Print

အူမကြီးကင်ဆာအကြောင်း

  20-May-2019
Preview Image

အစာအိမ်လမ်းကြောင်းဆိုသည်မှာ လူ့ခန္ဓာကိုယ်အတွင်းရှိ အစာအိမ်အဝင်ဝမှ စအိုဝအထိ ရှည်လျားသော အစာခြေအဖွဲ့ကို ဆိုလိုသည်။ အူမကြီးကင်ဆာ Bowel Cancer ကို စအိုကင်ဆာ Rectal Colorectal ကင်ဆာ သို့မဟုတ် Colon ကင်ဆာဟူ၍လည်း ခေါ်ဝေါ်လေ့ရှိသည်။ရောဂါဖြစ်ပွားပါက ကုသပျောက်ကင်းရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါအခြေအနေရင့်မှသာ စမ်းသပ်သိရှိနိုင်ပြီး ထိုအချိန်တွင် ရောဂါသည် အူမကြီးတွင်သာမက နီးစပ်ရာအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်နေနှင့်ပြီး ဖြစ်တတ်သည်။


အူမကြီး ကင်ဆာရောဂါ၏ ရှေးဦးလက္ခဏာများကို ဂရုပြုကြရန်နှင့် သံသယရှိပါက ကျွမ်းကျင်သူများထံ စောလျှင်စွာပြသ၍ ဆေးဝါးကုသမှုခံယူရန် ဆရာဝန်များက ပြည်သူလူထုအတွင်း တိုက်တွန်းပြောဆိုလျက်ရှိသည်။အူမကြီးကင်ဆာရောဂါ ဖြစ်ပွားကြောင်းကို ရောဂါနုချိန်အတွင်း အချိန်မီသိရှိပါက ရောဂါခံစားရသူ ၁၀ ဦးအနက် ကိုးဦးအား သက်သာပျောက်ကင်းအောင် ကုသပေးနိုင်မည်ဟုဆိုသည်။အကယ်၍ ကင်ဆာသည် အူမနံရံ၏ အပြင်ဘက်သို့ ပျံ့နှံ့ရောက်ရှိသွားပြီဟု ဆိုပါက ကုသပျောက်ကင်းရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


ဗြိတိန်နိုင်ငံ အောက်စဖို့တက္ကသိုလ်မှ ပါမောက္ခ David Kerr က အူမကြီးကင်ဆာကို သက်သာပျောက်ကင်းရန် သေချာမှုအရှိဆုံး ကုသနိုင်မည့် နည်းလမ်းကို ခွဲစိတ်ကုသခြင်းပင်ဖြစ်ကြောင်း သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ခွဲစိတ်ကုသမှုခံယူသည့် ဝေဒနာရှင်ထက်ဝက်ခန့်မှာ ကင်ဆာရောဂါ တစ်ဖန်ထပ်မံဖြစ်ပွား ခံစားရခြင်းပင်ဖြစ်ကြောင်း ရှင်းပြပါသည်။အူမကြီးကင်ဆာရောဂါကို ခံစားနေရကြောင်းကို သိရှိရသည့် ဝေဒနာရှင်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရောဂါမှာ ငုပ်လျှိုး၍ အမြစ်တွယ် နေနိုင်သဖြင့် အူမကြီး၏ ပြင်ပအစိတ်အပိုင်းသို့ ရောဂါပျံ့နှံ့ရောက်ရှိနိုင်ခြေများပြားကြောင်း ပါမောက္ခ Keer က သတိပေးပြောဆိုပါသည်။


 အူမကြီးကင်ဆာ၏ ရှေးဦးလက္ခဏာများသည် အသက်အန္တရာယ်ကို မဖြစ်နိုင်သော အခြားရောဂါ၏ လက္ခဏာများနှင့် ဆင်တူလေ့ရှိသဖြင့် ရောဂါအမှန်တကယ် ခံစားနေရသူများအတွက် တိကျသောအဖြေကိုရရှိရန် အခက်အခဲဖြစ်စေသည်။


 ရောဂါလက္ခဏာများမှာ . . .

