Print

ကလေးသူငယ်တွေမှာအဖြစ်များတဲ့ မျက်စိစွံခြင်း (Chalazion and Stye)

  18-Mar-2018
Preview Image

အကျဉ်းရှင်းလင်းချက်

မျက်စိစွံခြင်း (Chalazion) ဆိုတာ မျက်ခွံမှာတွေ့ရတဲ့ သေးငယ်ပြီး အများအားဖြင့်နာကျင်လေ့မရှိတဲ့ အဖုသေးသေးလေးပဲ ဖြစ်ပါတယ်။ မျက်စိစွံခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းက မျက်ခွံမှာရှိတဲ့အဆီဂလင်း ပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်။ မျက်စိနှစ်ဖက်လုံးမှာဖြစ်နိုင်ပြီး အပေါ်မျက်ခွံ သို့မဟုတ် အောက်မျက်ခွံမှာလည်း ဖြစ်နိုင်ပြီး ကုသမှုမခံယူလျှင်လည်း ပျောက်ကင်းသွားနိုင်ပါတယ်။ 


ပိုးဝင်လို့ မျက်စိစွံခြင်းဖြစ်ပါက Stye လို့ခေါ်ပါတယ်။ Stye မှာ မျက်ခွံအတွင်းပိုင်းမျက်စိစွံခြင်း(Inernal stye) နဲ့ အပြင်ပိုင်း(External Stye) ဖြစ်ပါက မျက်တောင်မွှေးမြစ်များရောင်ရမ်းခြင်းနဲ့ မျက်ခွံချွေးဂလင်းများရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပိုးဝင်၍ မျက်စိစွံခြင်းဖြစ်ပါက နာကျင်နိုင်ပါတယ်။ 


ဘာလို့ မျက်စိစွံတာလဲ

 အပေါ်မျက်ခွံ သို့မဟုတ် အောက်မျက်ခွံမှာရှိတဲ့ အဆီဂလင်းပိတ်ဆို့ခြင်းကြောင့် မျက်စိစွံခြင်း ဖြစ်တာပါ။ အဆီဂလင်းတွေက ပုံမှန်အားဖြင့် မျက်လုံးရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ အဆီဂလင်းများပိတ်ဆို့၍ရောင်ရမ်းခြင်းအပြင် ဗိုင်းရပ်စ်ပိုးမွှားများကြောင့်လည်း မျက်စိစွံခြင်း ဖြစ်နိုင်ပါတယ်။ 


မျက်စိစွံခြင်း ပိုဖြစ်နိုင်တဲ့သူတွေက

၁။ အဆီပြန်၍ အရေပြားရောင်ရမ်းခြင်း (Seborrheic dermatitis)

၂။ ဝက်ခြံရောဂါ ခံစားနေရသူများ (Acne, Rosacea)

၃။ နာတာရှည် မျက်ခွံရောင်ရမ်းရောဂါ ရှိသူများ(Chronic blepharitis)


ရောဂါလက္ခဏာများ

 မျက်စိစွံခြင်းဟာ အပေါ်မျက်ခွံ သို့မဟုတ် အောက်မျက်ခွံမှာ မနာမကျင်တဲ့အဖုသေးသေးတစ်ဖု အနေနဲ့ ခံစားရတတ်ပါတယ်။ တစ်ခါတည်းမှာပဲ အပေါ်မျက်ခွံရော အောက်မျက်ခွံရောမှပါ ဖြစ်နိုင်သလို မျက်စိ ၂ ဖက်စလုံးမှာပါ ခံစားရတတ်ပါတယ်။ မျက်စိစွံ အဖုရဲ့ အရွယ်အစားနဲ့ နေရာပေါ်မူတည်ပြီး အမြင်အာရုံ ေ၀ဝါးနိုင်သလို အမြင်အာရုံကိုလည်း ခဏတာ ဖုံးကွယ်နိုင်ပါတယ်။ 


 တစ်ခါတစ်လေမှာ ပိုးဝင်ကူးစက်ခြင်းကြောင့် မျက်စိစွံပါက နီရဲရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းပါ ခံစားရတတ်ပါတယ်။ ဒါကြောင့် မိမိကလေးဟာ မျက်စိစွံခြင်းအပြင် နီရဲ၍ ရောင်ရမ်းနေပါက ဆရာဝန်နှင့် အမြန်ဆုံးသွားပြသင့်ပါတယ်။ 


ရောဂါစမ်းသပ်ခြင်း

 အများအားဖြင့် ဆရာဝန်မှ စမ်းသပ်ခြင်းဖြင့် သိနိုင်ပါတယ်။ မျက်လုံးမှ မျက်စိစွံသော အဖုအားကြည့်ရှုစမ်းသပ်ခြင်းဖြင့် သိနိုင်ပြီး ရောဂါရာဇဝင်မေးမြန်းခြင်းဖြင့် ရိုးရိုးမျက်စိစွံခြင်းလား၊ ပိုးဝင်၍ မျက်စိစွံခြင်းလား သိနိုင်ပါတယ်။

 

ကုသခြင်း

 အရေးကြီးတဲ့ ပထမဆုံးအချက်က မျက်စိစွံနေတဲ့ အဖုကို မညှစ်ဖို့ပါ။ တတ်နိုင်သမျှလည်း လက်နဲ့ မထိ၊ မကိုင်မိအောင် ကလေးကို သတိထားစောင့်ကြည့်ရပါမယ်။ အိမ်တွင်းနည်းလမ်းအနေနဲ့ မျက်ခွံပေါ်ကို ရေနွေးဝတ်ဖြင့် တစ်ခါတင်လျှင် ၁၀ မိနစ်ခန့်ဖြင့် တစ်နေ့ကို ၄ ကြိမ်ခန့်တင်ပေးရပါမယ်။ အနွေးဓါတ်က ပိတ်ဆို့နေတဲ့ အဆီဂလင်းတွေကို ပျော်သွားစေနိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပါတယ်။ မတင်ပေးခင်မှာ လက်ကိုသေသေချာချာ သန့်စင်ဆေးကြောထားဖို့ လိုပါတယ်။


 အိမ်တွင်းနည်းလမ်းနဲ့ မသက်သာပါကဆရာဝန်နှင့် သွားရောက်ပြသဖို့ လိုအပ်ပါလိမ့်မယ်။ ဆရာဝန်မှ ရောဂါအခြေအနေအလိုက် ဆေးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ 


ကာကွယ်ခြင်း

 မျက်စိစွံခြင်းကို လုံးဝကာကွယ်နိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ဒါပေမယ့် အတတ်နိုင်ဆုံးအနေနဲ့ ပိုးဝင်ခြင်း၊ ရောဂါအခြေအနေဆိုးရွားခြင်းတွေကို ကာကွယ်နိုင်ရန်အတွက်

၁။ မျက်လုံးအား မထိ၊မကိုင်ခင် လက်ကိုအမြဲတမ်း ဆေးကြောပေးပါ။

၂။ မျက်လုံးနှင့် ထိတွေ့နိုင်သောအရာများ ( မျက်ကပ်မှန်၊ မျက်မှန်) တို့ကို သန့်သန့်ရှင်းရှင်းထားပါ။

၃။ မျက်စိစွံခြင်း ပိုဖြစ်နိုင်သော ရောဂါရှိသူများအနေနဲ့ ရောဂါကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ထိန်းသိမ်းကုသပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ 


ဒေါက်တာကောင်း

Credit: https://www.healthline.com/health/chalazion



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18