Print

ခံစားရခက်တဲ့ ခါးကိုက်၊ ခါးနာ

  17-Jul-2019
Preview Image

          ခါးကိုက် ခါးနာဝေဒနာသည် လူအများစုတွင် အဖြစ်များသည်။ လူအတော်များများသည် တစ်ချိန်မဟုတ်တစ်ချိန် ခါးနာဖူးကြပါသည်။ ကြွက်သားရောင်တင်းခြင်းကြောင့်ဖြစ်သော ခါးနာခြင်းသည် သာမန်အားဖြင့် သုံးလေးရက်အတွင်း ပျောက်ကင်းလေ့ရှိသည်။ နာတာရှည်ခါးနာခြင်းသည် ခါးဆစ်ကြားခံအရိုးနုပြားကျွံခြင်း၊ ကျောက်ကပ်ပိုးဝင်ရောင်ရမ်းခြင်း၊ ကျောက်ကပ်တွင် ကျောက်တည်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပေရာ မပေါ့ဆသင့်ပါ။ သို့သော် ခါးနာရောဂါကို သက်သာအောင် အထောက်အကူပေးနိုင်သည့် ကိစ္စများလည်း ရှိသည်။ အများစုမှာ လူနာရှင်ကိုယ်တိုင် လိုက်နာကျင့်ကြံလုပ်ကိုင်နိုင်သော ကိစ္စများဖြစ်သည်။ ယင်းတို့မှာ . . .


ရောဂါနှင့်သင့်မြတ်သော အစာကိုစားခြင်း

          မိမိတို့ နေ့စဉ်စားသုံးသော အစားအစာများအနက် အချို့သည် ရောင်ရမ်းမှုကို လျော့ပါးသက်သာစေသော အစွမ်းရှိသည်။ ယင်းတို့ကို အားပြုစားသုံးပေးပါက ခါးနာရောဂါအပျောက်မြန်စေရန် အထောက်အကူပေးပါသည်။ ခါးနာရောဂါနှင့်သင့်တော်သော အစားအစာတို့တွင် ချယ်ရီသီး၊ သံလွင်ဆီ၊ သာမန်ငါး၊ ငါးကွမ်းရှပ်၊ တူနာငါး၊ ဝက်သစ်ခြဆီ၊ ပဲပုပ်နှင့် ပဲပုပ်အခြေခံစားစရာများ၊ ရေနွေးကြမ်းနှင့် ချင်းတို့ ဖြစ်သည်။ ခါးနာသက်သာစေသော အစားအစာများရှိသလို ခါးနာရောဂါကို ပိုဆိုးစေသော စားစရာများလည်း ရှိသည်။ ယင်းတို့မှာ နေကြာဆီ၊ တာရှည်ခံအောင်ပြုပြင်ထားသော အစားအစာ(ဥပမာ- ဝက်အူချောင်း) ပြောင်းဖူးသကာရည်၊ အဆီနှင့် အသွင်ပြောင်းဆီ မြင့်မားစွာပါသော အစားအစာများ စသည်တို့ဖြစ်သည်။


နေရောင်ခံခြင်း

          နေရောင်ခြည်မှရသော ဗီတာမင်ဟု လူသိများသည့် ဗီတာမင်ဒီဓာတ်ချို့တဲ့ခြင်းကြောင့်လည်း ခါးနာဝေဒနာဖြစ်ပွားနိုင်သည်။ လေ့လာမှုတစ်ရပ်အရ အသက် ၁၅ နှစ်နှင့် ၅၂ နှစ်ကြား နာတာရှည် ခါးနာရောဂါရှင် ၈၀ ရာခိုင်နှုန်းကျော်သည် ဗီတာမင်ဒီ ဓာတ်ချို့တဲ့နေကြောင်း တွေ့ရပါသည်။ လူတစ်ယောက်သည် တစ်နေ့လျှင် ဗီတာမင်ဒီဓာတ် 400 I.U လိုအပ်သည်ဟု ယခင်ကဆိုခဲ့သော်လည်း ယခုအခါတွင် နေ့စဉ်ဗီတာမင်ဒီသုံး (D3) 1000 I.U သောက်သုံးသင့်သည်ဟု ပညာရှင်များက ထောက်ခံထားပါသည်။


