Print

Autism (အော်တစ်ဇင်ရောဂါ)

  04-Mar-2018
Preview Image

Autism ရောဂါနဲ့ ပတ်သက်ပြီး ခုနောက်ပိုင်းမှာ လူသိများလာပါတယ်။ မိဘတွေအနေနဲ့ စိုးရိမ်တာစိတ်ပူတာတွေလည်း ရှိတတ်ကြပါတယ်။ ဆေးရုံတွေ၊ လူမှုအဖွဲ့အစည်းတွေမှာလည်း Autism Awareness နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်လာပါတယ်။


အမှန်တော့ ကလေးတွေဟာ ဖွံဖြိုးမှုမှတ်တိုင်လေးတွေကို ပုံမှန်ကျော်ဖြတ်ရမှာပါ။ သူတို့သင်ယူစရာရှိတာလေးတွေကို ပုံမှန်ကျော်ဖြတ်ရမှာပါ။ သူတို့သင်ယူစရာရှိတာလေးတွေကို တစ်ယောက်နဲ့တစ်ယောက် မရှေးမနှောင်းသင်ယူကြရတာပါ။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ဖွံ့ဖြိုးမှုနှောင့်နှေးတာလေးတွေ ဖြစ်နိုင်တာပေါ့နော်။ ဘာသာစကားသင်ယူတာ၊ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်တာ၊ ပြဿနာဖြေရှင်းတာ၊ လူမှုပတ်ဝန်းကျင်နဲ့ သင့်တော်အောင် နေထိုင်တာတွေအပြင် လမ်းလျှောက်တာ၊ တွားသွားတာနဲ့ ပတ်သက်တဲ့ ဖွံ့ဖြိုးမှုတွေလည်း ရှိရပါမယ်။ 

Autism ဆိုတဲ့ရောဂါကတော့ socializing နဲ့ communication လို့ ခေါ်တဲ့ လူမှုပတ်ဝန်းကျင်နှင့် သင့်လျော်အောင်နေတာ၊ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တာ အဲ့အပိုင်းတွေမှာ ပြဿနာရှိတဲ့အတွက် ကလေးကတစ်ယောက်တည်းသီးသီးသန့်သန့် နေထိုင်လေ့ရှိလာပါတယ်။ ပတ်ဝန်းကျင်နှင့်လည်း သဟဇာတမဖြစ်တော့ပါဘူး။ Autism မျိုးကွဲလေးတွေလည်းရှိပါတယ်။ အဲ့ဒါကြောင့် Autism Spectrum Disorder ဆိုပြီး Autism ရောဂါမျိုးနွယ်စုဆိုပြီး ခြုံငုံခေါ်ဆိုလိုက်ကြတာပေါ့နော်။


အဓိကကတော့ (၂) ပိုင်း ပါဝင်ပါတယ်။ လူမှုဆက်ဆံရေးဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်လာတာရယ်၊ ကလေးရဲ့အာရုံဝင်စားမှု အပြုအမူတွေက ကန့်သတ်ထားသလိုဖြစ်တာမျိုးရယ်။ တစ်ခုတည်းကို ထပ်ခါတလဲလဲလုပ်နေတာမျိုး တွေရယ်ပဲဖြစ်ပါတယ်။ လူမှုဆက်ဆံရေးပိုင်းမှာဆိုရင် ပုံမှန်ကလေးတွေဟာ တခြားကလေးတွေ ဒါမှမဟုတ် လူကြီးတွေရဲ့ အပြုအမူပြောဆိုပုံတွေကို တုံ့ပြန်လေ့ရှိတယ်။ အတုခိုးလေ့ရှိတယ်။


ဥပမာ - ကလေးလေးတွေအချင်းချင်းပဲဖြစ်ဖြစ် လူကြီးတွေနဲ့ ပဲဖြစ်ဖြစ် “ ချိုမိုင်မိုင် ” ဖြစ်ဖြစ် “ တူတူရေဝါး ” ဖြစ်ဖြစ် အဲလိုမျိုးလေးတွေ ဆော့ကြတယ်ပေါ့နော်။ Autism ကလေးကတော့ အဲလိုမဟုတ်ပါဘူး။ တစ်ယောက်တည်းပဲ သူစိတ်ဝင်စားရာတစ်ခုကိုပဲ စွဲပြီးဆော့နေတတ်ကြပါတယ်။ နောက်တစ်ခုက ပုံမှန်ကလေးတွေဆိုရင် သူတို့စိတ်ဝင်စားတဲ့အရာလေးတွေဆိုရင် သူတို့ရဲ့မိဘတွေ လူကြီးတွေကိုပြလေ့ရှိပါတယ်။ ဥပမာ - လိပ်ပြာလှလှ လေးတစ်ကောင်ကိုတွေ့ရင် ကလေးက “ မေမေ၊ ဟိုမှာလိပ်ပြာ ” ဆိုပြီးပြတာမျိုး၊ ဒါမှမဟုတ် လက်ညှိုးထိုးပြတာမျိုး လုပ်လေ့ရှိပါတယ်။


