Print

သေနှုန်းအများဆုံး ကင်ဆာ

  17-Sep-2019
Preview Image

          ကမ္ဘာ့နိုင်ငံ မြို့ကြီးများမှာ လေကောင်းလေသန့်ရရှိမှု နည်းလာပြီး လေထုညစ်ညမ်းမှု ပမာဏဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေထုသန့်စင်ရေး သတ်မှတ်ချက် အဆင့်ထက်ညစ်ညမ်းမှုက နိမ့်ကျပြီး၊ ပိုမိုဆိုးရွားလာပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အခြားရောဂါများကို လူသားများ ခံနေရတယ်လို့ ဖော်ပြထားပါတယ်။ လောင်စာဆီ၊ ကျောက်မီးသွေး၊ မော်တော်ကား အလုပ်ရုံ၊ စက်ရုံတွေကထွက်တဲ့ ညစ်ညမ်းတဲ့ အခိုးအငွေ့တွေကြောင့် ဖြစ်တာပဲ။


          ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကြောင့် ၂၀၁၂ ခုနှစ်မှာ အသက် ၆၀ အောက် လူပေါင်း ဒသမ သန်း သေဆုံးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လေထုညစ်ညမ်းမှုထဲမှာ ဓာတ်ငွေ့နဲ့ အစိုင်အခဲများပါဝင်ပြီး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနဲ့ အဆုတ်ကင်ဆာ ရောဂါများဖြင့် သေဆုံးသူများပြားလာတယ်လို့ ဆိုပါတယ်။


          အစားအသောက်နဲ့ ကင်ဆာရောဂါ အကြောင်း မပြောခင် ယောကျ်ား၊ မိန်းမတွေမှာ အဖြစ်များတဲ့ ကင်ဆာအကြောင်း ပြောပါ့မယ်။ ဖတ်ပြီးမှတ်ထားတာတွေပေါ့။ ယောကျ်ားတွေမှာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးအိမ်(ဆီးကျိတ်) ကင်ဆာအဖြစ်များပြီး အသည်းနဲ့ အူမကြီးကင်ဆာလည်း ဖြစ်တယ်။ မိန်းမတွေကျတော့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ အဖြစ်များတယ်။


          အဲဒီကင်ဆာတွေဟာ ကမ္ဘာပေါ်မှာသေနှုန်းအများဆုံး ကင်ဆာလို့ ဆိုပါတယ်။ အဲဒီအထဲမှာ အဆုတ်ကင်ဆာဟာ အကုန်အကျအများဆုံးလို့လည်း ဆိုပါတယ်။


          သာမန်အဆုတ်ကင်ဆာက လူတစ်သိန်းမှာ ယောကျ်ား ၁၀၀၊ မိန်းမ ၅၅ ယောက်ဖြစ်နိုင်သတဲ့။ အများဆုံးကတော့ ဆေးလိပ်ကြောင့်ပဲ။ လုံးဝ ဆေးလိပ်မသောက်တတ်သူတွေလည်း ဖြစ်တတ်တယ်။ အဲဒါမျိုးက တစ်သိန်းမှာ ခြောက်ယောက်၊ ခုနစ်ယောက်လောက်ပဲတဲ့။


          ဆီးကျိတ်ကင်ဆာကတော့ ဟိုမုန်းဓာတ် ဆေးဝါးများ စားသုံးခြင်းကြောင့် အဖြစ်များသတဲ့။ မိန်းမတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာဟာလည်း ဒီဆေးတွေကြောင့်ပဲတဲ့။


          ယောက်ျားတွေ အသက် ၆၀ ကျော်လာရင် ဆီးကျိတ်ကင်ဆာကို သတိထားရမယ်တဲ့။ ဆီးသွားတာ ပုံမှန်မဟုတ်ဘဲ ညဘက် ခဏခဏ သုံးလေးခါလောက် ဆီးထသွားနေရင် သတိထားရမယ်တဲ့။ ပြီးတော့ ဆီးကျန်တယ်၊ ဆီးသွားရခက်တယ်ဆိုရင်လည်း သတိထား . . . တဲ့။


          ဒါကသတိထားဖို့ ပြောတာ။ ဒီလိုဖြစ်ရင် ဆီးကျိတ်ကင်ဆာ ဖြစ်မယ်လို့ ပုံသေပြောလို့မရပါဘူး။ ဆီးသွားရင် သွေးပါမပါ သတိထားပါတဲ့။ အဲဒါအရေးကြီးတယ်။ သတိထားရမယ်။ သွေးစတွေရင်တော့ ဆရာဝန်ပြပေတော့။ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ မျက်လုံးကင်ဆာတို့ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုတယ်။

          ကင်ဆာရောဂါ ခေတ်စားလာတာ နှစ် ၄၀ လောက်ရှိသေးတယ်။ မျိုးရိုးဗီဇနဲ့ဆိုရင် မျိုးဆက် တစ်ဆက်လောက်ပဲ ရှိဦးမယ်။ ပိုးမွှားကြောင့်ဖြစ်တဲ့ ကင်ဆာလည်း ရှိသေးတယ်တဲ့။ အဲဒါတွေက -


