Print

အချိန်မှန်မှန် စောင့်ကြပ်စစ်ဆေးပေးသင့်သည့် အသည်းကင်ဆာရောဂါ

  16-May-2019
Preview Image

          ယနေ့ နိုင်ငံတကာတွင် အသည်းကင်ဆာရောဂါဖြစ်ပွားနှုန်း တဖြည်းဖြည်း မြင့်တက်လာပြီး သေဆုံးမှုနှုန်းမှာ တတိယအမြင့်ဆုံး အနေအထားအထိ ရောက်ရှိလာသည်ကို တွေ့နေရပါသည်။ အသည်းကင်ဆာရောဂါမှာ ကမ္ဘာတစ်ဝန်း အဖြစ်အများဆုံး အလုံးအကျိတ်ကင်ဆာ (Most common solid malignancy) အဖြစ် သတ်မှတ်နေပြီ ဖြစ်ပါသည်။


          အသည်းရောင်အသားဝါ ‘ဘီ’ ရောဂါပိုး ‘ စီ ’ ရောဂါပိုးတို့နှင့် ဆက်နွယ်ပြီး အသည်း ကင်ဆာဖြစ်ပွားနှုန်းမှာ နောင် ၁၀ နှစ်၊ အနှစ် ၂၀ ခန့်အကြာတွင် လက်ရှိနှုန်းထားထက် နှစ်ဆခန့် ပိုများလာမည်ဟု ခန့်မှန်းထားကြပါသည်။ ယနေ့အချိန်ကာလတွင် ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူဦးရေ ၁၃၀၀၀ ခန့် ကင်ဆာဖြစ်နေသည်ဟု ယူဆပါက အသည်းကင်ဆာ ဖြစ်ပွားနှုန်းသည် နောင်နှစ်ပေါင်း အနည်းငယ်အတွင်း ၈၁ ရာခိုင်နှုန်းခန့် တိုးလာမည်ဟု မျှော်လင့်နေရပါသည်။ ကင်ဆာ ဖြစ်ပွားနှုန်းတိုးလာသည်နှင့်အမျှ သေဆုံးနှုန်းလည်း တရိပ်ရိပ်များနေပြီ ဖြစ်သည်။ ရောဂါရှာဖွေရေးစနစ် ရောဂါကုသရေးကိရိယာများ၊ ကုထုံးများ အလျင်အမြန် တိုးတက်လာသော်လည်း ၁၉၈၁ မှ ၁၉၈၉ ခုနှစ်အတွင်း အသည်းကင်ဆာဝေဒနာရှင်များကို အသက် ငါးနှစ်ပိုပြီး ရှင်သန်အောင်လုပ်ဆောင် ကုသပေးခဲ့သော ရာခိုင်နှုန်းမှာ သုံးရာခိုင်နှုန်းခန့်သာ ရှိပါသည်။ အကြောင်းရင်းမှာ အသည်းကင်ဆာ ရောဂါသည် ဖြစ်ဖြစ်ချင်း မည်သည့်ရောဂါ လက္ခဏာမှ မဖော်ပြဘဲ ရှိနေသောကြောင့် ဖြစ်ပါသည်။ ရောဂါလက္ခဏာများ ပေါ်ပေါက်ပြီး ရောဂါရှိနေကြောင်း သိရချိန်တွင် ရောဂါမှာ အတော်လည်း ကျွမ်းနေပြီး ကုသပျောက်ကင်းနိုင်သော အခြေအနေမှ လွန်သွားပြီ ဖြစ်ပါသည်။ ရောဂါသည် အများစု၏ ၂၅ ရာခိုင်နှုန်းမှာ တစ်နှစ်ခန့်သာ အသက်ရှည် နေထိုင်နိုင်ပါတော့သည်။


