Print

ကင်ဆာဆိုတာ ကံအကြောင်းတရားကြောင့်လား

  24-Apr-2018
Preview Image

အရင်တုန်းက ကင်ဆာဖြစ်စေတဲ့ အကြောင်းတွေထဲမှာ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့တာ၊ ဘတ်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တာတွေတွေ့ရှိခဲ့ပြီးသားပါ။ အသည်းရောင်အသားဝါ ဘီးပိုး၊ စီပိုးတွေဆိုရင် အသည်းကင်ဆာဖြစ်တယ်၊ human papilloma ဗိုင်းရပ်စ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ အဏုမြူဗုံးပေါက်ကွဲလို့ သွေးကင်ဆာ၊ လင်ဖိုးမားတွေ အဖြစ်များတယ်၊ ဒါ့အပြင် မျိုးရိုးဗီဇ နဲ့ခရိုမိုဇုန်းတွေကြောင့်လည်း ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။


နောက်ဆုံးတွေ့ရှိချက်က အတော်လေးထူးဆန်းပါတယ်။ အဲဒါက ကင်ဆာဖြစ်တဲ့သူတွေရဲ့ သုံးပုံတစ်ပုံရဲ့ gene mutation က random ဖြစ်တယ်။ မြန်မာလိုပြောတော့ ကံအကြောင်းတရားတွေပေါ့။ ဖြစ်ချင်တဲ့သူမှာဖြစ်တယ်။ တချို့လည်း မဖြစ်ကြဘူး။ တချို့လည်း အသက် ၁၅-၂၀ နှစ်လောက်ကနေ အသက် ရ၀ လောက်အထိဆေးလိပ်သောက်ပေမဲ့ အဆုတ်ကင်ဆာမဖြစ်တဲ့သူလည်းရှိတယ်။ တချို့လည်းအရက်တစ်သက်လုံးသောက်ပေမဲ့ အရက်ကြောင့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ အဖြစ်ကြဘူး။ ဒီလိုပြောလို့ ဆေးလိပ်၊ အရက်သောက်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။


ကင်ဆာဖြစ်ဖို့ အကြောင်းရင်းရှိရမယ်၊ ခန္ဓာကိုယ် ခုခံစွမ်းအားက မတိုက်ထုတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်၊ မျိုးရိုးဗီဇက အားကောင်းနေတယ်၊ ပတ်ဝန်းကျင်အကြောင်းတရားတွေ အများကြီးစုံနေမှာ ကင်ဆာဖြစ်လာရတာပါ။ တချို့ဆို အတိတ်ကံက အတော်လေးကို ဆိုးရွားပြီး ကုသိုလ်ကံ ကြီးမားတတ်ကြပါတယ်။ အကုသိုလ်ကံကြီးမားတဲ့သူ၊ သူများအသက် သတ်တဲ့သူတွေဟာ အသက်တိုတတ်ကြတယ်။ တချို့လည်း ရုပ်ဆင်းအင်္ဂါချို့ယွင်းတာတွေဖြစ်တတ်ကြတယ်။ တကယ်တော့ ရောဂါကြီးကြီးမားမားဖြစ်တယ်ဆိုတာ အတိတ်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်လို့ မြတ်စွာဘုရားဟောထားတာရှိပါတယ်။


ကင်ဆာဖြစ်ပြီဆိုရင် ဘယ်လောက်နေရမှာလဲဆိုပြီး တချို့လူနာရှင်တွေ၊ လူနာရှင်တွေက မေးတတ်ကြပါတယ်။ လူ့အသက်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ တချို့လည်း သိနေကြပါတယ်။အဆင့် ၁ ဆိုရင် ငါးနှစ်၊ အဆင့် ၄ အဆုတ်၊ အသည်းစတဲ့ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေကိုပျံ့နေပြီဆိုရင် ခြောက်လကနေ တစ်နှစ်လောက်နေရနိုင်ပါတယ်။ ဒါတွေက ယေဘူယျခန့်မှန်းတဲ့သဘောပဲ။ အဲဒီလိုပဲ ခန့်မှန်းလို့ရပါတယ်။ တချို့လည်း ခန့်မှန်းတာထပ် ပိုနေရတဲ့သူတွေရှိသလို၊ တချို့လည်း ခန့်မှန်းတာထပ်စောပြီး သေဆုံးသွားတာတွေလည်းရှိပါတယ်။ ကင်ဆာရောဂါတွေအပြင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုတွေပါ တွဲရှိနေရင်တော့ အသက်ရှင်သန်ဖို့ပိုနည်းတတ်ပါတယ်။


ကင်ဆာဖြစ်တဲ့အကြောင်းထဲမှာ မျိုးရိုးဗီဇက သတိထားရမယ့် အချက်ပါ။ မိဘမျိုးရိုးမှာ ကင်ဆာရှိခဲ့ရင် ကိုယ်လည်း သတိထားဖို့တော့ လိုပါတယ်။ ဓာတုပစ္စည်းတွေကို မလိုအပ်ပဲ မကိုင်တွယ်စေချင်ဘူး။ အော်ဂဲနစ်အစားအစာတွေကိုသာ ဖြစ်နိုင်ရင် စားစေချင်တယ်။ အဆီများတဲ့အစာတွေ၊ ကင်ထားတဲ့အသားတွေ၊ အချိုမှုန့်တွေ၊ အရောင်တင်မှုန့်တွေ ရှောင်စေချင်တယ်။ ပတ်ဝန်းကျင်ညစ်ညမ်းတဲ့နေရာမှာ မနေစေချင်ဘူး။  သွေးမှန်မှန်စစ်သင့်တယ်။ အသက် ၁၂ - ၁၈ အတွင်းမိန်းကလေးတွေကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတွေထိုးထားစေချင်တယ်။ အသက်ကြီးသွားရင်တော့ ထိုးလို့ရပေမယ့် သိပ်မထူးတော့ပါဘူး။


ကင်ဆာဖြစ်တာက ကံအကြောင်းတရားနဲ့ များစွာဆက်စပ်နေပါတယ်။ ကံကောင်းအောင် အရင်ဘဝက ဘယ်လောက် လုပ်ခဲ့လဲဆိုတာ မမြင်နိုင်ပါဘူး။ အခုဘဝမှာ ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းခင်းပေးတာတွေကို လက်တွေ့လုပ်လို့ရပါတယ်။ အသက်ကြီးတဲ့ဘိုးဘွားတွေကို စောင့်ရှောက်တာ၊ ကိုယ့်ထက်ဆင်းရဲချို့တဲ့သူတွေကို ပညာသင်ပေးတာ၊ လှူဒါန်းပေးတာ၊ လူအားနဲ့ ငွေအားတတ်နိုင်တဲ့ဘက်က ဒါနပြုပေးတာ၊ နိုင်ငံအကျိုးအတွက်လုပ်နေတာ စတာတွေကို တတ်နိုင်သလောက် လုပ်ပေးပါ။ စိတ်ကောင်း စေတနာကောင်းထားမယ်ဆိုရင် အမြဲကံကောင်းနေမှာပါပဲလို့ ပြောချင်ပါတယ်။


Dr. Oliver

Credit : ပါမောက္ခစိန်လင်း (ခွဲစိတ်နှင့်ကင်ဆာပါရဂူ)

အာရောဂျံ health magazine/ vol. 291/ October,2016



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18