Print

လည်ပင်းကြီးရောဂါကို ဘယ်လိုကုသပါသလဲ အပိုင်း(၂)

  23-Jul-2019
Preview Image

          များသောအားဖြင့် သိုင်းရွိုက်ဂလင်းထဲမှာ သီးသန့်အလုံးအဖု Solitary nodule အနေနဲ့ ပေါ်လာပြီး မာခဲတဲ့ အသားလုံးအဖြစ်ရှိသလို တချို့မှာတော့ အရည်အိတ် Thyroid Cyst အနေနဲ့ ဖြစ်နေပါတယ်။ ယခုခေတ်မှာတော့ Ultrasound နဲ့ စစ်ဆေးကြည့်ပါက အလွယ်တကူ ခွဲခြားသိသာနိုင်ပေမယ့် ကင်ဆာဟုတ်မဟုတ်ကိုတော့ ဒီအလုံးအဖုထဲက ပဋ္ဋိဇီဝ ဆဲလ်တွေကို အပ်နဲ့ စုပ်ယူစစ်ဆေးခြင်း သို့မဟုတ် ခွဲစိတ်ထုတ်ယူစစ်ဆေးသိရှိနိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာကလည်း အဓိကအားဖြင့် Papillary, Medullary နဲ့ Anaplastic ဆိုပြီး အသက်အရွယ်အလိုက် ကွဲပြားခြားနားကြပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါတွေရဲ့ သဘာဝအတိုင်း အနီးအနားက ခန္ဓာအစိတ်အပိုင်းတွေကို ထိုးဝင် အမြစ်တွယ် ဖျက်စီးသလို အဆီရည်ကျိတ် Lymph node တွေနဲ့ အခြားအဆုတ်၊ အရိုး၊ အသည်းတွေထဲကိုလည်း သွေးက တစ်ဆင့် ပျံ့နှံ့အမြစ်တွယ် ဒုက္ခပေးတတ်ပါတယ်။ အသံအိုးကို ထိန်းပေးတဲ့ အာရုံကြော Recurrent Laryngeal Nerve ကို ဖျက်ဆီးမိတဲ့အခါမှာတော့ Vocal Cord တွေ အလုပ်မလုပ်နိုင်ဘဲ အသံဝင်သွားတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းမှာ ကင်ဆာရောဂါ ဖြစ်နေရင်တော့ ဒီဂလင်းအကုန်လုံးကို ခွဲစိတ်ဖြတ်ထုတ်ပြီး Eltroxin ဟော်မုန်းအစားထိုး ဆေးပေးရပါတယ်။


          ကင်ဆာမဟုတ်တဲ့ အရည်အိတ်အလုံးအဖုမှာတော့ အရည်တွေကို အပ်နဲ့ စုပ်ထုတ်ကုသပေးနိုင်သလို သာမန်အသားလုံး Solitary Adenoma မှာလို ခွဲစိတ်ထုတ်ပစ်ပြီးလည်း ကုသပေးကြရပါတယ်။

          သိုင်းရွိုက်ဂလင်းမှာ ထူးခြားတဲ့ လည်ပင်းကြီးစေတဲ့ ရောဂါများလည်း ရှိပါတယ်။ ခန္ဓာကိုယ်ဟာ သူကိုယ်ပိုင် ပဋ္ဋိဇီဝဆဲလ်တွေကို လက်မခံဘဲ သူစိမ်းတစ်ရံလို ရန်သူလို သဘောထားပြီး ပြန်လည်တိုက်ခိုက်ဖျက်စီးတတ်တဲ့ Autoimmune Thyroiditis ရောဂါကို ဖြစ်စေတတ်ပါတယ်။ ဒီအခါ သိုင်းရွိုက်ဂလင်းမှာ ကြီးမားမာခဲပြီး အသက်ရှုပြွန်မကြီး၊ အစာမျိုပြွန်နဲ့ သွေးကြောတွေကို ဖိနှပ်ကျဉ်းမြောင်းသွားစေတာမို့ လည်ပင်းမှာ မာခဲပြီး လှုပ်မရတဲ့ အလုံးအဖုပေါ်လာပြီး အသက်ရှုမဝခြင်း၊ ကျပ်ခြင်း၊ အစာမျိုရတာ ခက်ခဲခြင်း၊ မျက်နှာ ညိုမည်းဖောင်းကားဖြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဒီရောဂါမှာတော့ ရောင်ကိုင်းတာ လျော့စေရန် Steroid တွေပေးပြီး ဟော်မုန်းဓာတ် အစားထိုးပေးကာ လည်ပင်းညှစ်ထားမှု လျော့နည်းစေဖို့ သိုင်းရွိုက် Lobe ၂ ခုကို ဆက်ထားတဲ့ Isthmus အပိုင်းကို ဖြတ်ထုတ်ပေးရပါတယ်။ ဒီမှာလည်း ရောဂါရဲ့အမျိုးအစားကို Dequavein, Hashimoto နဲ့ Riedel Thyroiditis ဆိုပြီး ယေဘုယျအားဖြင့် ၃မျိုး ခွဲခြားထားပါတယ်။


