Print

ရင်သားကင်ဆာမဟုတ်သော ရင်သားရောဂါများ - ၂

  14-May-2019
Preview Image

ပြီးခဲ့တဲ့ လကတော့ ရင်သားအရေပြား (Skin ) နဲ့ အရေပြားအောက် (Subdermal) နေရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေကို ထိုက်သင့်သလောက် ဖော်ပြဆွေးနွေးခဲ့ပါတယ်။ အခုတော့ ရင်သားမှာ အဓိကပါဝင်ပတ်သက်နေတဲ့ နို့ရည် ထုတ်လုပ်ရာနေရာဖြစ်တဲ့ နို့ရည်အိတ် Lobules တွေနဲ့ ဒီနို့ရည်တွေကို နို့သီးခေါင်းအထိ ပို့ဆောင်ပေးတဲ့ ပြွန်တွေ (Ducts) အပြင် အရွတ်တွေ၊ အဆီပြင်တွေနဲ့ သွေးကြော၊ အာရုံကြော၊ အဆီရည်ကြော (Lymphatic) တွေက ဖြစ်လာတတ်တဲ့ ရင်သားကင်ဆာ မဟုတ်သော ရင်သားရောဂါများအကြောင်း ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီရောဂါတွေကလည်း ရင်သားအလုံးအကျိတ်အဖုနဲ့ လာတတ်သလို ရင်သားနာကျင်မှုနဲ့ နို့သီးခေါင်းမှ အရည်တွေထွက်ပြီး လူနာတွေကို စိုးရိမ်ပူပန်မှု ဖြစ်စေတတ်တာမို့ ထိုက်သင့်သလောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။


ရင်သား နို့ရည်အိတ်၊ နို့ရည်ပြွန်တွေကြားမှာ ရှိကြတဲ့ အဆီပြင်တွေ၊ အရွတ်မျှင်တွေက ကင်ဆာ မဟုတ်တဲ့ သာမန်ရောဂါဖြစ်တဲ့ Lipoma (အဆီပဋ္ဋိဇီဝဆဲလ်တွေ ကြီးထွားပွားများတဲ့ရောဂါ)အာရုံကြောနဲ့ အရွတ်မျှင်တွေက ကင်ဆာမဟုတ်တဲ့ သာမန်ရောဂါဖြစ်တဲ့ Lipoma (အဆီပဋိဇီဝဆဲလ်တွေ ကြီးထွားပွားများတဲ့ ရောဂါ) အာရုံကြောနဲ့ အရွတ်မျှင်တွေက ဖြစ်တဲ့ Neurofibroma , Fibroma ရောဂါ တွေ့ ရင်သားမှာ အကျိတ်အဖုအနေနဲ့ ပေါ်လာတတ်ပါတယ်။ Lipoma ကတော့ ပျော့တော့တော့ မာတာတာ သိသာထင်ရှားတဲ့ လှုပ်ရှားလို့ရတဲ့ အလုံးအဖုဖြစ်ပြီး နာကျင်ကိုက်ခဲမှုလုံးဝမရှိပါဘူး။ လူနာက စောစောပြသပါက ပမာဏ သေးငယ်တတ်ပြီး မသိနားမလည် ဂရုမစိုက်ဘဲ ကြာရှည်မွေးထားပါက ကြီးမားလာတတ်ကာ ရင်သားပါ အလုံးအကျိတ်နဲ့ ကြီးထွားနေတာ တွေ့ရတတ်ပါတယ်။ Neurofibroma တွေကတော့ အရွတ်နဲ့ အာရုံကြောမျှင်တွေက ဖြစ်လာတဲ့ အလုံးအဖုဖြစ်လို့ မာခဲပြီး သီးသီးခြားခြား စမ်းသပ်လို့ (Well defined) ရပြီး လှုပ်ရှားလို့လဲ ရပါတယ်။ (Mobile) ဒီ အကျိတ်အဖုတွေက မသိသူတွေကို စိတ်သောကရောက်စေတာကလွဲပြီး အထူးအထွေ ပူပင်သောက စိုးရိမ်စရာတော့ မလိုပါဘူး။ တချို့လူနာတွေက ကင်ဆာရောဂါဖြစ်မှာစိုးလို့ ခွဲစိတ်ထုတ်ပစ်တာကတော့ စိတ်အချရဆုံးဖြစ်ပါတယ်။


