Print

သွေးတိုးရောဂါကို ကိုယ်လက်လှုပ်ရှားအားကစားနဲ့ ထိန်းသိမ်းကာကွယ်ကြမယ်

  03-Mar-2019
Preview Image

          ဆရာဝန်တွေက သွေးတိုးဝေဒနာရှင်တွေကို လေ့ကျင့်ခန်း လုပ်ခိုင်းလေ့၊ အားကစား လုပ်ခိုင်းလေ့ ရှိကြပါတယ်။ အဲဒီလိုလုပ်တာဟာ သွေးတိုးရောဂါသည်ရဲ့ မြင့်မားနေတဲ့ သွေးပေါင်ကို အတိုင်းအတာတစ်ခုအထိ ကျသွားစေရုံမျှမကပါဘူး။ သွေးတိုးရောဂါ ဖြစ်ပွားဖို့ အလားအလာများတဲ့ သူတွေကိုလည်း သွေးတိုးရောဂါအဆင့် မရောက်လာရလေအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ပြဿနာက ဘယ်လောက်အထိ ကိုယ်လက်လှုပ်ရှားမှု ပြုရမှာလဲ။ ဘယ်အတိုင်းအတာလောက်တော့မှ အဲဒီ အကျိုးကျေးဇူးကို ရပါလိမ့်မလဲဆိုတာကို လူနာအများစု (အားလုံးနီးပါး)က မသိရှိသွားကြတာပါပဲ။

 

         ဆေးကျမ်းတွေ အလိုအရဆိုရင်တော့ အဲဒီ အကျိုးကျေးဇူးကို ရဖို့အတွက် သီတင်းပတ်တိုင်းရဲ့ ရက်အများစုမှာ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို (တစ်ကြိမ်ပြုလုပ်တိုုင်း နာရီဝက်နှုန်းနဲ့) ပြုလုပ်ဖို့ လိုပါတယ်။

 

         တချို့ ကျမ်းပြု ဆရာဝန်ကြီးတွေကတော့ ရက်သတ္တပတ်တိုင်းရဲ့ ငါးရက်ထက်မနည်းမှာ ဒါမျိုး ကိုယ်လက်လှုပ်ရှားမှုတွေ၊ အားကစားတွေ လုပ်ဆောင်ရမယ်ဆိုပြီးတော့ ပိုပြီးတိတိကျကျလေး သတ်မှတ်ပေးကြပါတယ်။


          သွေးတိုးဝေဒနာရှင် တစ်ယောက်ဖြစ်တဲ့ သင်ဟာ မြန်မာနိုင်ငံသား အတော်များများလိုပဲ ဘောလုံးဝါသနာရှင် တစ်ယောက်ဖြစ်ပါသလား။ ဒါဆိုရင် နေ့စဉ် ၄၅ မိနစ်လောက် ဘောလုံးကန်ပါ။ ဘောလုံးမကန်ချင်လို့ ဘော်လီဘော ကစားချင်သလား။ တစ်ရက် ၄၅ မိနစ်နဲ့ တစ်နာရီအကြား ကြာမြင့်အောင် ကစားပါ။ ထူးထူးခြားခြား ဘတ်စကတ်ဘော ကစားတာ ဝါသနာပါရင်လည်း နေ့စဉ် ၁၅ မိနစ်၊ ၂၀ မိနစ်လောက် ကစားပါ။

 

         အဲလိုမျိုး  စုကစားဖို့ ဝါသနာတူ အပေါင်းအသင်းတွေ မရှိဘူးလား။ ကိစ္စမရှိပါဘူး။ နေ့စဉ် နာရီဝက်လောက် စက်ဘီးနင်းပါ။ အဲဒီကာလအတွင်းမှာ ငါးမိုင်လောက် ခရီးပေါက်ဖို့တော့ လိုပါတယ်။ ဒီနည်းနဲ့ သာယာလှပတဲ့ သဘာဝရှုခင်းတွေ ကြည့်ရမှာ  ဖြစ်သလို ဒေသန္တရ ဗဟုသုတအသစ်တွေလည်း ရနိုင်ပါတယ်။ မိတ်သစ်ဆွေသစ်တွေလည်း ရရှိလာနိုင်ပါတယ်။ ကျန်းမာရေး လိုက်စားတာ လူမြင်စေချင်တဲ့ ကိုဖိုးကြွားတွေ အနေနဲ့ကတော့ နေ့စဉ် တစ်မိုင်ခွဲကို ၁၅ မိနစ်နဲ့ အရောက်ပြေးဖို့တော့ လိုတာပေါ့။ မပြေးနိုင်ဘူးလား။ ပြဿနာမရှိပါဘူး။ နေ့စဉ် လမ်းလျှောက်ပါ။ နှစ်မိုင်ဆိုတဲ့ ခရီးကို နာရီဝက်နဲ့ ရောက်အောင် လျှောက်ပါ။ နေ့စဉ် မိနစ် ၂၀ လောက် ရေကူးတာကလည်း သွေးတိုးရောဂါအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။


