ်ရတယ်လို့ သိရပါတယ်။ ဟော်မုန်းဓာတ်ချို့တဲ့တာနဲ့ စပ်ဆက်နေတဲ့ အရိုးပါး၊ အရိုးကျိုးခြင်းရောဂါအကြောင်းကို အောက်တိုဘာ ၂၀ ရက်က သူနာပြုတက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ ကမ္ဘာ့အရိုးပါးရောဂါကာကွယ်ရေးနေ့အထိန်းအမှတ် ဟောပြောပွဲမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (ဆီးချို နှင့် ဟော်မုန်းရောဂါ အထူးကုဌာန) ပါမောက္ခဒေါက်တာ မိုးဝင့်အောင်၏အရိုးပါး အရိုးကျိုးခြင်း သိကောင်းစရာခေါင်းစဉ်နဲ့ ပြောဟောမှုများကို ပြန်လည်ရေးသားဖော်ပြလိုက်ရပါတယ်။


၂။ အရိုးပွ၊ အရိုးကျိုးမှု အဖြစ်များတဲ့ အသက်အရွယ် အရိုးပါးရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ အသက် ၅၀ အထက် အမျိုးသမီးတွေမှာ သုံးဦးမှာ တစ်ဦး၊ အမျိုးသားတွေဆိုရင် ငါးဦးမှာ တစ်ဦးက အရိုးပွရောဂါကို ခံစားနေရတယ်။ ဒါကြောင့် အသက် ၆၀၊ ၇၀ လောက်ဖြစ်မှ အရိုးပွရောဂါစတင်ဖြစ်ပွားနေတာ မဟုတ်ဘူး။ အသက် ၅၀ ကျော် အထက်မှာကတည်းက ကိုယ့်ရဲ့အရိုးကျန်းမာရေးက သန်စွမ်းမှုရှိအောင် နားနေလား ပွနေလား ဒါတွေသိဖို့အတွက် စမ်းသပ်ဖို့ လိုပါတယ်။


၃။ အရိုးပွရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ။

          အရိုးပွရောဂါဆိုတာ Silent Disease ဖြစ်နေတဲ့အတွက် ကိုယ်ခန္ဓာမှာ ကိုယ့်ရဲ့အရိုးကျန်းမာကြံ့ခိုင်မှု အဆင့်ဟာ ဘယ်လောက်ရှိမှန်းမသိလိုက်တဲ့အတွက် အဲဒီအခါမှာ ရုတ်တရက် ချော်လဲကျတာ၊ လက်ထောက်မိလိုက်တာကြောင့် အရိုးတွေက ပွနေရင် ဆတ်ခနဲ ကျိုးသွားတဲ့အတွက် လက်ကောက်ဝတ်ကျိုးတာ၊ လက်ဖျံရိုးကျိုးတာမျိုးတွေ ဖြစ်တတ်တယ်။


၄။ နောက်ဆက်တွဲဆိုးကျိုး

          အထူးသဖြင့် ပေါင်ရိုးကျိုးရောဂါဖြစ်တဲ့သူတွေမှာ သက်တမ်းအားဖြင့် ထိခုက်မှုရှိနိုင်ပါတယ်။ ပေါင်ရိုးကျိုးတာကြောင့် အိပ်ရာထဲမှာ လှဲနေရပြီး ကြာလာတဲ့အခါ ပြင်ပက ရောဂါဝင်တာတွေ ဖြစ်တယ်။ ဥပမာ - ဆီးပိုးဝင်တဲ့ ရောဂါ၊ အစားအသောက်တွေမဆင်ခြင်တဲ့အခါ နမိုးနီးယားဖြစ်လာတယ်။ အိပ်ာထဲလှဲနေရတဲ့အတွက် တင်ပါးမှာ အနာတွေ ပေါက်လာတယ်။ အဲဒီကနေ ရောဂါတွေပိုဆိုးပြီး သူတို့ရဲ့ သက်တမ်းတွေက ပုံမမှန်တာတွေဖြစ်တယ်။


၅။ အရိုးပွ အရိုးကျိုးတာကို ကာကွယ်လို့ ရ၊ မရ

          အချိန်မလုပ်ဆောင်မယ်ဆိုရင် အရိုးမကျိုးအောင် လုပ်ဆောင်နိုင်ပါတယ်။ အရိုးကျန်းမာပြီး အရိုးကျိုးခြင်းကင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိကအချက်ငါးချက်ရှိပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရမယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် အရိုးသန်မာမယ်။ အရိုးကိုတည်ဆောက်ထိန်းသိမ်းထားတဲ့ ဘေးနားကကြွက်သားတွေသန်မာမယ်။ ဒါဆိုရင် ကိုယ်ဟန်အနေအထားတွေကို ထိန်းနိုင်ပြီးတော့ အလွယ်တကူ ချော်လဲကျတာတွေမဖြစ်ဘူး။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်တာက အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်းကလည်း အရိုးပျက်စီးမှုကို ပိုပြီး ဖြစ်စေတယ်။ နောက်ပြီး အလေးမတာလို ကြွက်သားအားကောင်းအောင်လုပ်တဲ့ လေ့ကျင့်ခန်းမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။