ဆေးသိပ္ပံလောကမှာ “Nothing is impossible” ဆိုတာလို မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုပေမယ့် ခွဲစိတ်ထုတ်ပြီးတဲ့ သာမန်အလုံးအဖုကတော့ ဘယ်လိုမှ ကင်ဆာမဖြစ်နိုင်တော့လို့ လူနာကလည်း စိတ်ချမ်းသာသွားကြပါတယ်။ ဒီရောဂါတွေကို အလွယ်တကူလည်း စမ်းသပ်သိရှိနိုင်ပြီး အပြင်လူနာအဖြစ်ထုံဆေးထိုးကာ ခွဲစိတ်ထုတ်ပစ်နိုင်လို့ အလုပ်အကိုင်လည်း မထိခိုက်တတ်ပါဘူး။ လူနာကိုရှင်းပြပြီး လူနာ၏ ဆန္ဒအရ ဆောင်ရွက်ပေးသင့်ပါတယ်။


သွေးကြောငယ်လေးတွေက ဖြစ်ပေါ်လာတဲ့အလုံးအဖုက ရှားရှားပါးပါးဖြစ်တတ်ပြီး ပျော့စိစိအလုံးလေးဖြစ်ကာ အရေပြားပေါ်မှာ နီကျင်ကျင် ပြာတာတာ အရောင်တွေကိုပါ မြင်ရပါတယ်။ ဖိလိုက်ပါက ပြားချပ်ပျောက်ကွယ်သွားပေမယ့် ချက်ချင်းပြန်ပြည့်လာတတ်ပါတယ်။ မတော်တဆ ထိခိုက်ပြတ်ရှပါက Cautery ဖြင့် မီးရှို့ဖျက်ဆီးနိုင်သလို ခွဲစိတ်ထုတ်ပစ်လို့လည်းရပါတယ်။


အဆီပြင်မှာ ဖြစ်နိုင်တဲ့ မာမာခဲခဲ အဖု၊ အမြောင်းလေးတွေက မတော်တဆ ဖိမိ၊ ထိခိုက်မိလို့ အဆီပဋိဇီဝဆဲလ်တွေ ပျက်စီးသွားတဲ့ Fat Necrosis ရောဂါ ဖြစ်ပါတယ်။ ဒီပျက်စီးသွားတဲ့ ပဋိဇီဝ နေရာတွေမှာ အနာရွတ်လေးတွေ အရေပြားအောက်မှာ ဖြစ်ပြီး ခန္ဓာကိုယ်က တုံ့ပြန်တဲ့ ပဋိဇီဝဆဲလ်တွေ စုဝေးလာတဲ့ Cellular Infiltrate ကြောင့် ဖြစ်ပါတယ်။ ကင်ဆာဖြစ်စနဲ့ ဆင်တူယိုးမှားဖြစ်လို့ ကာယကံရှင်၏ ဆန္ဒအတိုင်း ခွဲစိတ်ထုတ်ပစ်နိုင်ပါတယ်။


ယခုဆက်ပြီး ဆွေးနွေးမှာကတော့ ရင်သားမှာ အဖြစ်များတဲ့ အကျိတ်အဖုကို ဖြစ်စေပြီး ရင်သားကင်ဆာ ဟုတ်မဟုတ် သမားတော်တွေနဲ့ တွေ့ဆုံဆွေးနွေးစေဖို့ ဖန်တီးပေးတဲ့ ရောဂါများဖြစ်ပါတယ်။ ဒီရောဂါတွေကတော့ Fibroadenoma, Fibrocystic disease နဲ့ Breast Cysts တွေပဲ ဖြစ်ပါတယ်။ ဒီရောဂါတွေဟာ အမျိုးသမီးတွေမှာ အဖြစ်များတတ်လို့ ရောဂါလို့ပင် မသတ်မှတ်ဘဲ ရင်သားတွေရဲ့ပုံမှန် ဖြစ်ပေါ်တိုးတက်မှု၊ ပျက်စီးမှုဖြစ်စဉ်မှာ ပုံမမှန်မှုလို့ပဲ ယူဆကြပါတယ်။ ANDI (Aberration of Normal Development and Involution) Breast ပါ။ Not a Disease ရောဂါမဟုတ်ပါ။ ဆိုလိုတာက ရောဂါမဟုတ်ပါလို့ဆိုတော့ ကင်ဆာမဟုတ်တာသေချာပါတယ်။ ဒါပေမယ့် တချို့ရောဂါက ကင်ဆာဖြစ်ရန် ပိုများသလို ကင်ဆာနဲ့လည်း တွဲလျက်ဖြစ်ပေါ်တတ်လို့ အထူးတော့ သတိထားရမှာ ဖြစ်ပါတယ်။