          အသည်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတွေပါ။ ကင်ဆာရောဂါဟာ ဖြစ်ပြီးမှ သိရတယ်ဆိုတာကြောင့် ကင်ဆာရောဂါဖြစ်တာသေချိန်ကျတာပဲလို့ ပြောကြတယ်။ စောစောပိုင်းကတော့ ဒီလိုပဲ ပြောသံကြားဖူးပါတယ်။ နောက်ပိုင်းကျတော့ ဆေးပညာ တိုးတက်လာတာရယ်၊ အတွေ့အကြုံတွေ ရလာတာတွေရယ်ကြောင့် ကြိုသိနိုင်ပြီး ကာကွယ်နိုင်၊ ကုသနိုင်တာတွေ ရှိလာတယ်။


          မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ကင်ဆာဟာ ကင်ဆာအားလုံးရဲ့ သုံးပုံတစ်ပုံဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံဟာ နေထိုင်စားသောက်မှု၊ မသင့်တဲ့ နေထိုင်စားသောက်မှုတွေကြောင့် ဖြစ်တာ။ အဲဒီ မသင့်တဲ့နေထိုင်စားသောက်မှုတွေကို မပြုခြင်း၊ ရှောင်ကြဉ်ခြင်းဟာ ကင်ဆာရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းပဲတဲ့။

  

        “ကင်ဆာဖြစ်ရင် ခြောက်လပဲ ခံတယ်ဆို

ကင်ဆာတိုင်းမဟုတ်ပါဘူး။ ခြောက်လပဲခံတဲ့ ကင်ဆာရှိသလို၊ လေးငါးခြောက်နှစ်ခံတဲ့ ကင်ဆာတွေလည်း ရှိပါတယ်။ အစာအိမ်၊ အဆုတ်စတဲ့ ကင်ဆာတွေက ခြောက်လခန့်ပဲ ခံပါတယ်။ သားအိမ်ခေါင်းစတဲ့ ကင်ဆာတွေက နှစ်နှစ်ကနေ ခြောက်နှစ်အထိခံတာကို တွေ့ဖူးပါတယ်။


          ဆီးအိမ်ကင်ဆာအကြောင်း နည်းနည်းထပ်ပြောရဦးမယ်။ ဆီးအိမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အရည်များဟာ ဆီးအဖြစ် ပြောင်းလဲသွားပြီး ခေတ္တ ဆီးအိမ်မှာ ခိုအောင်းနေတယ်။ ပြီးတော့ ဆီးသွားခြင်းဖြင့် အပြင်ကို ထွက်သွားတယ်။ အဲဒီ ဆီးအိမ်နံရံမှာ ကလာပ်စည်းတွေ ပျက်ပြီး ကင်ဆာဖြစ်တာပဲ။ စောစောက ပြောခဲ့သလို ဆီးမှာ သွေးပါခြင်း စတဲ့လက္ခဏာများပြပြီး အစပျိုးတယ်။ စောစောသိရင် ကုရလွယ်ပြီး ပျောက်ကင်းတယ်။ နောက်ကျသိပေမယ့် မပြန့်ပွားအောင် ထိန်းထားနိုင်ရင် ၉၀ ရာခိုင်နှုန်းလောက်ဟာ နောက်ထပ်အနည်းဆုံး ငါးနှစ်ကျော်လောက် အသက်ရှင်နိုင်တယ်တဲ့။

 

        ဖြစ်စေတဲ့ အကြောင်းကတော့ ကင်ဆာအားလုံးပါပဲ။ စောစောက ပြောခဲ့သလို အစားအသောက်နဲ့ အနေအထားမှားယွင်းမှုကြောင့်ပဲ။ ဆီးအိမ်ကင်ဆာအတွက်ကတော့ ဆေးလိပ်သောက်ခြင်း၊ အသားကြွပ်ကြော်များနဲ့ တိရစ္ဆာန်အဆီများ စားသုံးမှုကြောင့်ပဲ။


          ကြိုတင်ကာကွယ်တယ်ဆိုတာကတော့ မမှားအောင် နေထိုင်စားသောက်ခြင်းပါပဲ။ အစားအသောက် အကြောင်းက အတော်များများပြောရမှာမို့ အနေအထိုင်အကြောင်းပဲနည်းနည်းပြောမယ်။ မှားယွင်းတဲ့အနေအထိုင်ဆိုတာ အတိုချုပ်လိုက်ရင် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိလို့ပဲ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုဟာ ခန္ဓာကိုယ်အတွင်း တစ်နေရာရာမှာ အဆီတွေစုနေခြင်း၊ အသားတိုး၊ အဝလွန်ခြင်းစတာတွေကို ဖြစ်စေပြီး ကင်ဆာဖြစ်ဖို့ အခွင့်အရေးကို ဖြစ်စေပါတယ်။

Credit : ချောင်းဆုံအုန်းသွင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18