          သို့သော် ရောဂါလက္ခဏာမပြခင် ရောဂါစစ်ဆေးရာမှာ ကင်ဆာဖြစ်နေကြောင်း စောစောသိရှိရလျှင်မူ ကုသနည်းစနစ်များ တိုးတက်မှုကြောင့် အသက်မသေဘဲ ပကတိပျောက်ကင်းနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါသည်။ သို့ကြောင့် အသည်းကင်ဆာရောဂါကို မှန်မှန် စစ်ဆေး စောင့်ကြပ်သင့်ကြောင်း အထူးသဖြင့် အသည်းခြောက်ရောဂါအဆင့် ရှိနေသူများ မဖြစ်မနေ လုပ်ဆောင်သင့်သည့် စစ်ဆေးမှု တစ်ခုအဖြစ် လက်ခံလာပြီ ဖြစ်ပါသည်။


          ရောဂါတစ်ခုကို စောင့်ကြပ်စစ်ဆေးသင့်သည့် အုပ်စုအတွင်း ထည့်သွင်းလာပြီဆိုပါက ထိုရောဂါသည် ပြည်သူအများအတွင်း အမှန်တကယ် ပျံ့နှံ့ဖြစ်ပွားနေရမည်။ ရောဂါကြောင့် သေဆုံးမှုများ ရှိနေရမည်။ ရောဂါရှိကြောင်း ကြိုတင်သိရှိပါက စနစ်တကျ ကုသပျောက်ကင်းနိုင်ရမည် စသော စံနှုန်းများ ပြည့်စုံရမည် ဖြစ်ပါသည်။ ရောဂါကို စောင့်ကြပ်စစ်ဆေးခြင်းသည် ရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်းကို လျှော့ချပေးနိုင်ရမည် ဖြစ်သော်လည်း အဓိက ရည်မှန်းထားသင့်သည့်အချက်မှာ ရိုးရှင်းပြီး  ငွေကုန်ကြေးကျသက်သာသည့် စမ်းသပ်မှု အနည်းငယ် ပြုလုပ်ပေးရုံမျှဖြင့် ဝေဒနာရှင်တစ်ဦးသည် ရောဂါဖြစ်နိုင်ခြေရှိနေပြီ သို့မဟုတ် ရောဂါမဖြစ်နိုင်သေးပါဟု တိတိကျကျ သိရှိရန်ပင် ဖြစ်ပါသည်။


          ရောဂါတစ်ခုခုကို စောစောသိ၊ စောစောကုသနိုင်ပါက အသေအပျောက်နှုန်းကို သေချာပေါက် လျှော့ချနိုင်မည်ဟု ဆိုသော်လည်း ရောဂါတစ်ခုအတွက် စောင့်ကြပ်စစ်ဆေးသည့် စမ်းသပ်မှုများသည် ရောဂါကုသရန် ပြုလုပ်သည့် စမ်းသပ်မှုများလောက် ကောင်းမွန်တိကျသော အဖြေများ ပေးနိုင်ချင်မှ ပေးနိုင်မှာ ဖြစ်ပါသည်။ သို့သော် ရိုးရှင်းလွယ်ကူသည့် စစ်ဆေးမှုသည် စောင့်ကြပ်စစ်ဆေးသင့်သော ရောဂါတစ်ခုအတွက် ပြည်သူအများ အသုံးပြုနိုင်ရန် စရိတ် ကျဉ်းကျဉ်းဖြင့် ထိရောက်မှု ရှိနိုင်မည်ဟု သတ်မှတ်ထားလေ့ ရှိပါသည်။


