Print

အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါနှင့် စစ်ဆေးလေ့ရှိသော သွေးစစ်ချက်

  09-May-2019
Preview Image

အမျိုးအစား (၂) ဆီးချို သွေးချို ရောဂါ ရှိ၊ မရှိ စစ်ဆေးသော စစ်ဆေးချက်များ ရှိသလို ဆီးချို သွေးချို ရောဂါရှိနေသူများ ပုံမှန်စစ်ဆေးသင့်သော Test များနဲ့ ရောဂါကုသမှုကို တုံ့ပြန်မှုအား ကောင်း၊ မကောင်း စစ်ဆေးသော Test များဆိုပြီး အမျိုးမျိုးသော စစ်ဆေးချက်များ လုပ်ဆောင်ရလေ့ရှိပါတယ်။


ရောဂါလက္ခဏာများ

ပြင်းထန်စွာ ရေငတ်ခြင်း၊ အာခြောက်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ ဗိုက်မကြာခဏ ဆာခြင်း၊ ခြေချောင်းထိပ်၊ လက်ချောင်းထိပ်လေးများ ကျဉ်ခြင်း စတဲ့ လက္ခဏာတွေ ရှိပါမယ်။ မျိုးရိုးမှာလည်း ဒီရောဂါ ရှိတဲ့သူ ရှိတယ်ဆိုရင် ရောဂါရှိနေခြင်း သေချာစေဖို့ စစ်ရမယ့်စစ်ဆေးချက်တွေ လုပ်ရပါမယ်။


စစ်ဆေးရမည့် နည်းလမ်းများ

1.    FBG / FBS (Fasting Blood Glucose / Fasting Blood Sugar )

သွေးရည်ကြည်ထဲက Glucose ပမာဏကို တိုင်းဖို့ တစ်ညလုံး မစားမသောက်ဘဲ (ည ၁၀နာရီခန့်မှ မနက်အိပ်ရာနိုးသည်အထိ) မနက်အိပ်ရာမှ ထပြီး ဓာတ်ခွဲခန်းကိုသွားကာ သွေးထဲမှ သကြားဓာတ်ကို စစ်ဆေးရတဲ့နည်းလမ်း ဖြစ်ပါတယ်။ ရောဂါမရှိပါက FBS Fasting Blood Sugar normal limit 70-100 mg/dl အတွင်းမှာ ရှိပါမယ်။ FBS (Fasting Blood Sugar) ၁၀၀ အထက် (သို့) 126 mg/dl ကစပြီး ဆီးချို သွေးချို ရောဂါ ရှိနေပြီလို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။

 

2.    2HPP (2 hours Postprandial glucose test)

ဒီ Test ကိုတော့ ဆီးချို ရောဂါ ရှိ၊ မရှိ စတင်သတ်မှတ်နိုင်ဖို့အနေနဲ့ သုံးနိုင်သလို ကုသနေစဉ်မှာလည်း သွေးချိုဓာတ်ကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ ပြန်ဆန်းစစ်ရန် အသုံးပြုနိုင်ပါတယ်။ 2HPP Test လုပ်ရန်အတွက် နေ့လယ်စာ စစားတဲ့အချိန်ကနေ ၂ နာရီပြည့်တဲ့အချိန်မှာ သွေးပြန်ကြော (Vein) ကနေ သွေးထုတ်ယူပြီး သွေးရည်ကြည်ထဲမှာ ရှိတဲ့ glucose ပမာဏကို တိုင်းရမှာ ဖြစ်ပါတယ်။ ပုံမှန်လူမှာဆိုရင် အစာတစ်ကြိမ် စစားချိန်ကနေ ၂ နာရီအကြာမှာ သွေးရည်ကြည်ထဲက Glucose ပမာဏဟာ ပြန်ပြီးကျဆင်းနေပါပြီ။ အစာစားခါစမှာ အချိုဓာတ် ခေတ္တမြင့်တက်သွားပြီး ၂ နာရီပြည့်ချိန်မှာ ပုံမှန် Level ကို ပြန်မကျဘူး (140 mg/dl အောက်မှာရှိနေရပါမယ်) ဆိုရင် သွေးချိုဆီးချို ရောဂါရှိနေပါပြီ (သို့) ရောဂါကုသမှုနဲ့ သွေးချိုထိန်းချုပ်နိုင်မှု အားနည်းနေသေးတယ်ဆိုတာကို ပြတဲ့ သဘောဖြစ်ပါတယ်။


3.    RBS (Random blood sugar test)

ဒီစစ်ဆေးနည်းကတော့ လက်ချောင်းထိပ်ကနေ သွေးဖောက်ပြီး အချိန်မရွေး စစ်ဆေးလို့ရတဲ့နည်းဖြစ်ပါတယ်။ RBS - 200 mg/dl (သို့) 11.1 mmol/L ဆိုရင် 2HPP Test နဲ့ Hb A1c (Haemoglobin A1c) test များကို ဆက်လက်စစ်ဆေးပြီး ရောဂါရှိတာသေချာကြောင်း အတည်ပြုနိုင်ပါတယ်။