          အလားတူ အခြားရောဂါတစ်မျိုးကတော့ Primary Thyrotoxicosis (or) Grave’s Disease ဖြစ်ပါတယ်။ ဒီရောဂါမှာလည်း ဘာကြောင့်မှန်း အသေအချာ မသိရဘဲ ဦးနှောက်အခြေမှာရှိတဲ့ Pituitary Gland ကနေ TSH ဟော်မုန်းတွေ အလွန်အကျွံ ထုတ်ပေးလို့ သိုင်းရွိုက်ဂလင်းက အထိန်းအကွပ်မရှိဘဲ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဓာတ်တွေကြောင့် နှလုံးနဲ့ သွေးကြောတွေ ပုံမှန်အလုပ်မလုပ်နိုင်ဘဲ ရင်တုန်ရင်ခုန်တာတွေ နှလုံးခုန်နှုန်းက ကမောက်ကမဖြစ်တာတွေအပြင် ဦးနှောက်နဲ့ အာရုံကြောတွေပါ ထိခိုက်ပြီး စိတ်ဂနာမငြိမ်ဖြစ်ကာ စိတ်ခက်ထန်ခြင်း၊ သည်းမခံနိုင်ခြင်း၊ ခြေချောင်း၊ လက်ချောင်းတွေ တုန်ခြင်း ဖြစ်တဲ့အပြင် Exophthalmos ခေါ်တဲ့ မျက်လုံးတွေပါ ပြူးထွက်နေတတ်ပါတယ်။ များသောအားဖြင့် သိုင်းရွိုက်ဂလင်းက အသင့်အတင့်သာ ကြီးပြီး အလုပ်ပိုလုပ်ရလွန်းလို့ သွေးသွားလာမှုကတော့ အတော်လေးများလှပါတယ်။ ဒါကြောင့် သိုင်းရွိုက်ဂလင်းပေါ် လက်တင်ကြည့်ပါက ကြောင်လေးတွေ တုန်ခါသလို Thrill ကို စမ်းမိသလို နားကြပ်နဲ့ နားထောင်ပါကလည်း Bruit သွေးစီးဆင်းလည်ပတ်နေတာကို ကြားရပါတယ်။ ဒီရောဂါမှာတော့ Antithyroid ဆေးတွေနဲ့ ရောဂါလက္ခဏာတွေကို ထိန်းသိမ်းပေးရပါတယ်။ တစ်နှစ်ခွဲခန့် ဆေးမှန်မှန်စားပါက သက်သာပျောက်ကင်းတတ်ပါတယ်။


လူနာက ဆေးမသောက်ချင်လို့ ဆေးဒဏ်မခံနိုင်တဲ့အခါ တွေမှာတော့ ဒီသိုင်းရွိုက်ဂလင်းနဲ့ ရှစ်ပုံ ခုနစ်ပုံကို ဖြတ်ထုတ်ပစ်ရတဲ့ Subtotal Thyroidectomy ခွဲစိတ်ကုသမှုကို လုပ်ပေးရပါတယ်။ ဒီလိုခွဲစိတ်ကုသရာမှာတော့ သွေးအထွက်မများစေဖို့ Follicle တွေ တင်းနေစေရန် မခွဲစိတ်မီ နှစ်ပတ်ခန့် Lugol’s lodine တိုက်ကျွေးပြီး Toxicity မရှိစေရန် Antithyroid ဆေးများနှင့် ကြိုတင်ထိန်းချုပ်ထားရပါတယ်။ သို့မဟုတ်ပါက Thyroid Crisis ဆိုတဲ့ ဟော်မုန်းဓာတ်တွေ စုပြုံပြီး သွေးအတွင်း ရောက်ရှိကာ နှလုံးကို ဒုက္ခပေးသလို အပူရှိန်လွန်ကဲပြီး သတိမေ့မြောသွားတတ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အသံအိုးကို ထိန်းတဲ့ အာရုံကြောနဲ့ နီးကပ်စွာ ရှိတာမို့ ခွဲစိတ်စဉ်မှာ ဒီအာရုံကြောတွေကို မထိခိုက်မိဖို့တော့ သတိထားကြရမှာ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းနောက်မှာ ကပ်ပြီးရှိနေတဲ့ Calcium ထုံးဓာတ်ကို ထိန်းပေးတဲ့ ဟော်မုန်းဓာတ် ထုတ်ပေးသော Parathyroid Glands တွေရှိပါတယ်။ ဒီဂလင်းတွေကိုလည်း ခွဲစိတ်ထုတ်မိပါက သွေးထဲက Calcium ထုံးဓာတ်တွေ လျော့နည်းပြီး ခြေချောင်းလက်ချောင်းလေးတွေ လှုပ်ရှားရတာ ခက်ခဲပြီး တွယ်ကပ်တဲ့ Tetanus ရောဂါဖြစ်တတ်တာကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လိုအပ်တာထက် ပိုခွဲစိတ်ထုတ်မိပါက ဟော်မုန်းဓာတ်နည်းပြီး ထုံထိုင်းလေးလံတဲ့ Myxedema ရောဂါ ဖြစ်နိုင်သလို လိုသလောက်မခွဲစိတ် ထုတ်မိပါက ရောဂါပြန်ဖြစ်နိုင်တာမို့ ချင့်ချိန် ခွဲစိတ်တတ်ရန် အရေးကြီးလှပါတယ်။


          လည်ပင်းကြီးရောဂါဆိုတာ သိုင်းရွိုက်ဂလင်းနဲ့ ဆက်နွယ်ပြီး ဖြစ်တာ မှန်ပေမယ့် ရောဂါပေါင်းများစွာ စုပေါင်းပါဝင်ပြီး ဒုက္ခပေးတတ်တာမို့ ဒီလို ရောဂါဖြစ်လာတဲ့အခါမှာ တတ်သိကျွမ်းကျင် အတွေ့အကြုံပြည့်ဝတဲ့ သမားတော်တွေနဲ့ ပြသစစ်ဆေးခံခြင်း၊ ထိုက်သင့်တဲ့ ကုသမှုကို ခံယူခြင်းဖြင့် အန္တရာယ်ကင်းဘေးရှင်းစွာနဲ့ ရောဂါများ ပျောက်ကင်းချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။


Credit : ပါမောက္ခ ဦးမြသိန်းဟန် (အထွေထွေခွဲစိတ်အထူးကု ဆရာဝန်ကြီး)

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18