Print

သေဆုံးမှုနှုန်းအမြင့်မားဆုံး ကင်ဆာများ

  12-Dec-2019
Preview Image

          ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ကင်ဆာရောဂါသည် တစ်နေ့တခြား အဖြစ်များလာပါသည်။ ယခင်က အသက်အရွယ်ကြီးသူများတွင်သာ ကင်ဆာရောဂါများ ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် ကလေးသူငယ်များ၌ မရည်ရွယ်ဘဲ ဖြစ်ပွားလာသည်ကို တွေ့ရှိရပါသည်။ သေဆုံးမှုနှုန်း အမြင့်မားဆုံးကင်ဆာများသည် အသက်အရွယ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေး၊ ယောကျ်ား၊ မိန်းမနှင့် ကလေးများအားလုံးတွင် ဖြစ်နိုင်ပါသည်။ ကင်ဆာများကို ကြိုတင်ကာကွယ်မှုနည်းများကို မသိရှိခြင်းကြောင့် ဖြစ်တတ်ပါသည်။ ကင်ဆာရောဂါများကို စောစောသိပါက အချိန်မီကုသနိုင်ပြီး သက်တမ်းရှည်နိုင်မည်ဖြစ်ပါသည်။


သေဆုံးမှုနှုန်းအမြင့်မားဆုံး ကင်ဆာများ

          သေဆုံးမှုနှုန်းအမြင့်မားဆုံးကင်ဆာများမှာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးအကျိတ်ကင်ဆာ၊ ပန်ကရိယ(မုန့်ချိုအိတ်)ကင်ဆာ၊ ဟော့ချ်ကင်းရောဂါ (ပြန်ရည်ပူနှင့် ပြန်ရည်ဂလင်းရောဂါဆိုး)၊ သွေးကင်ဆာ၊ မျိုးဥကင်ဆာနှင့် အသည်းကင်ဆာတို့ဖြစ်ပါသည်။ အခြားကင်ဆာများမှာ ဦးနှောက်ကင်ဆာ၊ အစာရေပြွန်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ လည်ပင်းကင်ဆာနှင့် ဝှေးဥကင်ဆာတို့ ဖြစ်ပါသည်။

          ၎င်းကင်ဆာများထဲမှ ယခုဆောင်းပါးတွင် အဖြစ်အများဆုံးထိပ်တန်းကင်ဆာ () ခုကို ဖော်ပြပါမည်။


အဆုတ်ကင်ဆာ

          အဆုတ်ကင်ဆာသည် ကျွန်တော်တို့နိုင်ငံတွင် အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်ပါသည်။ ရောဂါဖြစ်ပြီး ၅နှစ် အတွင်း အသက်ရှင်နေထိုင်မှုသည် ၅၀ ရာခိုင်နှုန်းသာရှိပါသည်။ အမျိုးသားများတွင် အဖြစ်များပြီး အမျိုးသမီးများတွင်လည်း အဖြစ်များလာပါသည်။ အမျိုးသမီးများတွင် အဆုတ်ကင်ဆာသည် ရင်သားကင်ဆာနည်းတူ သေဆုံးမှုများလာပါသည်။ အဆုတ်ကင်ဆာဖြစ်စေသော အကြောင်းရင်းများမှာ စီးကရက်ကို နှစ်ပေါင်း၂၀ နှင့်အထက်အထိ သောက်ခြင်း၊ စက်မှုပစ္စည်းအချို့နှင့် ထိတွေ့ခြင်း၊ ရေဒီယိုသတ္တိကြွဒြပ်စင်များနှင့် ထိတွေ့ပြီး နေထိုင်ခြင်းနှင့် ဆေးလိပ်ငွေ့ သို့မဟုတ် မီးခိုးငွေ့များကို ရှူရှိုက်မိခြင်းတို့ ဖြစ်ပါသည်။

          အဆုတ်ကင်ဆာတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ မရပ်မနားချောင်းဆိုးခြင်း၊ သလိပ်တွင် သွေးအမျှင်တန်းကလေးများ ပါလာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အရိုးအဆစ်များနာကျင်ခြင်းနှင့် အမျိုးသားများတွင် ရင်သားကြီးနေခြင်းတို့ ဖြစ်ပါသည်။

