Print

အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်သော ရင်သားကင်ဆာ

  18-May-2019
Preview Image

အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ပွားမှုက အမျိုးသမီးတွေလောက်တော့ မများပါဘူး။ အမျိုးသမီး ရင်သားကင်ဆာဖြစ်ပွားသူအယောက် ၁၀၀ မှာ အမျိုးသားရင်သားကင်ဆာဖြစ်ပွားသူက တစ်ယောက်ပေါ့။ အမျိုးသား ရင်သားကင်ဆာရောဂါက အဖြစ်နည်းပေမယ့် ဖြစ်နိုင်တယ်ဆိုတာ သိစေချင်ပါတယ်။


ဆရာဝန်ဆီ ဘယ်လိုပုံစံနဲ့ ရောက်လာတာလဲ

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်ပွားရင် အမျိုးသမီးတွေနဲ့ မကွဲပြားပါဘူး။ ဒါပေမယ့် အမျိုးသားတွေမှာက အမျိုးသမီးလို ရင်သားမျိုး မဟုတ်တာကြောင့် အဖုအကျိတ်ဖြစ်ရင် ရင်သားက သိသိသာသာ စူထွက်လာပါတယ်။

တချို့သိပ်ဆိုးတဲ့အခြေအနေရောက်နေတဲ့လူနာတွေမှာ ၅ နှစ်၊ ၁၀ နှစ် လောက်ရောဂါကို မကုသဘဲ ဒီတိုင်းထားတယ်။ အများအားဖြင့် ကျန်းမာရေးအသိပညာအားနည်းတဲ့ ကျေးလက်တောရွာမှာ နေသူတွေပေါ့။ တချို့လည်း ကျန်းမာရေး ဗဟုသုတနည်းတော့ ဆရာဝန်မပြ၊ မကုသတာကြောင့် အသည်းကို ပြန့်ပြီး ချောင်းဆိုးသွေးပါတာ၊ အရိုးကို ပြန့်ပြီး အရိုးကျိုးတာ စတာတွေ ဖြစ်နိုင်ပါတယ်။


ကိုယ်တိုင်ဘယ်လိုသိနိုင်မလဲ

အမျိုးသားတစ်ယောက်အနေနဲ့ ရင်သားမှာ ကင်ဆာရှိ၊ မရှိကို ကိုယ်ကိုယ်တိုင် ဘယ်လိုသိနိုင်မလဲဆိုရင် ရင်သားမှာ အကျိတ်ဖြစ်တာ၊ အမျိုးသားဆိုရင် နို့သီးခေါင်းကနေ နို့ရည်မထွက်ရဘူး။ အဲဒါကို နို့ရည်လိုမျိုးသွေးအရည်လေးတွေထွက်တာ ၊ နို့သီးခေါင်း ချိုင့်ဝင်တာ၊ တင်းပြီးနာတာ (အမျိုးသမီးတွေမှာ ရာသီလာခါနီးရင် ရင်သားတွေ တင်းပြီးနာသလိုမျိုး )၊ အနာပေါက်လို့နာတာ ၊ ချိုင်းမှာ အကျိတ်တွေ ဖြစ်တာစတဲ့ လက္ခဏာ တွေကို ခံစားရနိုင်ပါတယ်။


အမျိုးသားများတွင် ရင်သားစူထွက်ခြင်း

အမျိုးသားတွေမှာ ရင်သားစူထွက်တာ ရှိပါတယ်။ ဆေးပညာအရ Gynaecomasia လို့ခေါ်တယ်။ တချို့တွေမှာ ရင်သားတစ်ဖက်ထဲ စူထွက်လာတာရှိသလို ရင်သားနှစ်ဖက်စလုံး စူထွက်လာတတ်ပါတယ်။


ဘယ်လိုလူနာတွေမှာ ရင်သားစူထွက်သလဲ

          ရင်သားစူထွက်တာက ဘယ်လိုလူတွေမှာ အဖြစ်များလဲဆိုရင် အမျိုးသမီး ဟော်မုန်း အီစထရိုဂျင်ဟော်မုန်းများတဲ့ အမျိုးသားတွေ မှာ ဖြစ်တတ်ပါတယ်။ ကလေးဘဝတုန်းက ပါးချိတ်ရောင်တာ ဖြစ်ဖူးတာကြောင့် ဝှေးစေ့ကနေ သုက်ကောင် မထုတ်လုပ်နိုင်တော့ဘူး။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းက အလိုအလျောက် များလာပါတယ်။ နောက်တစ်ခုက အသည်းရောင် အသားဝါ ဘီပိုး ၊ စီပိုး တွေရှိတာကြောင့် နာတာရှည် အသည်းထိခိုက်ပြီး အသည်းခြောက်တဲ့သူတွေမှာ အမျိုးသမီးဟော်မုန်းကို မချေဖျက်နိုင်လို့ သွေးထဲမှာ ဒီဟော်မုန်းတွေ များလာပြီး ရင်သားစူတာ ဖြစ်လာပါတယ်။ မျိုးရိုးဗီဇ X,Y ခရိုမိုဇုန်းတွေ ချို့တဲ့ရင်လည်း ဖြစ်တတ်တယ်။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်လို့ ဝှေးစေ့ကို ထုတ်ပြီးဟော်မုန်းတွေနဲ့ ကုသမှုပေးတဲ့အခါ ဝှေးစေ့ထုတ်လိုက်တာကြောင့် အမျိုးသားဟော်မုန်းနည်းသွားသူတွေမှာလည်း ရင်သားစူတာ ဖြစ်တတ်ပါတယ်။ အဲလိုလူတွေကတော့ နောက်ပိုင်းမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမယ့် ရင်သားစူထွက်တဲ့ သူမှမဟုတ်ပါဘူး။ ရင်သားမစူထွက်တဲ့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိပါတယ်။