(က) စအိုမှ သွေးကျခြင်း

(ခ) ဝမ်းသွားမှု ပုံစံပြောင်းခြင်း

(ဂ) ကိုယ်လက်သန့်စင်ပြီး၍ သန့်စင်ခန်းမှ ဆင်းလာသည့်တိုင် ထပ်မံ၍ အိမ်သာတက်လိုသော ခံစားမှုများ ဖြစ်ပေါ်နေတတ်ခြင်း (တစ်နည်း) ဝမ်းဗိုက်အတွင်း မရှင်းလင်းသည့် ခံစားမှုမျိုး အမြဲခံစားနေရခြင်း

(ဃ) ဝမ်းဗိုက်၏ အောက်ပိုင်းတွင် တင်းကျပ်၍ နာကျင်သော ဝေဒနာခံစားရခြင်း

အဆိုပါရောဂါ လက္ခဏာများသည် အထက်တွင် ဖော်ပြသကဲ့သို့ သာမန်ရောဂါများ၍ လက္ခဏာများလည်း ဖြစ်နိုင်သည်။


သို့သော် ဆရာဝန်များကမူ ဖော်ပြပါ ရောဂါလက္ခဏာများ ရက်သတ္တပတ် နှစ်ပတ်ခန့် ကြာရှည်ခံစားနေရပါက ကျွမ်းကျင်သူများနှင့် ပြသရန် အကြံပေးလျက် ရှိပါသည်။ထိုကဲ့သို့ ဝေဒနာခံစားနေရသူများ၏ စအိုကို စစ်ဆေးမှု Rectal Examination ပြုလုပ်ပြီး ဝမ်းဗိုက်အတွင်း ပြောင်းလဲမှုကို စမ်းသပ်စစ်ဆေးရသည်။ လက်အိတ်ဝတ်ဆင်ထားသော လက်ချောင်းဖြင့် စအိုအတွင်း ထိုးသွားစစ်ဆေးခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ရောဂါ၏ ဇစ်မြစ်ကို ရှာဖွေရန်အတွက် ဆရာဝန်များသည် Sigmodioscopy သို့မဟုတ် Colonscopy ဟုခေါ်သည့် နည်းလမ်းကိုလည်း အသုံးပြုလေ့ရှိသည်။


အဆိုပါနည်းလမ်းနှစ်သွယ်စလုံးတွင် အူမကြီးအတွင်းသို့ ရောဂါရှာဖွေသည့် ကိရိယာအား ထည့်သွင်းရသည်။ ၎င်းကိရိယာ၏ တစ်ဖက်စွန်းတွင် သေးငယ်သော ကင်မရာ တစ်ခုတစ်ခု ပါဝင်ရာ ဆရာဝန်အနေဖြင့် ကင်ဆာရောဂါဖြစ်ပွားနေသော အူမကြီးနံရံတဝိုက်ကို မျက်မြင်စစ်ဆေးနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့နည်းဖြင့် ရောဂါရှာဖွေရာ ဝေဒနာသည်အား အခံရခက်စေသော်လည်း ပြင်းထန်သော နာကျင်မှုဝေဒနာကိုမှု ခံစားရခြင်း မရှိဟုဆိုသည်။ ဆိုးဆေးတစ်မျိုးကို အူမကြီးအတွင်း ထိုးသွင်းပြီး ဓာတ်မှန်ရိုက်၍ စမ်းသပ်ခြင်းနည်းဖြင့်လည်း ကင်ဆာရောဂါကို ရှာဖွေနိုင်ပါသည်။CT scan အသုံးပြု၍ စမ်းသပ်ခြင်းဖြင့်လည်း ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းဖြင့်သာ အသည်းသို့ ရောဂါပျံ့နှံ့ရောက်ရှိခြင်း ရှိ၊မရှိ သိနိုင်ပါသည်။


အူမကြီးကင်ဆာရောဂါကို စမ်းသပ်ရှာဖွေရာတွင် အထက်တွင်ဖော်ပြခဲ့သော Sigmoidoscopy, Colonscopy နည်းလမ်းများအပြင် ကျင်ကြီးနမူနာ ရယူ၍ စမ်းသပ်ဓာတ်ခွဲသည့် နည်းလမ်းဖြင့်လည်း ဆောင်ရွက်လေ့ရှိသည်။


ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်း

 အူမကြီးကင်ဆာဖြစ်ပွားရခြင်းသည် အချို့သော ကိစ္စရပ် အနည်းငယ်တွင် မျိုးရိုးဗီဇဆိုင်ရာ ဆက်သွယ်မှုများ ရှိနိုင်သည်ဟု ယုံကြည်လျက်ရှိပြီး မိသားစုအတွင်း ရောဂါဖြစ်ပွားဖူးသည့် ရာဇဝင်ရှိပါက မျိုးရိုးလိုက်၍ ဖြစ်ပွားနိုင်ခြေ ရှိသည်ဟုလည်း ယူဆလျက်ရှိသည်။

 မည်သို့ပင်ဆိုစေကာမူ အူမကြီးကင်ဆာ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ နေ့စဉ်စားသုံး မှီဝဲနေသော အစားအသောက်ပင်ဖြစ်သည်။ သေချာသည်မှာ အမျှင်ပါဝင်မှုနည်းပြီး အဆီပါဝင်မှု များပြားသော အနောက်နိုင်ငံတို့ ခုံမင်နှစ်ခြိုက်သည့် အစားအသောက်များသည် အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို မြင့်မားစေပါသည်။

လတ်ဆတ်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ခုံခုံမင်မင် အားပါးတရ စားသုံးခြင်းဖြင့် အူမကြီး ကင်ဆာရောဂါ ခံစားရသည့်ဘေးမှ ကင်းဝေးစေနိုင်ပါသည်။


ကုသနည်

 အူမကြီးကင်ဆာရောဂါ ဖြစ်ပွားခံစားရပြီဆိုပါက ကုသရန် အဓိကကျသော နည်းလမ်းမှာ ခွဲစိတ်ကုသခြင်းပင်ဖြစ်သည်။ အကယ်၍ အူမကြီး၏ နံရံကို ဖောက်ထွင်းပျံ့နှံ့ခြင်း မရှိမီ ထိန်းချုပ်နိုင်ပါက ဝေဒနာသည်အနေဖြင့် ရောဂါပျောက်ကင်းသက်သာရန် အခွင့်အလမ်းများစွာ ရှိနေသည်ဟု ဆိုသည်။ထိုကဲ့သို့ ခွဲစိတ်ခြင်းနည်းဖြင့် ကုသပြီးပါက နောက်ထပ် ဆေးဝါးကုသမှုများ ဆက်လက်ဆောင်ရွက်ရန် မလိုတော့ပေ။ ထိုကဲ့သို့ ခွဲစိတ်ကုသခြင်းကို ဆရာဝန်များက Bowel Resection ဟု ခေါ်ဝေါ်လေ့ရှိသည်။သို့သော် ကင်ဆာရောဂါသည် အူမကြီး၏ အပြင်ဘက်ရှိ အခြားအင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားပါက ဓာတုကုထုံး Chemotherapy ကို အသုံးပြုရသည်။


 ရေဒီယို သတ္တိကြွ အမှုန်များဖြင့် ကုသနည်း Rediotherapy ကိုမူ တစ်ခါတစ်ရံ ခွဲစိတ်ကုသ၍မရသော အခြေအနေမျိုး လည်းကောင်း၊ ကင်ဆာအကျိတ်အား ကျုံ့ဝင်သွားစေခြင်းဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ရာ ပိုမိုလွယ်ကူစေရန် လည်းကောင်း အသုံးပြုလေ့ရှိသည်။


ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်

အူမကြီး ကင်ဆာရောဂါသည် ဗြိတိန်နိုင်ငံတွင် ကင်ဆာရောဂါများအနက် တတိယ ဖြစ်ပွားမှု အများဆုံးသော ရောဂါဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် နှစ်စဉ် လူ ၂၇၀၀၀ ကျော်ခန့်မှာ အူမကြီးကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်။ ရောဂါမဖြစ်ပွားစေရန်အတွက် တိရစ္ဆာန်အဆီ စားသုံးခြင်းကို လျော့ချခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကို စားသုံးခြင်း၊ အမျှင်ပါသော ကစီဓာတ်ပါသော အစားအစာများ စားသုံးခြင်း ၊ အဝမလွန်စေရန် ပုံမှန်ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းယူခြင်းနှင့် အရက်သောက်တတ်သူဖြစ်ပါက အရက်လျော့သောက်ရန် လိုအပ်ပါသည်။


Credit : အောင်ဇင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18