Print

ခေါင်းကိုက်တာ အကြောင်းရှာလိုက်တော့

  21-Jul-2019
Preview Image

          ခေါင်းမကိုက်ဖူးသူတော့ ရှိမယ်မထင်ပါ။ ခေါင်းကိုက်တဲ့အကြောင်းတွေက မရေမတွက်နိုင်အောင် ရှိပါတယ်။ ရောဂါဘယတွေ (အဖျားကအစ သွေးတိုး၊ နား၊ နှာခေါင်းပြဿနာတွေနဲ့ ဦးနှောက်ထဲက အကျိတ်အထိ) ကြောင့် ဖြစ်တာတွေကတော့ မဆန်းလှပေမယ့် အဲသလို ရောဂါတွေမရှိဘဲ ခေါင်းကိုက်တာတွေကလည်း အများကြီးရှိပါတယ်။ ခေါင်းကိုက်တဲ့ အကြောင်းအရင်းတွေကို လေ့လာတွေ့ရှိထားတာတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။


အထက်လူကြီး

          ခေါင်းကိုက်စေတဲ့အထဲမှာ အထက်အရာရှိက တကယ်ကို ပါဝင်နေပါတယ်။ အလုပ်ခွင်မှာ စိတ်ဖိစီးမှု အပေးနိုင်ဆုံးက သူပဲမို့လား။ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာဖြစ်စဉ်ကို တိတိကျကျ ပြောမရသေးပေမယ့် ဦးနှောက်ထဲက အာရုံကြောတွေက စိတ်တင်းကျပ်မွန်းသိပ်တဲ့အခါ ခေါင်းကိုက်အောင် သတင်းပို့ကြတယ့်လို့ ယူဆကြပါတယ်။


ရာသီဥတု

          ရာသီဥတု အပြောင်းအလဲတွေမှာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရတတ်ပါတယ်။ အပူ၊ အအေး အပြောင်းအလဲက တချို့လူတွေကို ခေါင်းကိုက်စေတာအမှန်ပါပဲ။ ပူလွန်းတာ၊ စိုစွတ်လွန်းတာတွေလည်း အတူတူပါပဲ။ မိုးရွာ၊ လေတိုက် လေဖိအား ပြောင်းလဲတာတွေက ခေါင်းကိုက်စေပါတယ်။ ရာသီဥတုကို ပြောင်းလဲနိုင်တာ မဟုတ်လေတော့ နေပူတဲ့ နေ့တွေမှာ နေကာမျက်မှန်တပ်၊ ရေသောက်၊ နေပူထဲသိပ်မထွက်ရင် သက်သာစေပါတယ်။


အနံ့

          ခပ်ပြင်းပြင်းအနံ့တွေက ခေါင်းကိုက်စေပါတယ်။ နံတာမှ မဟုတ်ပါဘူး။ သိပ်ပြင်းထန်တဲ့ အမွှေးနံ့တွေကလည်း ခေါင်းကိုက်ပါတယ်။ ပန်းနံ့၊ ရေမွှေးနံ့၊ အိမ်သုတ်ဆေးနံ့ တွေက ခေါင်းကိုက်စေကြတာပါ။


ဆံပင်အပြင်အဆင်

          ဆံပင်ကို တစ်ခုခုနဲ့ စုစည်းချည်နှောင်တာတွေကလည်း ခေါင်းကိုက်တတ်ပါသတဲ့။ မြင်းမြီးပုံချည်တာလေး တင်းသွားရင်တောင်မှ ဦးခေါင်းအရေပြားကို တင်းစေပြီး ခေါင်းကိုက်စေပါတယ်။ ခေါင်းစည်းတွေ၊ ဦးထုပ်ကျပ်ကျပ်တွေ အားလုံးက ခေါင်းကိုက်စေပါတယ်။ ဆံပင်ကို ဖြေလျော့ချလိုက်ရင် သက်သာသွားတတ်ပါတယ်။


ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ

          လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်တွေ လုပ်တာ၊ ပြေးတာတွေလည်း ခေါင်းကိုက်စေပါတယ်။ ယုတ်စွအဆုံး လိင်ကိစ္စဆောင်ရွက်တာတွေလည်း ခေါင်းကိုက်နိုင်စေတာပါ။ ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေမှာ ပိုပြီးတွေ့ရတယ်ဆိုပါတယ်။ အဲသလို လှုပ်ရှားမှုတွေလုပ်လို့ ခေါင်းကိုက်တယ်ဆိုရင် ဆရာဝန်နဲ့ဲပြပြီး ရောဂါခံကြီးကြီးမားမား ရှိမရှိ စစ်ကြည့်ဖို့တော့ လိုပါတယ်။


