Print

ဆီးချိုသွေးချိုရောဂါနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်း

  13-Dec-2019
Preview Image

          ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားလာရခြင်း၏ အကြောင်းအရင်းများတွင် ကိုယ်ကာယလှုပ်ရားမှု နည်းပါးခြင်းသည်လည်း အဓိကအကြောင်းအရင်းတစ်ခုအနေဖြင့် ယူဆကြပါသည်။ အစားအသောက်ပုံစံများသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ ကိုယ်ကာယလှုပ်ရှားမှု နည်းပါးခြင်းများကြောင့် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် ပိုနေသူများနှင့် အဝလွန်ကဲသူများ များပြားလာပါသည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အမျိုးအစား () ဆီးချိုသွေးချိုရောဂါများ ပိုမိုများပြားလာရပါသည်။


          ဆီးချိုသွေးချိုရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်း ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်နိုင်ရန် အောက်ပါအချက်များကို ပညာရှင်များက အကြံပြုထားပါသည်။


ကိုယ်ကာယလှုပ်ရှားမှု၏ အကျိုးကျေးဇူးများ

          ကိုယ်ကာယလှုပ်ရှားမှုလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းအားဖြင့်

-       သွေးချိုဓာတ်ထိန်းသိမ်းမှုကို ပိုမိုကောင်းမွန်စေနိုင်သည်။

-       ကိုယ်အလေးချိန် အဝမလွန်အောင် ထိန်းသိမ်းမှုကိုလည်း အထောက်အကူဖြစ်စေနိုင်သည်။

-       နှလုံးသွေးကြောများ ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်စေနိုင်သည်။


ကိုယ်ကာယလှုပ်ရှားမှု ပြုလုပ်ရန် အကြံပြုချက်များ

၁။ အသက် (၁၈) နှစ်အထက်ရှိသူ အရွယ်ရောက်ပြီးသူတိုင်း တစ်ပတ်လျှင် မိနစ် (၁၅၀) အနည်းဆုံး (တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀)၊ တစ်ပတ်လျှင် ၅ ရက်နှုန်းဖြင့်) ပြင်းထန်မှုအသင့်အတင့်ရှိသော လေ့ကျင့်ခန်း တစ်မျိုးမျိုးကို ပြုလုပ်သင့်သည်။

ဥပမာ - လမ်းမြန်မြန်လျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း

၂။ အသက် (၆၅) နှစ် အထက်ကြီးသူများ သို့မဟုတ် ကိုယ်ကာယ မသန်စွမ်းမှု တစ်ခုခုရှိသူများသည် ဖြစ်နိုင်လျှင် အထက်ပါ အကြံပြုချက်အတိုင်း ကိုယ်ကာယလှုပ်ရှားနိုင်သည်။ မဖြစ်နိုင်လျှင် မိမိ၏ နေ့စဉ် နေထိုင်မှုဘဝတွင် လှုပ်ရှားမှုအချိန်အား များနိုင်သမျှ များများဖြင့် သွက်သွက်လက်လက် တက်တက်ကြွကြွ နေထိုင်လှုပ်ရှားသင့်သည်။

၃။ လုပ်ငန်းခွင်အတွင်း ထိုင်နေရချိန်များသူများ (ဥပမာ - ကွန်ပျူတာနှင့် အလုပ်လုပ်ရသူများ) ၊ တီဗီထိုင်ကြည့်သူများသည် မိနစ် (၉၀) နှင့် အထက် တစ်ဆက်တည်း ထိုင်ကြည့်မည့်အစား ကြားဖြတ်၍ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းများစသည့် ကိုယ်လက်လှုပ်ရှားမှုများ ထည့်သွင်း၍ ကြားဖြတ်ပြုလုပ်သင့်သည်။

၄။ အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကိုလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရန် အားပေးသင့်သည်။

Credit : ပါမောက္ခ ဦးတင့်ဆွေလတ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18