Fibroadenoma သာမန်အသားလုံးအကျိတ်အဖုဟာ ရင်သား Lobule နို့ရည်အိတ်က ပဋိဇီဝဆဲလ်တွေ ပိုမိုကြီးထွားပွားများလာလို့ ဖြစ်တာပါ။ မာမာခဲခဲ အလုံးလေးပေါ်လာပြီး နာကျင်ကိုက်ခဲမှု မရှိပါ။ တစ်လုံးမကလည်း ပေါ်လာတတ်ပါတယ်။ များသောအားဖြင့် ဆက်ကျော်သက်အရွယ်ကနေ အသက် ၃၀ အတွင်းမှာ အဖြစ်များပြီး ရင်သားအလုံးအဖုလေးဟာ စမ်းကြည့်တဲ့အခါ ဟိုပြေးဒီပြေး Mobile ဖြစ်နေလို့ Breast Mouse လို့ပင် တင်စားကြပါတယ်။ တစ်ခါတလေ သူ့အလိုလိုလည်း ပျောက်သွားတတ်သလို ကင်ဆာရောဂါတော့ လုံးဝမဟုတ်ပါ။ စိုးရိမ်စရာ မရှိပေမယ့် သိပ်ကြီးမားသည်အထိတော့ မထားသင့်ပါဘူး။ သာမန်စမ်းသပ်ရုံ၊ အသက်အပိုင်းအခြားတွေကြောင့် အလွယ်တကူ သိသာနိုင်ပါတယ်။ အသံလှိုင်း Ultrasound ဖြင့် စစ်ဆေးကြည့်ပါက အရည်အိတ်မဟုတ်တာ သိနိင်ပါတယ်။ လူနာကစိုးရိမ်ပြီး ထုတ်ပစ်လိုပါက ဆေးရုံတက်စရာမလိုဘဲ အလွယ်တကူထုံဆေးဖြင့် ခွဲစိတ်ထုတ်ပစ်နိုင်ပါတယ်။ ခွဲစိတ်ထားတဲ့အလုံးကို အလယ်က ဖြတ်ကြည့်တဲ့အခါမှာ ဖြတ်ထားတဲမျက်နှာပြင်တွေဟာ ခုံးထွက်နေပါတယ်။ ကင်ဆာမှာတော့ ဒီမျက်နှာပြင်တွေ ချိုင့်ဝင်နေတာ တွေ့ရပါတယ်။ ပုံသေချာမြင်ရပါက ဓာတ်ခွဲခန်းပို့ပြီး စမ်းသပ်ခန်းလို့ ရပါတယ်။ ဒီ Fibroadenoma မှာလည်း Periductal ဆိုတဲ့ ပြွန်ချောင်းပတ်လည်မှာ အရွတ်တွေ များတဲ့ အမျိုးအစားနဲ့ Intraductal ဆိုတဲ့ ပြွန်ချောင်းထဲမှာ အရွတ်များတဲ့ အမျိုးအစားဆိုပြီး ရှိပေမယ့် နှစ်မျိုး စလုံးလည်း အကျိတ်အဖုတစ်ခုတည်းမှာ ရှိနေတတ်ပါတယ်။ Periductal အမျိုးအစားကတော့ ပိုပြီးမာခဲနေတတ်ပါတယ်။


Fibrocystic Disease မှာတော့ အရွတ်မျှင်တွေများပြီး ရေအိတ်တွေနဲ့ ရောပြွန်းနေလို့ စာရေးသူက အရွတ်ရည်အိတ်ရောဂါလို့ နာမည်ပေးထားပါတယ်။ ဒီရောဂါမှာလည်း နို့ပြွန်တွေ၊ နို့ရည်အိတ်တွေရဲ့ အတွင်းအမြှေးပါးတွေ ကြီးလာမှု များလိုက်၊ လျော့လိုက်ဖြစ်ပြီး အလုံးအဖုလိုပေါ်လာတတ်ပါတယ်။ အမျိုးသမီးများရဲ့ သဘာဝအရ ဟော်မုန်းပြောင်းလဲမှုတွေ လစဉ်ဖြစ်ပေါ်ရာကနေ Balance မဖြစ်လို့ ဖြစ်တာမို့ များသောအားဖြင့် အဖုအထစ်အလုံးတွေ ၊ ရင်သားနေရာအနှံ့မှာ ဖြစ်နေပါတယ်။