အနေအထိုင်မတတ်တာ

          ကိုယ်နေဟန်ထားကို ပြောချင်တာပါ။ ခေါင်းနဲ့ လည်ပင်းက ကြွက်သားတွေကို မသက်မသာ ဖြစ်စေတဲ့ ပုံစံနဲ့ နေမိကြရင်လည်း ခေါင်းကိုက်ပါတယ်။ စားပွဲမှာထိုင်တာကိုက ပုံပန်းမကျရင် ဖြစ်တတ်ပါတယ်။ အလုပ်လုပ်တဲ့ အခါတွေမှာ ကိုယ်နေဟန်ထားမှန်မှ လူလည်း သက်တောင့်သက်သာ ဖြစ်တာပါ။ ကုလားထိုင်ကို ကျောမှီရင် အဆင်ပြေတဲ့ပုံ မတ်မတ်ရှိရပါမယ်။ ကွန်ပျူတာ မှန်သားပြင်ကလည်း မနိမ့်မမြင့် ဖြစ်သင့်ပါတယ်။ ပခုံးကြီးကုန်းပြီး နေရတဲ့ အနေအထားဆို ခေါင်းကိုက်စေပါတယ်။


ချိစ်၊ ဝိုင်နီနဲ့ အသားပြား

          ချိစ်မှာပါဝင်တဲ့ Tyramine က ခေါင်းကိုက်စေသတဲ့။ အဲဒီလိုပဲ ဝိုင်နီနဲ့ တခြား အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေမှာလည်း Tyramine, Flavonoid တွေပါဝင်တာမို့ ခေါင်းကိုက်တတ်ပါတယ်။ ဦးနှောက်ထဲက ဓာတုပစ္စည်း အပြောင်းအလဲတွေဖြစ်စေတာမို့လို့ ယူဆကြပါတယ်။ အဲသလိုပဲ ချက်ပြုတ်ဖို့ အသင့်ပြင်လှီးဖြတ်ထားတဲ့ အသားတွေ၊ ယမ်းစိမ်းထည့်ထားတဲ့ အသားတွေမှာလည်း အဲဒီလိုဓာတ်တွေ ပေါင်းပြီး ခေါင်းကိုက်စေပါတယ်။


အစာနပ်ကျော်စားတာ

          ဆာလောင်မှုကလည်း ခေါင်းကိုက်စေပါတယ်။ မနက်စာ၊ ညစာ စသဖြင့် တစ်နပ်နပ်ကို မစားဘဲနေကြတာက ခေါင်းကိုက်စေတဲ့ အကြောင်းထဲမှာ ပါဝင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်ကျသွားလို့ ဖြစ်တာမျိုးပါ။ ဒါပေမယ့် အဲလို ဖြစ်တိုင်း သကြားလုံး ငုံနေတာမျိုး လုပ်ပြန်ရင်လည်း ဆီးချိုသွေးချိုတွေ တက်ပြန်တာပါပဲ။


ဆေးလိပ်နဲ့ ကော်ဖီ

          ဆေးလိပ်သောက်တာကလည်း ခေါင်းကိုက်စေပါတယ်။ သောက်နေသူမှ မဟုတ်ပါဘူး။ ဘေးက မီးခိုးရှူမိသူပါ နစ်ကိုတင်းတွေ ရှူရှိူက်မိရင် ဦးနှောက်သွေးကြောတွေ ကျဉ်းစေလို့ပါ။ ခေါင်းတစ်ခြမ်းတည်း အပြင်းအထန်ကိုက်ပြီး နှာခေါင်း မျက်စိတွေပါ ကိုက်ခဲနာကျင်စေပါတယ်။ ဆေးလိပ်လည်းရှောင်၊ မီးခိုးလည်းရှောင်မှ သက်သာရမယ့် ကိန်းပါ။

          ကော်ဖီကလည်း တန်ဆေးလွန်ဘေးပါ။ အသင့်အတင့် သောက်သုံးတာက ခေါင်းကိုက်ပျောက်ဆေးပါပဲ။ ဒါပေမယ့် မနားတမ်းသောက်နေရင်တော့ ခေါင်းကိုက်လာပြန်တယ်။ ဆိုးတာက ကော်ဖီစွဲနေလို့ ဖြတ်ရင် ခေါင်းကိုက်တာက အဓိက လက္ခဏာလို့ ဆိုပါတယ်။ ကဲ . . . ချိန်ချိန်ဆဆ သောက်ကြရအောင်။


ခေါင်းကိုက်ပျောက်အောင်

          ခေါင်းကိုက်တာက နိစ္စဓူဝဖြစ်နေရင် ကိုယ်ကလည်း အကြောင်းရှာရမှာပါ။ ရောဂါတွေကြောင့် မဟုတ်တဲ့ ခေါင်းကိုက်တာအတွက် အစားအသောက်၊ အနေအထိုင်တွေ ၊ ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှု အစရှိတာတွေမှာ ဘာက ပိုဆိုးစေတယ်၊ ဘာလုပ်ရင်ခေါင်းကိုက်တယ်ဆိုတာ သတိလက်လွတ်မနေဘဲ ဂရုပြုရင် အကြောင်းရှာတွေ့မှာပါ။ အဲဒါဆို ရှောင်တာ၊ ဆောင်တာလေးတွေနဲ့ ခေါင်းကိုက်သက်သာစေမှာပါ။