          အဆုတ်ကင်ဆာကို လေဆာဖြင့်ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ဖြင့် ကုသကြပါသည်။ အဆုတ်ကင်ဆာရောဂါမဖြစ်စေရန်အတွက် ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ရပါမည်။ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သလိပ်ကို ဓာတ်ခွဲကြည့်ခြင်းနှင့် လေပြွန်များကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ ကာကွယ်နိုင်ပါသည်။


အူမကြီးကင်ဆာ

          အူမကြီးကင်ဆာသည်လည်း ကျွန်တော်တို့နိုင်ငံတွင် အဖြစ်များလာပါသည်။ သေဆုံးမှုနှုန်းလည်း များလာပါသည်။ ရောဂါဖြစ်ပြီး ၅ နှစ်အတွင်း အသက်ရှင်နေထိုင်နိုင်မှုသည် ၉၀ ရာခိုင်နှုန်းရှိပါသည်။ ရောဂါသည် တဖြည်းဖြည်းနှင့် ဖြစ်ပေါ်လာပြီး အချိန်ကြာရှည်စွာ ဆက်လက်တည်ရှိနိုင်ပါသည်။ အမျိုးသားနှင့်အမျိုးသမီးသေဆုံးသည့်အရေအတွက်သည် အတူတူပင်ဖြစ်ပါသည်။

          အူမကြီးကင်ဆာကို ဖြစ်စေသော အကြောင်းရင်းများမှာ မိသားစုတွင် ကင်ဆာသို့မဟုတ် အူမကြီးနှင့် စအိုတွင် အလုံးအကျိတ် အသားပိုရှိခြင်း၊ ဝမ်းဗိုက်ရောင်ရောဂါဖြစ်ခြင်း၊ အဆီများစွာပါဝင်သော အစားအစာများကိုစားခြင်း၊ အမျှင်ပါသော အာဟာရကို စားသုံးမှုနည်းခြင်းနှင့် ကိုယ်အလေးချိန်သည် စံပြအဖြစ်သတ်မှတ်ထားသည့် ၄၀ ရာခိုင်နှုန်းထက်များခြင်းတို့ ဖြစ်ပါသည်။

          အူမကြီးကင်ဆာရောဂါလက္ခဏာများမှာ သွေးအားနည်းဖျော့တော့နေခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဝမ်းဗိုက်ထဲတွင် အရည်များပြည့်နေခြင်း၊ အသည်းကြီးခြင်း၊ ပြန်ရည်အကျိတ်ဂလင်းများရောင်ခြင်း၊ ကတ္တရာစေးအရောင် ဝမ်းများသွားခြင်း၊ ကြွက်တက်ခြင်း၊ စအိုနှင့် အူမကြီးရှိသော ဝမ်းဗိုက်နေရာတွင် ဖိထားသကဲ့သို့ ခံစားရခြင်း၊ ဝမ်းသွားသည့်အလေ့အကျင့် ပြောင်းလဲသွားခြင်း၊ ဝမ်းသွားခြင်းနှင့် ဝမ်းချုပ်ခြင်း တစ်လှည့်စီဖြစ်ခြင်း၊ ဝမ်းထဲတွင် သွေးသို့မဟုတ် အပျစ်အချွဲများ ပါခြင်း၊ အူကိုရှင်းအောင်ပြုလုပ်ခြင်း(ဝမ်းသွားခြင်း) တွင် မပြီးဘဲကျန်သေးသည်ဟု ခံစားရခြင်း၊ နောက်ဆုံးအဆင့်တွင် ပြည့်တင်းမှုကို ခံစားရ၍ နာကျင်နေခြင်း၊ စအိုနှင့် မြီးညောင်ရိုးတွင်း အမြဲနာကျင်ကိုက်ခဲခြင်းတို့ကြောင့် ဖြစ်ပါသည်။

          အူမကြီးကင်ဆာမဖြစ်စေရန် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရပါမည်။ စံအဖြစ်သတ်မှတ်ထားသည်ထက် မကျော်လွန်စေရန် ဂရုစိုက်ရပါမည်။ အဆီလျှော့စားရပါမည်။ အမျှင်ပါသော အစားအစာများကို စားရပါမည်။


