Print

လူငယ်များနှင့် အဝလွန်ခြင်း

  13-Sep-2019
Preview Image

          ယနေ့ ကမ္ဘာပေါ်တွင် လူကြီး၊ လူငယ် ၊ ကျား၊ မ မရွေး ရင်ဆိုင်နေရသော ပြဿနာတစ်ခုမှာ “အဝလွန်ခြင်း” ပင် ဖြစ်ပါသည်။ “ဝ” ခြင်း Fatress နှင့် အဝလွန်ကဲခြင်း Obesity တို့၏ ခြားနားမှုကို ရှေးဦးစွာသိရှိရန် လိုအပ်ပါသည်။


          ‘ဝ’ ခြင်းဆိုသည်မှာ လူတစ်ယောက်တွင် ရှိသင့်ရှိအပ်သော ‘စံ’ ကိုယ်အလေးချိန် Ideal Body Weight ထက်ကျော်လွန် များပြားနေခြင်းဖြစ်သည့် “အဝလွန်ကဲခြင်း” ဆိုသည်မှာ ‘ဝ’ နေခြင်း အတိုင်းအတာထက်ပင် များစွာကျော်လွန်ပြီး မတန်တဆ အဝလွန်ကဲခြင်း ဖြစ်ပါသည်။


အဝလွန်ခြင်း (Obesity)

          ‘ဝ’ ခြင်းသည် အသက်အရွယ်နှင့်မမျှ ‘ကိုလက်စထရော’ များခြင်းပင် ဖြစ်သည်။ အဆီများလာ၍ ကိုယ်လက်လှုပ်ရှားခြင်း ထိုင်းမှိုင်းလာပြီး နှေးကွေးလာသည်။ ထို့ကြောင့် ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုပုံစံ မမှန်မှုတို့ကြောင့် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးပွရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသက်ရှူ မဝခြင်း၊ မီးဖွားရခက်ခြင်း၊ လေဖြတ်ခြင်း၊ ကြွက်သားများနာ၍ အဆစ်အမြစ် ရောင်ရမ်းခြင်းများ ဖြစ်လာပြီး စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံစားကြရပါသည်။


          ယနေ့ ဆေးပညာထွန်းကားနေသော အနောက်နိုင်ငံများတွင် နည်းမျိုးစုံဖြင့် ‘ဝ’ ခြင်းပြဿနာကို ကုစားနည်း၊ ဟန့်တားနည်း၊ လက်တွေ့အသုံးချနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အဆီချရန် အစာမစားချင်အောင် အစားထိုးဆေးဝါး ဖြည့်စွက်အစာများ စားသောက်ခြင်း၊ ဝမ်းဗိုက်အဆီပြင်ကို ခွဲထုတ်ခြင်းများကိုလည်း ဖန်တီးပြုလုပ် လာကြပါသည်။ အဆိုပါ အဆီချဆေးများမှာ သောင်းချီပြီး ပေးဝယ်ရသော်လည်း တိတိကျကျ အာမခံသော အဖြေ။ ကျေနပ်လောက်သော အဖြေကို မတွေ့ရပေ။ ဆေးသောက်၍ ကိုယ်အလေးချိန်လျှော့ကာ ထိရောက်သင့်သလောက် ရှိသော်လည်း၊ ရေရှည်တွင် လူ့ခန္ဓာကိုယ်ကို လျော့လျဲလျဲ ဖြစ်သွားစေကြောင်း တွေ့ရှိရပါသည်။


          အဝလွန်ခြင်းကြောင့် အသက်တိုပြီး ဉာဏ်ရည်လည်း ထိုင်းစေပါသည်။ ငယ်ရွယ်စဉ်ကပင် ‘ဝ’ လာသူများသည် အရွယ်ရောက်သော ၁၅၊ ၁၆ နှစ်အရွယ်တွင် ပို၍ ဆိုးရွားလာပြီး အသက်ကြီးပါကလည်း ၎င်း ‘ဝ’ ခြင်းပြဿနာကို မဖြေရှင်းနိုင်ဘဲ လူတကာနှင့် ပခုံးချင်းယှဉ်၍ မရနိုင်အောင် ဖြစ်နေပါသည်။ အသက်အရွယ်ကြီးမှ ‘ဝ’ လာခြင်းထက် ငယ်ရွယ်စဉ် ဆယ်ကျော်သက် မပြည့်မီကပင် ‘ဝ’ လာသူသည် ပို၍ နေထိုင်သွားလာရေးအတွက် အလွန်ပင်ခက်ခဲကြောင်း တွေ့ရပါသည်။


          စာရေးသူ ကိုယ်ပိုင် ‘Keep Fit’ ကိုယ်ကာယ ကျန်းမာရေးနှင့် ကာယအလှသင်တန်းတစ်ခု ဖွင့်လှစ်စဉ်က လေ့ကျင့်ပေးနေရသော အမျိုးသမီးတစ်ဝက်ကျော်တွင် “ဝ” လွန်းသူများ အဖြစ်တွေ့ခဲ့ရပြီး ထို “ဝ” နေသော အမျိုးသမီးသုံးပုံတစ်ပုံတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများ ဖြစ်နေသည်ကို တွေ့ရပါသည်။ သူတို့သည် အထိုင်များပြီး အစားမထိန်းဘဲ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူများဖြစ်ကြောင်း တွေ့ရပါသည်။