ခေါက်ပိုက်ဆံအိပ်ကို နေရာမှန်ထားခြင်း

          ခေါက်ပိုက်ဆံအိတ်ကို များသောအားဖြင့် ဘောင်းဘီအိတ်ထဲတွင် ထိုးထည့်လေ့ရှိသည်။ ငွေများများပါသော ခေါက်ပိုက်ဆံအိတ်ကြီးကြီးကို ဘောင်းဘီအိတ်ထဲတွင် ကြာကြာထည့်ပါက ကျောရိုးအာရုံကြောမကြီးအား ထိခိုက်စေသည်။ ယင်းအိတ်ကြောင့် တင်ပါးဆုံနေရာရှိ အရေးပါသော အာရုံကြောများကို ဖိမိနိုင်သည်။ ယင်းသို့ ဖိမိပါက ခါးကြောညှပ်ဝေဒနာ ရနိုင်သည်။ အာရုံကြောရောင်ခြင်းကြောင့် ရသောဝေဒနာဖြစ်သည်။ ယင်းဝေဒနာကို အမျိုးသားတို့တွင် အတွေ့ရများပြီး ခေါက်ပိုက်ဆံအိတ် အာရုံကြောရောဂါ Wallet Neuropathy ဟု အမည်ပေးထားကြပါသည်။


အပူဓာတ်ထုတ် ခါးပတ်ပတ်ခြင်

          အတွင်းမှာ ဒန်သတ္ထုပြားလေးတစ်ပြားပါပြီး ယင်းကိုနှိပ်လိုက်ပါက အပူဓာတ်ထွက်သော ကိုရီးယားခါးပတ်များ မြန်မာပြည်ဈေးကွက်ထဲသို့ ဝင်ဖူးသည်။ ယခုလောလောဆည် ဈေးကွက်ထဲ၌ ရှိနေသည်မှာ အပူဓာတ်နှင့် အနီအောက်ရောင်ခြည် ထုတ်ပေးသည်ဟုဆိုသော ကိုရီးယားကျောက်ခါးပတ်များ ဖြစ်သည်။ လတ်တလော ခါးနာဝေဒနာ ခံစားရသည့် အခါ ယင်းခါးပတ်မျိုး ပတ်ကြည့်သင့်သည်။ ပါရာစီတမော သို့မဟုတ် အိုဗျူပရိုဖန်ဆေးသောက်သည်ထက်စာလျှင် အန္တရာယ် ပိုနည်းပါသည်။ အပူဓာတ် ထုတ်ပေးသောအခါ ခါးပတ်ကောင်းကောင်းတစ်ခုသည် ၄၀ ဒီဂရီစင်တီဂရိတ်အပူချိန်ကို ၈ နာရီကြာအောင် ပေးနိုင်သည်။ လေ့လာမှုတစ်ခုအရ ခါးကိုက်ခါးနာဖြစ်သည့်အခါ ဆေးစာလွတ် အကိုက်အခဲပျောက်ဆေးများကို ဝယ်ယူသောက်သုံးမည့်အစား အပူဓာတ်ထုတ်ခါးပတ်ပတ်ခြင်းက နာကျင်ကိုက်ခဲမှုကို ပိုမိုသက်သာစေပြီး သက်သာစေသည့် အချိန်ကာလလည်း ကြာရှည်ကြောင်း တွေ့ရပါသည်။


ခြေထောက်အနေအထားကို ပြင်ခြင်း

          စာရေးစားပွဲတွင် ထိုင်သည့်အခါ လူအတော်များများသည် တင်ပလ္လင်ချိတ်ထိုင်သည့်အခါ ထိုင်သည်။ ခြေထောက်ကို ပြားလိုက် ချထိုင်သည့်အခါ ထိုင်သည်။ ထိုသို့ ထိုင်မည့်အစား ခွေးခြေခုံတစ်လုံးပေါ်တွင် ခြေထောက်တင်၍ ထိုင်ခြင်း သို့မဟုတ် စားပွဲတွင် ခြေတင်တန်းထားပြီး ယင်းတန်းပေါ် ခြေတင်ထိုင်ခြင်းက ပို၍ ကောင်းမွန်ပါသည်။ ထိုသို့ ထိုင်သည့်အခါ ဒူးခေါင်းက တင်ပါးဆုံထက် မြင့်သောနေရာတွင် ရှိနေမည်ဖြစ်ပြီး ခါးနေရာသို့ ဖိအားကျရောက်မှုကို လျော့နည်းစေပါသည်။ ခါးနာသက်သာစေရန် အထောက်အကူပြုပါမည်။

Credit : ဧဧသက် (ဖြိုးဓန)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18