          အရိုးတွေ သန်စွမ်းအားပြည့်ဖို့အတွက် မှန်ကန်တဲ့ အရိုးအားဖြည့်အစားအစာတွေ စားသုံးပေးရပါမယ်။ ကယ်လ်စီယမ်၊ ဗီတာမင်ဒီ၊ ပရိုတင်းစတဲ့ ဓာတ်တွေပါအောင်ပုံမှန်စားပေးတာကြောင့် ကိုယ်ခန္ဓာမှာရှိတဲ့ အရိုးကို ကျန်းမာသန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ဗီတာမင်ဒီ ချို့တဲ့တာပါ။ ခန္ဓာကိုယ်ထဲမှာ အရိုးရဲ့သိပ်သည်းဆကို တည်ဆောက်ပေးတဲ့ ကယ်လ်စီယမ်တွေရှိပါတယ်။ ဒီကယ်လ်စီယမ်တွေကို စုပ်ယူနိုင်ဖို့အတွက် ကိုယ်ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဒီ အပြည့်အဝရှိဖို့ လိုတယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ရောဂါက ဗီတာမင်ဒီ ချို့တဲ့တဲ့ရောဂါပါ။ ဗီတာမင်ဒီချို့တဲ့တယ်ဆိုရင် အရင်ဆုံးနုံးချည့်မယ်၊ ကြွက်သားအားနည်းမယ်၊ ကြွက်သားနာမယ်၊ ဒါတွေဖြစ်နိုင်တယ်။ တစ်ဖက်ကလည်း အရိုးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် အရိုးပွ အရိုးကျိုးတာတွေပိုပြီး ဖြစ်နိုင်တယ်။

          နောက်တစ်ခုကတော့ အရိုးကျန်းမာခြင်းကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှောင်ရပါမယ်။ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းရမယ်။(အဝလွန်တာ၊ အလွန်ပိန်လှီတာ) မှန်ကန်တဲ့ ခန္ဓာကိုယ်အလေးချိန်ဖြစ်အောင် ထိန်းသိမ်းရမယ်။ ထိန်းသိမ်းတဲ့နေရာမှာ အလေးချိန် ဘယ်လောက်ဆို မှန်ကန်တာလဲဆိုတာကို သိရမယ်။ ကိုယ်ခန္ဓာအလေးချိန်ကို တွက်တဲ့အခါ အရပ်အချိုးအစားနဲ့ ခန္ဓာကိုယ်အလေးချိန်ကို တွက်ပြီး ဖော်ပြထားတဲ့ အလေးချိန်ညွှန်းကိန်းဆိုတဲ့ (BMI) ဆိုတာရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အလေးချိန် ကီလိုဂရမ်ပေါ်မူတည်ပြီး အရပ်အမြင့်မီတာကို Square တင်ပြီး BMI ညွှန်းကိန်းနဲ့ မှန်ကန်တဲ့ အလေးချိန်ရှိလားဆိုတာကို တွက်တယ်။ BMI 19 ထက်နည်းရင် ကိုယ်အလေးချိန်ကျခြင်းလို့ သတ်မှတ်တယ်။ BMI 25 ထက်များတဲ့သူတွေကို ဝတယ်လို့ သတ်မှတ်ပြီး BMI 30 အထက်ရှိတဲ့သူတွေကို အဝလွန်တဲ့ သူတွေလို့ သတ်မှတ်ပါတယ်။ ကိုယ်အလေးချိန်ညီမျှမှုက မှန်ကန်တဲ့ အစားအသောက်စားသုံးခြင်းဖြစ်တယ်။ အာဟာရချို့တဲ့ခြင်းဟာ အရိုးပွတာကို ပိုမိုဖြစ်စေဖို့ အားပေးတဲ့အတွက် အာဟာရမှန်ကန်အောင် စားသုံးဖို့ လိုပါတယ်။