          ယနေ့ခေတ်၏ နေထိုင်စားသောက်မှုပုံစံမှာ ပြောင်းလဲလာခဲ့ပေပြီ။ လူတို့လုပ်ကိုင်ဆောင်ရွက်နေသော နေရာအတော်များများတွင် စက်များက ဝင်ရောက်ထိန်းချုပ်နေသောကြောင့် လူတို့၏ ခွန်အားထိန်းချုပ်မှု နည်းလာပါသည်။ ခေတ်မီ စက်ကိရိယာများတိုးတက်မှုကြောင့် လူတို့၏ ပင်ကို လုပ်အားစိုက်ထုတ်မှုထက် ဥပမာ အထပ်မြင့်တိုက်ပေါ်သို့ ဓာတ်လှေကား၊ စက်လှေကားများဖြင့် တက်ခြင်း၊ ခရီးတိုများကိုပင် မော်တော်ကား၊ ဆိုက်ကား၊ စက်ဘီးများ အသုံးပြုလာသဖြင့် ခန္ဓာကိုယ်တွင် အကြောများ သွေးလည်ပတ်မှု မမှန်ဘဲ အဆီစုများလာခြင်းပင် ဖြစ်ပါသည်။


          မြို့နေ လူထုများမှာလည်း ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ လုပ်ငန်းသဘောအရ အထိုင်များခြင်း၊ အစားအစာစားသောက်မှု လွန်ကဲခြင်း၊ မော်တော်ကာစက်ရုံ၊ အလုပ်ရုံများကြောင့် လေထုမသန့်ရှင်းခြင်း၊ ကိုယ်လက်လှုပ်ရှားရန် နေရာကျယ်ကျယ်ဝန်းဝန်း မရှိခြင်းတို့ကြောင့် ‘ဝ’ သူများ ပိုများလာပါသည်။ တောနေလူထုမှာ ကိုယ်အား ကိုယ်ကိုး လယ်ယာတောင်ယာများ ထွန်ယက်စိုက်ပျိုးခြင်း၊ လေထုသန့်ရှင်းခြင်း၊ သဘာဝတောတောင်ရေမြေနှင့် လူနေမှု နေရာထိုင်ခင်း ကျယ်ပြန့်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော သစ်သီး၊ သစ်ဖု၊ ဟင်းသီးဟင်းရွက်သီးနှံများကြောင့် အဆီကင်း၍ ဝသူများ နည်းပါးကြသည်။


          လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်က ဂရိ၊ ရောမ၊ ခေါမခေတ် ထွန်းကားစဉ်က ကျန်းမာသန်စွမ်းသော ကလေးငယ်များကို ဂရုတစိုက် ပြုစုပျိုးထောင်၍ နိုင်ငံတော် ကာကွယ်ရေးအတွက် လေ့ကျင့်သင်ကြားပေးခဲ့သော သာဓက များရှိခဲ့ပါသည်။ ယနေ့ ကမ္ဘာ့နိုင်ငံတွင်လည်း လူငယ်လူရွယ် ပြုစုပျိုးထောင်ရေးများကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း တွေ့နေရပေသည်။

  

        ထို့ကြောင့်လည်း မိခင်တိုင်းအတွက် သားကောင်း၊ သမီးကောင်းရတနာလေးများ မွေးဖွားလာရေး၊ နိုင်ငံတော်အတွက် တန်ဖိုးထိုက်သော လူကောင်းလူတော်၊ လူရည်မွန် လူရည်ချွန်များ ဖြစ်လာရေးကို မျှော်ကိုး၍ မိမိ၏ ရင်သွေးငယ်များကို မိမိကိုယ်ဝန်ဆောင်စဉ် ကာလ၊ ကလေးမီးဖွားသည့်ကာလ၊ နို့စို့အရွယ်ကလေးဘဝ၊ လူငယ်ဘဝမှ အစပြု၍ ဂရုတစိုက်ကြီး ပြင်းစေရေးမှာ အဓိက တာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ စာရေးသူတို့ နေ့စဉ်စားသုံးနေသော အစားအစာများသည် လူသားများအတွက် အာဟာရ ပြည့်ဝသလို အန္တရာယ်ဖြစ် ဓာတုဆေးများ အသုံးပြုမှုများ တွေ့နေရသဖြင့် အထူးသတိချပ် စားသုံးရန် အရေးကြီးပါသည်။ အသင့်ထုပ်ပိုး အစားအစာ၊ ဆီသွပ်ဘူးများ၊ အချိုရည်များ၊ အကင်များ၊ ဆိုးဆေးလွန် အစားအစာများကို မိမိ၏ ရင်သွေးငယ်များကို အလွယ်တကူ ဝယ်ယူ၍ မကျွေးသင့်ပါ။