4.    Hb A1c (Glycated hemoglobin test)

ဒီသွေးစစ်ချက်က ဘာကိုသိနိုင်သလဲဆိုတော့ လွန်ခဲ့တဲ့ ၂ လ၊ ၃ လလောက်က သွေးတွင်းအချိုဓာတ်ပမာဏကို အကြမ်းဖျင်း သိရှိနိုင်ပါတယ်။ တစ်နည်းအားဖြင့် သွေးထဲက ဟေမိုဂလိုဘင်မှာ တွယ်ကပ်နေတဲ့ သွေးတွင်း Sugar သကြားဓာတ်ရဲ့ ရာခိုင်နှုန်းကို တိုင်းတာပေးတာ ဖြစ်ပါတယ်။ ဟေမိုဂလိုဘင် (Hb) ဟာ အောက်ဆီဂျင်တွေ သယ်ဆောင်ပေးတဲ့ ပရိုတင်း ဖြစ်ပါတယ်။ သွေးတွင်း သကြားဓာတ်များလေလေ ဟေမိုဂလိုဘင်မှာ Sugar တွယ်ကပ်မှုများလေလေ ဖြစ်ပါတယ်။ A1c ပမာဏကို ၂ ကြိမ်ခွဲစစ်လို့မှ ၂ ကြိမ်လုံးမှာ 6.5% (သို့) အဲဒီအထက်မှာ ရှိနေမယ်ဆိုရင် သွေးချိုဆီးချိုရောဂါရှိနေပြီလို့ သေချာပေါက် သတ်မှတ်နိုင်ပါတယ်။ A1C – 5.7% နဲ့ 6.4%ကြား ရှိနေရင်တော့ ဆီးချိုသွေးချိုဖြစ်ခါနီး အခြေအနေကို ရည်ညွှန်းပါတယ်။ 5.7%အောက်ဆိုရင်တော့ ရောဂါ မရှိလို့ သတ်မှတ်ပါတယ်။


5.    OGTT (oral glucose tolerance test)

ဒီ Test လုပ်ဖို့ တစ်ညလုံး အစာမစား၊ အရည်မသောက်နေပြီး မနက်မှာ သွေးတွင်း သကြားဓာတ်ကို တိုင်းရပါမယ်။ ပြီးရင် သကြားရည် (သို့) အချိုရည် သောက်ပြီး နောက်ထပ် ၂ နာရီအကြာမှာ သွေးတွင်း သကြားဓာတ်ကို ထပ်တိုင်းပါမယ်။ အဲဒီလို တိုင်းလို့ သွေးတွင်း သကြားဓာတ် (BSL- Blood sugar level) 140mg/ dl (7.8mmol/L) အောက်မှာပဲရှိတယ်ဆိုရင် Normal ပုံမှန်ပါပဲ။ အဲလိုမှ မဟုတ် 200mg/ dl ကနေ 199/dl ဆိုရင် သွေးချိုဆီးချိုရောဂါ ဖြစ်စအခြေအနေကို ပြပါတယ်။

 

6.    Initial glucose challenge test

ကိုယ်ဝန်ဆောင်စဉ် ဖြစ်တတ်တဲ့ Gestational Diabetes သွေးချိုဆီးချို ဖြစ်ဖို့ အလားအလာရှိ၊ မရှိ စစ်ဆေးတဲ့ Test တစ်ခုဖြစ်ပါတယ်။ စစ်ဆေးတဲ့ နည်းလမ်းကတော့ Glucose အရည်ကို သောက်ပြီး တစ်နာရီအကြာမှာ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။ စစ်လိုက်လို့ 140mg/dl အောက် (7.2-7.8mmol/ L) ဆိုရင် ပုံမှန် အခြေအနေ ဖြစ်ပြီး အဲဒါထက် များနေရင် ကိုယ်ဝန်ဆောင်စဉ် သွေးချိုဆီးချိုဖြစ်ဖို့ အလားအလာ မြင့်နေတာကို ညွှန်ပြပါတယ်။

 

7.    Follow- up glucose tolerane test

ဒါကတော့ Initial glucose challenge test တစ်ရက်လုပ်ပြီး နောက်တစ်ရက်မှာ အဲလိုပဲ ညဘက်ကို fasting လုပ်ထားပြီး မနက်မှာ FBS သွေးတွင်း သကြားဓာတ်ကို ပြန်စစ်ပါမယ်။ ပြီးရင် အချိုရည် သောက်ပါမယ်။ ဒီတစ်ခါ အချိုရည်က အရှေ့ တစ်ခါ ကထက် အချိုပြင်းအား ပိုရပါမယ်။ ပြီးရင် ၃ နာရီ အတွင်း တစ်နာရီတစ်ခါ သွေးတွင်း သကြားဓာတ်ကို တိုင်းတာပါမယ်။ ၃ ခါစစ်လို့ ၂ ခါမှာ ပုံမှန်ရှိရမယ့် သကြားပမာဏထက် များနေပြီဆိုရင် ဒီလူနာဟာ ကိုယ်ဝန်ဆောင်စဉ် ဆီးချို သွေးချိုရောဂါဖြစ်တဲ့ ဝေဒနာ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါတယ်။

Credit : ဒေါက်တာ ခင်မိုးမိုးအောင်

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18