          ပတ်ဝန်းကျင်နဲ့ မပတ်သက်ချင်ဘူးလား။ ရပါတယ်။ ကြိုးခုန်တဲ့ ကစားနည်းရှိပါသေးတယ်။ တစ်ရက်ကို ၁၅ မိနစ်လောက် ကြိုးခုန်ပါ။ အကုန်အကျ မရှိသလောက်နဲ့ ကျန်းမာရေး လိုက်စားနိုင်ပါတယ်။ သင်က အနုပညာမှ ဝါသနာပါတာလား။ အနုပညာလိုက်စားရင်းလည်း ကျန်းမာရေး လိုက်စားနိုင်ပါတယ်။ တစ်ရက်ကို နာရီဝက်လောက် ကမယ်ဆိုရင်လည်း ရှေ့မှာ ပြောထားတဲ့ အားကစားဆီက ရမယ့် အကျိုးကျေးဇူးတွေ  ရနိုင်ပါသေးတယ်။ ဒါပေမယ့် ဖြည်းဖြည်းညှင်းညှင်းလေးကလိုတော့ လိုရာပန်းတိုင်မရောက်နိုင်လောက်ပါဘူး။ ဒိုးဒိုးဒန့်ဒန့်ကဖို့တော့ လိုလိမ့်မယ် ထင်ပါတယ်။

 

         သင့်အနေနဲ့ အားကစားလည်း ဝါသနာမပါဘူး။ အနုပညာလည်း ဝါသနာမပါဘူးဆိုပါစို့။ နိစ္စဓူဝအလုပ်တွေ  လုပ်ရင်းနဲ့လည်း သွေးတိုးရောဂါ သက်သာစေရေးအတွက် အထောက်အကူရနိုင်ပါသေးတယ်။ ကားကို နေ့စဉ် ၄၅ မိနစ်၊ တစ်နာရီလောက်ကြာအောင် ရေဆေးမယ်ဆိုရင် ဒါမှမဟုတ် အဲဒီလောက်ကြာအောင် ပြတင်းပေါက် သန့်ရှင်းရေးလုပ်မယ်၊ ကြမ်းပြင် သန့်ရှင်းရေးလုပ်မယ်ဆိုရင်လည်း စောစောကပြောခဲ့တဲ့ အားကစားလုပ်တာတွေနဲ့ တန်းတူတဲ့ ကျန်းမာရေး ဆုလာဘ်ကို ရမှာပါ။ တစ်ရက်မှာ ၁၅ မိနစ်လောက်ကြာအောင် လှေကားမှန်မှန်တက်ရင်လည်း လုံလောက်တယ်လို့ ဆိုပါတယ်။ ဒါတွေဟာ သင့်အနေနဲ့ အထူးအဆန်းလုပ်ပြီး လုပ်ရတဲ့အလုပ်တွေတော့ မဟုတ်ပါဘူး။ သင့်ရဲ့ အိမ်မှုကိစ္စတွေကို ဒါမှမဟုတ် သင့်ရဲ့ လုပ်ငန်းဆောင်တာတွေကို အဲဒီလို ပုံမှန်အလုပ်များ လုပ်ဆောင်ခြင်းအားဖြင့် အလုပ်လည်းပြီးသလို ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါတယ်။ ကလေးချစ်သူများအတွက်လည်း သတင်းကောင်းတစ်ခု ရှိနေပါသေးတယ်။ သင်ပုံမှန် ထိန်းပေးနေရတဲ့ ကလေးငယ်ကို လှည်းကလေးနဲ့ ထည့်ပြီး တစ်ရက်ကို နာရီဝက်လောက် တွန်းပေးပါ။ သင့်အနေနဲ့ ပြည့်စုံရုံမျှမက ကလေးငယ်အနေနဲ့ကလည်း လူ့လောကကြီးအကြောင်း အမြည်းသဘောလောက် စူးစမ်းခွင့်ရမှာ အသေအချာပါပဲ။