အသက် ၂၄ ကနေ ၄၅ နှစ်အတွင်းမှာ ဖြစ်လေ့ရှိပြီး သွေးပေါ်ချိန်ရဲ့ ဒုတိယပိုင်း တစ်နည်း ရာသီမလာခင်မှာ အလုံးအဖုဟာ ပိုမိသိသာတင်းမာလာပြီး ရင်သားနာကျင်မှု ၊ အထိမခံနိုင်မှုတွေဖြစ်လာပါတယ်။ စမ်းကြည့်တဲ့အခါ ရင်သားမှာ မာခဲခဲအလုံးအဖုတွေ ၊ ပျော့တော့တော့ အလုံးအဖုတွေ ပြန့်နေတာ တွေ့ရပြီး မသိသာ၊ မရေရာတဲ့ အနားသတ်တွေ ရှိနေပါတယ်။ လက်မောင်းတွေရဲ့ လှုပ်ရှားမှုများတဲ့အခါ ကိုက်ခဲမှုပိုဖြစ်ပြီး နောက်ကျောနဲ့ လက်မောင်းတွေကိုပါ ပြန့်နေတတ်ပါတယ်။ ဒီလိုလူနာတွေမှာ အသံလှိုင်းနဲ့ (Ultrasound) စစ်ဆေးစမ်းသပ်ပါက အရည်အိတ်လေးတွေ စုပြုံနေတာ၊ အရွတ်တွေများနေတာ တွေ့ရတတ်ပါတယ်။ ဒီရောဂါဟာ ကင်ဆာရောဂါမဟုတ်ပေမယ့် သာမန်လူတွေထက် ကင်ဆာဖြစ်နိုင်ခြေ ၄-၅ဆ ပိုရှိပါတယ်။ ဒါကြောင့် ဂရုစိုက်ဖို့လိုပြီး အကျိတ်အဖုတွေ ပိုကြီးလာ၊ များလာရင် သို့မဟုတ် ပိုပြီးမာခဲ လာရင် သို့မဟုတ် ပိုနာကျင်လာရင် သမားတော်နဲ့ အမြန်ပြစစ်ဆေးခံယူဖို့ အကြံပြုပါတယ်။ သာမန်အားဖြင့်တော့ ခွဲစိတ်ဖို့ မလိုပါဘူး။ အကြောင်းကတော့ ပျံ့နှံ့ရှိနေတတ်လို့ ခွဲစိတ်မှုဟာ လိုသည်ထက် ပိုများသွားနိုင်သလို ခွဲစိတ်ပြီးရောဂါတွေ ကျန်နေတတ်တာလည်း ရှိနိုင်ပါတယ်။ ဖြစ်နိုင်ပါက ဒီရောဂါကို အထူးအထွေ စိုးရိမ်ဖို့ မလိုကြောင်း ကင်ဆာရောဂါမဟုတ်ကြောင်း (Reassurance) နှင့် ထိန်းပြီး အနာသက်သာစေတဲ့ NSAIDs ဆေးများပေးခြင်း၊ Linoleic Acid ပါတဲ့ ဆေးများပေးခြင်း၊ ဟော်မုန်းဓာတ်ပြောင်းဆေးများဖြင့် ကုသခြင်းနဲ့ အရည်အိတ်တွေ ကြီးမားနေပါက အရည်စုပ်ထုတ်ပေးခြင်းများ လုပ်ပေးနိင်ပါတယ်။ တချို့လူနာတွေမှာတော့ Evening Primrose Oil ပါတဲ့ Eposoft လိုဆေးများ၊ Danazol ဆေးများပေးခြင်းဖြင့် အလုံးအဖုတွေ သေးငယ်ပျောက်ကွယ်သွားသလို နာကျင်မှုလည်း လျော့သွားတတ်ပါတယ်။ အကယ်၍ အလုံးအဖုက တစ်နေရာတည်းမှာ စုနေပြီး အရည်ကိုလည်း စုပ်ထုတ်လို့ ပမာဏ မပြောင်းလဲပါက ဒီနေရာကို သီးခြားသတ်မှတ်ပြီး ခွဲစိတ်ထုတ်ပစ်လို့ ရပါတယ်။တချို့မှာတော့ ကင်ဆာဖြစ်စ ဖြစ်နိုင်တဲ့အခြေအနေတွေ ရှိလို့ ခွဲစိတ်ပြီး အပိုင်းအစကို ဓာတ်ခွဲစမ်းသပ်ဖို့ လိုအပ်ပါတယ်။ အဓိကကတော့ လူနာရဲ့ စိုးရိမ်ပူပန်စိတ်ကို သက်သာစေဖို့ ရှင်းပြပြီး ဒီရောဂါအဖြစ်များစေတဲ့ Xanthine ဓာတ်ပါတဲ့ ကော်ဖီ၊ ဒိန်ခဲ၊ ထောပတ်တွေကို ရှောင်ပြီး ဆေးလိပ်မသောက်ရန်တော့ လိုအပ်ပါတယ်။ တစ်စုံတစ်ယောက်က ခွဲစိတ်ရန် အကြံပြုပါကလည်း ဘာကြောင့်၊ ဘယ်လို၊ ဘယ်လောက်ထိ ခွဲစိတ်မယ် ဆိုတာ မေးမြန်းသိရှိပြီးမှ ဆုံးဖြတ်သင့်လှပါတယ်။