အမျိုးသား ရင်သားကင်ဆာ ဖြစ်နိုင်ခြေများသူများ

          အမျိုးသားရင်သားကင်ဆာ ဖြစ်နိုင်ခြေများသူတွေက မျိုးရိုးဇီဇပေါ့။ Oncogene တွေကြောင့် Mutation ဆိုတဲ့ ဆဲလ်တွေမှာ ထွန်းတာပေါ့။ နောက်ပြီး Oncogene ကိုတားတဲ့ Tumour Supressor Gene က ပျောက်သွားတာ ၊ အမျိုးသားတွေမှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ ၊ အဆီများတဲ့အစာတွေစားတာ ၊ ပတ်ဝန်းကျင် အကြောင်းတရားတွေနဲ့ ဆိုင်တာ၊ နေထိုင်မှု ပုံစံက အနောက်တိုင်းဆန်သွားတာ၊ အဆီအဆိမ့်စားတာ၊ အကင်တွေ စားတာ စတဲ့လူတွေမှာ တခြားသူတွေထက် ဖြစ်နိုင်ခြေပိုများပါတယ်။


အမျိုးသားရင်သားကင်ဆာက ပြန့်ပွားမှု ပိုမြန်

          အမျိုးသားမှာ ဖြစ်တဲ့ ရင်သားကင်ဆာနဲ့ အမျိုးသမီးမှာဖြစ်တဲ့ ရင်သားကင်ဆာဆိုရင် အမျိုးသားတွေမှာ ပိုပြီးဂရုစိုက်ဖို့လိုပါတယ်။ အမျိုးသားမှာဖြစ်တဲ့ ရင်သားကင်ဆာက အမျိုးသမီးတွေမှာထက်ပိုပြီးပြန့်တာ မြန်ပါတယ်။ အမျိုးသားတွေက လှုပ်လှုပ်ရှားရှားနေထိုင်တာကြောင့် သွေးလည်ပတ်မှုပိုကောင်းတယ် ၊ နောက်ပြီး အမျိုးသမီးတွေလို ရင်သားကအဆီသိပ်မများတဲ့အတွက် ဂရုတစိုက်မကုသရင် ရင်သားအောက်မှာရှိတဲ့ Subcutaneous အလွှာနဲ့ ကြွက်သားတွေကို ထိုးဖောက်ပြီး နံရိုးတွေကို လှိုက်စားသွားနိုင်တယ်။ နောက်ပြီး ချိုင်းကို ပြန့်တာကလည်း အမျိုးသမီးတွေထက် ပိုမြန်ပါတယ်။


အမျိုးသမီး ရင်သားကင်ဆာ ကုသသလိုပဲ ကုသရမှာဖြစ်

          ကုသမှုက အမျိုးသမီးတွေမှာ ကုသသလိုမျိုးပဲ အမျိုးသားတွေကိုလည်း ကုသပေးရပါတယ်။ အများအားဖြင့် ရင်သားကင်ဆာ အဆင့်(၁) နဲ့ အဆင့် (၂) ဆိုရင် ရင်သား တစ်ခုလုံးကို ထုတ်ပြီးကုသတာ များပါတယ်။ အမျိုးသားတွေမှာက အမျိုးသမီးတွေလို အလှအပ မလိုတဲ့အတွက် ရင်သားတစ်ခုလုံးထုတ်ပြီး ကုသမှု ပေးပါတယ်။ ရင်သားကို ခွဲစိတ်တဲ့အခါ တစ်ဆက်တည်း ချိုင်းမှာရှိတဲ့ အကျိတ်တွေကိုပါ ဖယ်ရှားပါတယ်။ ပြီးရင် ဓာတ်ရောင်ခြည်ပေးပြီး ကုသပါတယ်။


သတိရှိရန် လိုအပ်

          အမျိုးသားတွေမှာ ရင်သားမှာ မသင်္ကာစရာ အကျိတ်တွေ့တယ်၊ နို့သီးခေါင်းကနေ အရည်လေးတွေ ထွက်တယ်၊ ချိုင်းမှာလည်း အကျိတ်ရှိတယ်ဆိုရင် မရှက်ပါနဲ့။ ဆရာဝန်တွေဆီကို ပြသပါ။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာက အမျိုးသမီးမှာဖြစ်တဲ့ ရင်သားကင်ဆာထက် ပြန့်တာ မြန်တာကြောင် အချိန်ဆွဲ မနေသင့်ပါဘူး။ သေသေချာချာ ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ အဆင့် (၁) မှာ ကင်ဆာကို စတင်တွေ့ရှိပြီး ကုသပါက ၅နှစ်ကနေ ၁၀ နှစ်အတွင်း ရောဂါပျောက်ကင်းမှုက ၉၅ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် စောစောစီးစီး သိရှိပြီး ကုသမယ်ဆိုရင် သက်တမ်းစေ့ နေနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာ စိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)

 

         

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18