          သင်ဟာ တောရွာမှာနေတဲ့ သူတစ်ယောက်ဆိုရင်လည်း (သင့်မိသားစုက သင့်ကို ပင်ပန်းလှတဲ့ ထွန်ယက် စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်ခိုင်းသည့်တိုင်အောင်) ခြံထဲမှာရှိနေတဲ့ သစ်ရွက်ကြွေတွေ၊ အမှိုက်သရိုက်တွေကို ထွန်ုခြစ်တစ်ချောင်းနဲ့ ဆွဲယူဖယ်ရှားတဲ့ အလုပ်ကို တစ်ရက်မှာ နာရီဝက်နှုန်းနဲ့ လုပ်မယ်ဆိုရင် သွေးတိုးရောဂါ ကုသရေးအတွက် အထောက်အကူ ရရုံမျှမက သင့်ခြံလည်း သန့်ရှင်းလှပလာမှာပါ။


          သင်ကိုယ်တိုင် တောင်ယာ စိုက်ပျိုးရမယ်။ ဥယျာဉ်ခြံလုပ်ငန်းတွေ လုပ်ရမယ်၊ လယ်ယာစိုက်ပျိုးလုပ်ငန်းတွေ လုပ်ရမယ်ဆိုရင်တော့ တစ်ရက်မှာ နာရီဝက်၊ လေးဆယ်ငါးမိနစ်လောက် မှန်မှန်လုပ်ပေးခြင်းအားဖြင့် သင့်ကို ဒုက္ခပေးနေတဲ့ သွေးတိုးရောဂါကို အံတုလာနိုင်မှာ ဖြစ်ပါတယ်။


         အခုတင်ပြတဲ့ အားကစားနည်းတွေ ကိုယ်လက်လှုပ်ရှားမှုတွေကို အခုပြောခဲ့တဲ့ အချိန်တွေအတိုင်း တစ်ဆက်တစ်စပ်တည်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်နေ့မှာ သုံးကြိမ်လောက် ခွဲလုပ်လည်း ရပါတယ်။ တစ်ကြိမ်မှာ ဆယ်မိနစ်ထက်တော့ မလျော့နည်းစေလိုပါဘူး။ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် စည်းနဲ့ စနစ်နဲ့ လုပ်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ အခုလိုမျိုးအလုပ်တွေ အားကစားတွေကို မိနစ်နဲ့ နာရီနဲ့ တိတိကျကျလုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ အဲဒီအတွက်လည်း မပူပါနဲ့။ စောစောကတင်ပြခဲ့တဲ့ အားကစားတွေ ကိုယ်လက်လှုပ်ရှားမှုတွေကို စုပေါင်း အချိုးကျကျ လုပ်ဆောင်လို့လည်း ရပါသေးတယ်။


          သင့်မှာ နှလုံးရောဂါရှိမယ်ဆိုရင် ဒါမှမဟုတ် သင်ဟာ အသက် ၅၀ ကျော်ပြီဆိုရင် ဒါမှမဟုတ် သင်ဟာ အဲဒီအသင့်တင့်သော ကိုယ်လက် လှုပ်ရှားမှုမျိုးတွေနဲ့ အကျွမ်းတဝင် မရှိဘူးဆိုရင် ဒါမှမဟုတ် သင့်ရဲ့ ဆွေစဉ်မျိုးဆက်ထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါရဖူးတဲ့ သူရှိမယ်ဆိုရင် ဒါမှမဟုတ် သင့်ဆီမှာ နည်းနည်းကြီးကျယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုရှိမယ်ဆိုရင် အဲဒီ အားကစားတွေ၊ ကိုယ်လက်လှုပ်ရှားမှုတွေ မပြုခင်မှာ သင့်ရဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် ဆေးအတွက် လေးသွားနိုင်ပါတယ်။

 

ဒေါက်တာ အောင်မိုး

(အထွေအထွေရောဂါ အထူးကုသမားတော်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18