ရင်သားကင်ဆာ

          ရင်သားကင်ဆာသည် အမျိုးသမီးများကို စိတ်အနှောက်အယှက်ပေးသော၊ ကျန်းမာရေးကို ဒုက္ခပေးသောရောဂါဖြစ်ပါသည်။ သေဆုံးမှုလည်း များလာပါသည်။ သို့ရာတွင် ရောဂါကို ကြိုတင်သိရှိပြီး ထိရောက်စွာကုသပါက သေဆုံးမှုလျော့နည်းစေပါသည်။ ရောဂါဖြင့် ၅ နှစ်အတွင်း အသက်ရှင်နေထိုင်မှုသည် ၉၅ ရာခိုင်နှုန်းခန့်ရှိပါသည်။

          ရင်သားကင်ဆာကို ဖြစ်စေသော အကြောင်းရင်းများစွာ ရှိပါသည်။ ၎င်းတို့မှာ မိသားစုတွင် ရင်သားကင်ဆာဖြစ်ပွားမှု ရာဇဝင်ရှိခြင်း၊ ဓမ္မတာသွေးဆင်းသော စက်ဝိုင်းသည်ကြာရှည်ခြင်း၊ ဓမ္မတာသွေးစောစီးစွာဆင်းခြင်း သို့မဟုတ် သွေးဆုံးချိန်နောက်ကျခြင်း၊ အသက် ၃၅ နှစ်နောက်ပိုင်းတွင် ပထမဆုံးကလေးကိုယူခြင်း၊ လူမှုစီးပွားရေးအသင့်အတင့် သို့မဟုတ် အလုပ်ထဲတွင် အမြဲတမ်း စိတ်ဖိစီးမှုများ ဖြစ်ပေါ်ခြင်း၊ အဝလွန်ကဲခြင်း၊ မျိုးရိုးဗီဇနှင့်ဆိုင်သော သန္ဓေပြောင်းခြင်းတို့ဖြစ်ပါသည်။

          ရင်သားကင်ဆာတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ ရင်သားပေါ်တွင် အကျိတ် သို့မဟုတ် အဖုကလေးတစ်ခုထွက်ပြီး ထူနေခြင်း၊ ရောင်နေခြင်းနှင့် ချိုင့်ဝင်နေခြင်း၊ အရေပြားကသိကအောက်နှင့် ယားယံနေခြင်း၊ ရင်သားသည် နဂိုအတိုင်းမဟုတ်ဘဲ ပုံပျက်နေခြင်း၊ နို့သီးခေါင်းသည် နစ်မြုပ်နေခြင်း သို့မဟုတ် ကျုံ့ဝင်တိုဝင်နေခြင်း၊ အရေပြားအကြေးခွံများကွာခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် အလုံးအကျိတ်ကို ဖိလိုက်ပါက နာကျင်ခြင်းတို့ဖြစ်ပါသည်။

          ရင်သားကင်ဆာမဖြစ်စေရန် စိတ်ဖိစီးမှုများကို လျှော့ချရပါမည်။ မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးရပါမည်။ ရင်သားကို ဓာတ်မှန်ရိုက်ကြည့်ခြင်းများ ဆောင်ရွက်ရပါမည်။


အကြံပြုချက်

          သေဆုံးမှုနှုန်းအမြင့်မားဆုံးကင်ဆာများသည် ကျွန်တော်တို့နိုင်ငံတွင်အဖြစ်များလာပါသည်။ ရောဂါကို တတ်ကျွမ်းနားလည်သူများနှင့် မကုသဘဲ ဆေးမြီးတိုများ၊ တိုင်းရင်းဆေးများနှင့် စပ်ဆေးများဖြင့်ကုသခြင်းကြောင့် မသေဆုံးသင့်ဘဲ သေဆုံးလျက်ရှိကြပါသည်။ ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နည်းများကို မသိရှိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပြည်သူများကို ကျန်းမာရေးအသိပေးမှုနည်းခြင်းနှင့် ခံယူသူများလည်း နည်းခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ ကင်ဆာရောဂါများကို စောစောသိရှိပါက အချိန်မဆွဲဘဲ စောစောကုသသင့်ကြောင်း အကြံပြုအပ်ပါသည်။


Credit : ဒေါက်တာ မြင့်သန်းထွန်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18