Breast Cyst ရင်သားရေအိတ် အလုံးအဖုကလည်း Fibrocystic ရောဂါ အမျိုးအစားမှာ ပါပါတယ်။ ဒါပေမယ့် အလုံးအဖုက တစ်လုံးမက ဖြစ်နိုင်ပြီး မာတင်းကာ အနားသတ်လည်း ပေါ်လွင်ပါတယ်။ သိပ်တင်းတဲ့အခါမှာတော့ အလုံးက မာခဲနေသလို စမ်းသပ်မိပြီး Fibroadenoma ကင်ဆာရောဂါတွေနဲ့ ဆင်တူသွားတတ်ပါတယ်။ အသံလှိုင်း Ultrasound နဲ့ စစ်ဆေးတဲအခါမှာ ကွဲကွဲပြားပြား သီးသီးခြားခြား သိရှိနိုင်ပါတယ်။ ရင်သားမှာ အလုံးအဖုဖြစ်နေတော့ လူနာအနေဖြင့် ကင်ဆာဖြစ်နေမှာစိုးလို့ လာဆွေးနွေးကြတာပါ။ ဘာမှ ဒုက္ခမပေးသလို တချို့မှာတော့ အလုံးအဖု က တင်းပြီး နာကျင်ကိုက်ခဲတာ ၊ ပိုကြီးလာတာတွေ ဖြစ်ပါတယ်။ ရာသီနဲ့လိုက်ပြီးတော့လည်း ခံစားရမှု သက်သာတာ ပိုဆိုးတာ ဖြစ်တတ်လို့ ကင်ဆာရောဂါ ၊ ပြည်တည်နာရောဂါတွေနဲ့ မတူပါဘူး။ အဓိက ကုသနည်းကတော့ ဒီအရည်တွေကို စုပ်ထုတ်ပစ်ဖို့ပါပဲ။ အရည်တွေ စုပ်ထုတ်ပြီးတာနဲ့ အလုံးအဖုလည်း ပျောက်ကွယ်သွားပါတယ်။ တချို့မှာတော့ အရည်တွေ ပြန်စုတဲ့အခါမှာ အလုံးအဖုတွေ ပြန်ပေါ်လာတတ်ပါတယ်။ နှစ်ကြိမ်လောက် စုပ်ထုတ်ပြီးပေမယ့် ပြန်ပေါ်လာတဲ့အခါ၊ အရည်စုပ်ထုတ်ပြီးလည်း မာခဲခဲအလုံးတွေ ကျန်နေသေးပါက ခွဲစိတ်ထုတ်ပြီး ဓာတ်ခွဲစမ်းသပ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ ဒီအရည်အိတ်ထဲမှာ အသားပို တွေ တွေ့ရှိပါက ကင်ဆာ ဟုတ် မဟုတ် ဓာတ်ခွဲစမ်းသပ်ခြင်း Biopsy လုပ်သင့်လှပါတယ်။


ယခု ရင်သားမှာ အဖြစ်အများဆုံးဖြစ်တဲ့ ရောဂါလိုပင် မသတ်မှတ်နိုင်တဲ့ လူနာတွေကို စိုးရိမ်ပူပန်မှု များစေတဲ့ ရောဂါတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခြားရောဂါများဖြစ်တဲ့ ရင်သားပြည်တည်နာ (Breast Abscess)၊ နို့ရည်ပြွန်ရောဂါ (Ductal Ectasia)၊ Duct Papilloma စတဲ့ ရောဂါတွေကိုလည်း ဆက်လက်ဆွေးနွေးပါမည်ဖြစ်ကြောင်းဖြင့် ယခုလ ဆွေးနွေးမှုကို ခေတ္တနိဂုံးချုပ်အပ်ပါသည်။ သောကကင်းဝေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

Credit : ပါမောက္ခ ဦးမြသိန်းဟန်(ခွဲစိတ်အထူးကု သမားတော်ကြီး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18