          နောက်ပြီး အကြောင်းတစ်ခုဖြစ်တဲ့ စိတ်ဖိစီးမှုဆိုရင်လည်း ကိုယ်ကကိုင်တွယ်ဖြေရှင်းမရဘဲ ကိုယ်ဆီလာနေမှာပါ။ အဲဒီအခါကျတော့ ကိုယ့်စိတ်ရဲ့တုံ့ပြန်မှုကို ပြောင်းလဲဖို့လေ့ကျင့်ရမှာပါ။ တရားထိုင်လို့ပြေမလား၊ အနှိပ်ခန်းသွားလို့ ပြေမလားပေါ့။ စိတ်ဖိစီးမှုကတော့ တရားထိုင်ရင်ပိုဖိစီးသလိုဖြစ်မလားပဲ။ အနှိပ်ခန်းသွားတာက ပိုအဆင်ပြေမယ်ထင်ပါရဲ့။ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေကလည်း ဖိစီးမှု လျော့ပြေစေပါတယ်။ တန်ဖိုးနည်းပြီး အကျိုးရှိစေတာကတော့ လမ်းလျှောက်တာပါပဲ။ လမ်းလျှောက်ရင် လက်တွေလွှဲပြီး လျှောက်တာမျိုးက ပခုံး၊ လည်ပင်းကြွက်သားတွေ ပြေစေသလို ခေါင်းကိုက်တာလည်း သက်သာစေတာပါပဲ။

 

         အာဟာရမျှတတဲ့ အစားအသောက်ကို ပုံမှန်လေး စားပေးတာကလည်း ခေါင်းကိုက်ပျောက်ဆေးပါ။ အစားအစာပမာဏလည်းသင့်တင့်ပြီး အချိန်မှန်ရင် ပိုပြီး ထိရောက်ပါတယ်။ ရေကလည်း တစ်နေ့တာလိုအပ်မယ့် ပမာဏ ကာမိအောင် သောက်သင့်ပါတယ်။ အရည်ဓာတ်နည်းပါးတာကလည်း ခေါင်းကိုက်တတ်ပါတယ်။

 

         တချို့ဆိုင်မှာ လွယ်လွယ်ဝယ်လို့ရတဲ့ ပါရာစီတမောလို ခေါင်းကိုက်ပျောက်ဆေးတွေကလည်း အထောက်အကူဖြစ်စေပေမယ့် ပမာဏတိကျဖို့ ၊ အချိန်တိကျဖို့တော့ လိုပါတယ်။ အဲဒီဆေးတွေသောက်မိတာ ပိုသွားရင်လည်း ခေါင်းကိုက်တာ ခံစားရပြန်ပါတယ်။ နောက်ပြီး ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပြန်တော့ တတ်ကျွမ်းသူရဲ့ အကြံပေးလမ်းညွှန်မှုခံယူတာက မမှားပါဘူး။

   

       သာမန် ခေါင်းကိုက်နေကျပုံစံနဲ့ မတူရင်၊ ရက်ဆက်ပြီး နှစ်ရက်ထက်ကျော်လွန်ပြီး ကိုက်နေရင်တော့ ဆရာဝန်ပြကြည့်ပါ။ အထူးသဖြင့် ခေါင်းကိုက်တာနဲ့ အတူ အမြင်အာရုံ မကောင်းတာ၊ တက်ချက်တာ၊ ဖျားနာတာတွေ တွဲနေပြီဆိုမှဖြင့် အရေးတကြီး ကုသမှုခံယူရမယ့် အနေအထားဖြစ်လာပြီမို့ ဆေးရုံဆေးခန်း သွားရတော့မှာပါ။

  

        တတ်နိုင်တာ မတတ်နိုင်တာ နောက်ထား။ မလိုလားအပ်တာတွေ မဖြစ်လာအောင်တော့ ကိုယ့်အသက်ကိုယ် ကင်းစောင့် ကြည့်ရမယ် မဟုတ်ပါလား၊ နောက်ပိုင်းတော့ နိုင်ငံသားတစ်ယောက်ရဲ့ ခေါင်းကိုက်ခြင်းအတွက် နိုင်ငံတော်က ကြည့်မနေလောက်ဘူးထင်ရတာပါပဲ။ လောလောဆယ် ပုဂ္ဂလိက ဆေးရုံကြီးတွေကတော့ ရောက်လာမယ့် ခေါင်းကိုက်လူနာ သက်သာပျောက်ကင်းဖို့ သူတို့ တွက်ချေကိုက်လောက်အောင် မတန်တဆနှုန်းထားတွေနဲ့ ကုသပေးကြပါလိမ့်မယ်။

Credit : မှိုင်း (ဆေး - ၂)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18