          ယနေ့ကမ္ဘာ၏ Life Style (ဘဝနေထိုင်မှုဟန်) သည် (Move For Health သက်ရွယ်မရွေး ကျန်းမာရေး ကိုယ်လက်လှုပ်ရှား ကစားပေး) ဟူသော ဆောင်ပုဒ်နှင့်အညီ အားကစားလှုပ်ရှားမှုများကို ငယ်စဉ်ကပင် လေ့ကျင့်ပေးရန် လိုအပ်လှပေသည်။


          “ဝဝကစ်ကစ်လေး၊ ချစ်စရာလေးပါလား” ချီးကျူးသံကို မသာယာမိပါစေနဲ့။ ထို့ကြောင့် ယနေ့ဖြစ်ပေါ်နေသော အဝလွန်ရောဂါကို ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိစေရန် လိုအပ်လှပေသည်။


          အဝလွန်မှုကို လျော့ချပေးနိုင်သည်ဟု အာမခံချက် ရာနှုန်းပြည့်ပေးပြီး ကြော်ငြာနေသည့် ဒိုင်းယက်စ် DIET များကို မျက်စိမှတ်ပြီး မယုံကြည်ပါနှင့်၊ အချို့ ဒိုင်းယက်စ်များသည် လူ့အသက်ကိုပင် အန္တရာယ်ပေးနိုင်သော ဘေးထွက်ဆိုးကျိုး Side Effect ဖြစ်နိုင်ကြောင်း အမေရိကန် လေ့လာရေးအဖွဲ့ တစ်ခုက ဖော်ထုတ်ထားပါသည်။


          လူတစ်ယောက်သည် မိမိအရပ်၊ အသက်နှင့် လိုက်လျောညီထွေသော ကိုယ်အလေးချိန်ထက် ၁၀ ပေါင်ပိုလျှင် အဝလွန်ရောဂါ ဖြစ်လာတော့မည့် လက္ခဏာဟု ဆိုနိုင်ပါသည်။ ဥပမာ ယောင်္ကျားတစ်ယောက်သည် အရပ် ၅ ပေဆိုလျှင် ပေါင် ၁၀၀ အနည်းဆုံးရှိရပြီး အရပ်တစ်လက်မပိုတိုင်း ၁၀ ပေါင်ထက်မပိုရပါ။ ထို့အတူ အမျိုးသမီးအရပ် ၅ ပေသည် ပေါင်ကိုးဆယ်ဖြစ်၍ အရပ်တစ်လက်မတိုးတိုင်း ၁၀ ပေါင်မပိုရပါ။ ထို့ထက် ကိုယ်အလေးချိန် ပိုလာပါက အဝလွန်ခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိတော့မည်ကို သတိပြုရပါမည်။ ထို့အပြင် လူတစ်ယောက်ကစပြီး ဝလာခြင်းသည် ဗိုက်နှင့် ခါးတုတ်ခြင်းက အစပြုလာကြောင်း သတိပြုရပါမည်။ အဝလွန်မှုကြောင့် မိမိကိုယ်တိုင် နေထိုင်သွားလာမှု ခက်ခဲခြင်း၊ မိမိပတ်ဝန်းကျင်အတွက် အနှောက်အယှက်ဖြစ်စေခြင်း အပြင် နိုင်ငံတော်အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။


          ထို့ကြောင့် ယနေ့ဖြစ်ပေါ်နေသော အဝလွန်ရောဂါကို ကြိုတင်ကာကွယ်သည့် အနေဖြင့် မည်သို့သော နေရာဒေသ၊ အချိန်အခါ အခြေအနေ၊ အလုပ်အကိုင်ရှိပါစေ ကိုယ်လက်လှုပ်ရှားခြင်းအားကစား တတ်နိုင်သလောက် ပြုလုပ်ရပါမည်။ ဆယ်ကျော်သက် မတိုင်မီ ကလေးငယ်များကိုလည်း ၎င်းတို့၏ အသက်အရွယ်နှင့် သင့်လျောသော ကိုယ်လက်လှုပ်ရှားဆော့ကစားခြင်းနှင့် အားကစားများကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ ကြီးလာမှ ‘ဝ’ ခြင်းကို တားဆီးမည့်အစား ကြိုတင်၍ ကိုယ်လက်လှုပ်ရှားပါ။ အနေအထိုင်အစားသောက် ဆင်ခြင်ပါ။ “Prevention better than care” ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းမွန်သည်ဆိုသော စကားအရ ကလေးငယ်များဘဝ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစေဖို့ ကြိုတင်ဆောင်ရွက်သင့်ပါသည်။ နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခု ပြုလုပ်ခြင်း၊ အဆီနည်းသော အစားအစာများကို ရွေးချယ်စားသုံးခြင်း၊ ဘိန်းဖြူဆေးလိပ်၊ အရက်နှင့် ကွမ်းဆေးငုံခြင်းများကို ရှောင်ရှားခြင်းဖြင့် ယနေ့ ကပ်ရောဂါတစ်ခုလို ဖြစ်ပေါ်နေသော “အဝလွန်ရောဂါ” ကို တားဆီးကြပါစို့။

Credit : ခင်တင့်ဝေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18