          အရေးကြီးဆုံးကတော့ ကိုယ့်မှာအရိုးပွနိုင်ခြေရှိမရှိကို သိထားရတယ်။ ပထမတစ်ခါ အရိုးကျိုးဖူးရင် နောက်တစ်ကြိမ်ထပ်ပြီး အရိုးကျိုးနိုင်တယ်။ ပြီးတော့ ရောဂါတစ်ခုခုကြောင့် သောက်သုံးနေရတဲ့ ဆေးတွေက အရိုးပါတာ၊ အရိုးကျိုးတာတွေ ဖြစ်ဖို့ အားပေးနေသလားဆိုတာကို သိအောင်ရှာဖွေဖို့ လိုပါတယ်။ လိုအပ်ရင် စစ်ဆေးရမယ်။ ကုသမှုကို ခံယူရမယ်။ ဒါမှသာ အရိုးမကျိုးအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အသက်ကြီးတဲ့အခါ ကိုယ်ခန္ဓာရဲ့ ဟန်ချက်ကို မထိန်းနိုင်တဲ့အတွက်ကြောင့် ချော်လဲနိုင်တဲ့နှုန်းပိုများလို့ ပေါင်ကျိုးတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက် ၆၀ နဲ့အထက် လူတွေမှာ မျက်စိမှုန်လို့သော်လည်းကောင်း၊ ကိုယ်ခန္ဓာဟန်ချက်မထိန်းနိုင်တာကြောင့်ပဲဖြစ်ဖြစ် အာရုံကြောနဲ့ ကြွက်သားတွေအားနည်းတယ်။ နောက်တစ်ခုက အိပ်ဆေးတွေအလွန်အကျွံသောက်သုံးရတဲ့ သူတွေမှာ ညဘက် ရုတ်တရက် အိမ်သာသွားတဲ့အခါ မူးပြီးလဲတာကြောင့် အရိုးကျိုးနှုန်းတွေ ပိုများတယ်။


၆။ ဘယ်နေရာမှာ စစ်ဆေးမှုပြုလုပ်လို့ ရနေပြီလဲ။

          အရင်ကတော့ ကျိုးပြီးမှ ဆရာဝန်ရောက်တာဆိုတော့ အရိုးကျိုးတာကို ကြည့်ပြီးမှသာ ဆရာဝန်က ကုသမှုပေးရတာ၊ ခုနတုန်းက ပြောခဲ့တဲ့ လုပ်လို့ရနိုင်တဲ့ အရာတွေကိုလုပ်ပါ။ စစ်ဆေးကြည့်လိုက်လို့ ဖြစ်နိုင်ခြေရှိတယ်ဆိုရင်လည်း စောစောစီးစီး ကာကွယ်လို့ရတာကို ကာကွယ်ပါ။ ကုသသင့်တာ ကုသပါ။ အပြည်ပြည်ဆိုင်ရာ အရိုးပွရောဂါအောက်ပရေးရှင်းရဲ့ တစ်မိနစ်ပဲကြာမယ့် အရိုးပွနိုင်ခြေနှုန်းမေးခွန်း ၁၉ ခုရှိပါတယ်။ ဖြေကြည့်လိုက်လို့ နှစ်ခု သုံးခု အထက်ရှိတဲ့သူတွေဟာ ကိုယ့်မှာ အရိုးပွနိုင်ခြေရှိတယ်ဆိုတာကို သတိထားလို့ရသွားမယ်။ အဲဒီအခါကျမှ ဆရာဝန်နဲ့တိုင်ပင်ပြီး ဘယ်လိုအမျိုးအစားကို စမ်းသပ်စစ်ဆေးရမှာလဲဆိုတာကို လုပ်ရမယ်။ ပွနေတဲ့အဆက်လား၊ ပါးနေတာလား၊ ဆေးသောက်ဖို့လိုသလားဆိုတာကို သိမှသာ မှန်ကန်တဲ့ ကုသမှုကို ရရှိမှာဖြစ်ပါတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဖြည့်စွက်အစာတွေ၊ လေ့ကျင့်ခန်းတွေ သောက်ဆေးတွေ၊ ရက်ချိန်းတွေ ဒါတွေကို ပြန်ပြီး ကြည့်ရမယ်။ အရိုးပွဆေးသောက်တယ်ဆိုပြီး သောက်ပြီးနေပြီးသားသူတွေလည်း ရှိမယ်။ သောက်သာသောက်တယ်မမှန်ဘူး။ ရပ်လိုက်တယ်ဆိုရင်လည်း မကောင်းဘူး။ ဒါကြောင့် မှန်ကန်တဲ့ ကုသမှုခံယူဖို့ လိုတယ်။ မှန်ကန်တဲ့ ကုသမှုတွေရရှိအောင် စစ်ဆေးမှု၊ စမ်းသပ်မှု၊ ပညာပေးမှုတွေကို ပြုလုပ်ရမယ်။


အကြံပြုချက်

          အရိုးလည်း မကျိုးသေးဘူး၊ အရိုးလည်းမပွသေးဘူး။ ဗီတာမင်ဒီလည်း မနည်းသေးဘူးဆိုရင်တော့ လူတိုင်းမှာ တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏ ၈၀၀ကနေ ၁၂၀၀ကြား ရှိပါတယ်။ ဗီတာမင်ဒီ ၄၀၀ နဲ့ ၈၀၀ ဟာ ကိုယ်ခန္ဓာရဲ့ အရိုး ကျန်းမာသန်စွမ်းဖို့ လိုပါတယ်။ အရိုးပွပွ မပွပွ ဗီတာမင်ဒီ ဒီလောက်ပမာဏရရှိအောင် လိုအပ်တဲ့ဖြည့်စွက်စာတွေ၊ ဖြည့်စွက်ဆေးတွေကို သောက်သုံးသင့်တယ်။

Credit : ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18