          အသည်းကင်ဆာရောဂါအတွက် Basic Screening test အဖြစ် အသည်းကို တီဗီဓာတ်မှန်ရိုက်ကြည့်ခြင်း၊ (abdominal ultrasound)နှင့် သွေးအတွင်း ကင်ဆာရောဂါဓာတ်ပစ္စည်း (Alphafetoprotein) စစ်ဆေးခြင်းတို့ကို မဖြစ်မနေ ပြုလုပ်သင့်ကြောင်း ဖော်ပြထားပါသည်။ အသည်းရောင် ဘီ ရောဂါဝေဒနာရှင်များအတွက် ဤကဲ့သို့ စစ်ဆေးခြင်းဖြင့် အသည်းကင်ဆာရောဂါကို ကြိုတင်သိရှိ ကုသပျောက်ကင်းမှုများ ရှိလာပြီဖြစ်ပါသည်။ ဘီရောဂါပိုး မရှိသော်လည်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ အသည်းခြောက်ရောဂါအဆင့် ရှိနေပါက ခြောက်လတစ်ခါ သို့မဟုတ် တစ်နှစ်တစ်ခါ ultrasound နှင့် Alphafeto စစ်ဆေးသင့်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အသည်းရောဂါပညာရှင်များ အသင်းကြီးက ပြဌာန်း ဆော်သြထားပါသည်။ လက်တွေ့သုတေသန ပြုလုပ်လေ့လာချက်များအရ ထိုကဲ့သို့ စစ်ဆေးမှုနှစ်ခု ပြုလုပ်ခြင်းဖြင့် အသည်းကင်ဆာရောဂါကို ကြိုတင်ရှာဖွေနိုင်မှု မြင့်မားသော်လည်း Alphafeto-protein test တစ်ခုတည်းဖြင့် လုံလောက်သော စစ်ဆေးမှု မပြုနိုင်ကြောင်း ပြတ်ပြတ်သားသား ဖော်ပြထားပါသည်။ အကြောင်းရင်းမှာ Alphafetoprotein ဓာတ်ပစ္စည်းသည် အသည်းခြောက်ရောဂါ၊ အသည်းရောင်ရောဂါ၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများတွင်လည်း အနည်းငယ် မြင့်မားနေနိုင်သောကြောင့် ဖြစ်ပါသည်။


          အမေရိကန်နိုင်ငံ၏ အတွေ့အကြုံအရဆိုလျှင် ကနဦး ကင်ဆာဖြစ်နေသူများ၏ ၆၃ ရာခိုင်နှုန်းအထိကို ultrasound နှင့် Alphafeto test များ ပြုလုပ်ပေးရုံဖြင့် ရှာဖွေစစ်ဆေးနိုင်ကြောင်း ဖော်ပြထားပါသည်။ နိုင်ငံတကာမှ သုတေသန စာတမ်းများ၏ အဖြေအရလည်း ဤတွေ့ရှိချက်ကို ထောက်ခံဖော်ပြပေးနေပါသည်။ လူထောင်ပေါင်းများစွာ ပါဝင်သော phase 2 biomarker study တစ်ခုတွင် Alphafetoprotein test သည် တခြားသော biomarker test များဖြစ်သည့် des-gamma carboxy prothrombin (D.CP) နှင့် Lectinbound AFP (AFP-L3) test များထက် ပိုမိုပြီး ရိုးရှင်းထိရောက်သော အဖြေများ ပေးနိုင်သည်ဟု ဆိုပါသည်။


          Screening test အဖြေတစ်ခုအရ အသည်းကင်ဆာ ဖြစ်နိုင်ခြေရှိသည်ဟု သိရှိလာပါက ပိုမိုတိကျသော စမ်းသပ်စစ်ဆေးမှုများအဖြစ် ကွန်ပျူတာဓာတ်မှန် (CT scan)နှင့် သံလိုက်စက်ဝန်းဓာတ်မှန် (MRI scan) တို့ကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် အသည်းကင်ဆာကို တိတိကျကျ ရှာဖွေပေးနိုင်မည် ဖြစ်ပါသည်။ ဆေးသွင်းစစ်ဆေးသည့် MRI angiography test သည် ရောဂါတွေ့ရှိမှု (sensitivity) 75% နှင့် ရောဂါသေချာမှု (specificity) 76% အထိရှိပြီး triphasic spiral CT scan ထက် ပိုမိုကောင်းမွန်ကြောင်း ဖော်ပြလာပါသည်။ ထို့ကြောင့် အသည်းကင်ဆာရောဂါကို မှန်မှန်စောင့်ကြည့် စစ်ဆေးကာ စမ်းသပ်မှုများ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ရောဂါကို အမြစ်ပြတ်အောင် ကုသပေးနိုင်ကြောင်း တင်ပြအပ်ပါသည်။

 

Credit : ပါမောက္ခဒေါက်တာဦးဝင်းနိုင် (အသည်း အထူးကုဆရာဝန်ကြီး)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18