Autism ကလေးတွေမှာတော့ အဲလိုလုပ်လေ့မရှိပါဘူး။ သူစိတ်ဝင်စားတာတွေကို သူပဲကြည့်လေ့ရှိပါတယ်။ ပုံမှန်ကလေးတွေဟာ သူတို့ဖြစ်စေချင်တာ ပြောချင်တာတွေကို အမူအရာနဲ့လည်း ပြောတတ်ကြပါတယ်။ ဥပမာ - ချီစေချင်ရင် လက်ကိုဆန့်တန်းပေးတာမျိုးပေါ့နော်။ Autism လေးတွေမှာတော့ အဲလိုလုပ်လေ့မရှိပါဘူး။ နောက်ဆုံးတစ်ခုကတော့ Autism ကလေးတွေဟာ တခြားကလေးတွေနဲ့ သူငယ်ချင်းဖြစ်ဖို့ အခက်အခဲရှိနေတတ်ပါတယ်။ သူတို့ဟာ တစ်ယောက်တည်းလည်း နေလိုကြတာကြောင့်လည်း ပါပါတယ်။ အပြုအမူ၊ စိတ်ဝင်စားမှု အပိုင်းမှာဆိုရင်လည်း ပုံစံကွဲလေးတွေလည်း အများကြီးရှိပါတယ်။ Autism ကလေးတွေဟာ စိတ်ဝင်စားတဲ့အရာတစ်ခုတည်းကိုပဲ အာရုံစိုက်နေလေ့ရှိပါတယ်။ အပြုအမှုတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါလုပ်နေလေ့ရှိပါတယ်။


ဥပမာ - လက်ခုပ်တီးတာမျိုးပေါ့နော်။ အဓိကကတော့ ကလေးကို ထိန်းကျောင်းတဲ့သူတွေ၊ မိဘတွေက သိကြပါတယ်။ သူတို့ရဲ့ ပြောစကားအရပဲဖြစ်ဖြစ်၊ ကလေးကိုစောင့်ကြည့်ရင်းနဲ့ပဲဖြစ်ဖြစ် ဒီကလေးဟာ Autism ရောဂါရှိနေကြောင်း ကို သိနိုင်ပါမယ်။ တကယ်တမ်းတော့ Autism ရောဂါမျိုးကွဲပုံစံကွဲတွေ အများကြီးရှိသလို Autism ကလည်း အကြောင်းရင်းတွေ အများကြီးကြောင့်ဖြစ်လာရတာမျိုး ဖြစ်ပါတယ်။ Autism ရောဂါဟာ မျိုးရိုးဗီဇနဲ့ဆိုင်တယ်လို့လည်း သိရှိရပါတယ်။


Autism ကလေးတစ်ယောက်ရှိတယ်ဆိုရင် နောက်ထပ်သားသမီးက Autism ဖြစ်နိုင်ချေ ၂၀ % ရှိပြီး identical twins လို့ခေါ်တဲ့ အာလုံးတူတဲ့ အမွှာတွေမှာဆိုရင် တစ်ယောက်ဖြစ်ရင် နောက်တစ်ယောက်ဖြစ်နိုင်ချေ ၇၇% ရှိပါတယ်။ ဒါပေမဲ့ ဒါကိုကြည့်ခြင်းအားဖြင့် မျိုးရိုးဗီဇတစ်ခုတည်းကြောင့် မဟုတ်တာလည်း သိနိုင်ပါတယ်။ တချို့ကလည်း အဖေအသက်ကြီးရင် ကလေးက Autism ဖြစ်နိုင်ချေရှိတယ်လို့လည်း တွေ့ရှိရပါတယ်။


မိခင်ကိုယ်ဝန်ဆောင်ချိန်မှာ သောက်တဲ့ဆေးဝါးအချို့ကြောင့် လည်း ဆက်နွှယ်မှုရှိတာမျိုးလည်းရှိပါတယ်။ တကယ်တော့ Autism ဆိုတာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ အကြောင်းရင်းများစွာကြောင့် ဖြစ်လာနိုင်ပါတယ်။ အယူအဆလွဲ တစ်ခုကတော့ ကာကွယ်ဆေးတွေဟာ Autism ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ကာကွယ်ဆေးတွေဟာ Autism လုံးဝမဖြစ်စေပါဘူး။ Autism ကလေးရှိလာပြီဆိုရင်တော့ တခြားကလေးတွေနဲ့ မတူဘဲ သီးသန့်ထောက်ပံ့မှုတွေ လိုပါတယ်။


ကလေးတွေဟာ တခြားကလေးတွေနဲ့ မတူဘဲ အထူးသီးသန့်သင်ကြားမှုတွေ၊ ပညာရေးထောက်ပံ့မှုတွေလိုပါတယ်။ Autism ကလေးတစ်ယောက်နဲ့တစ်ယောက် လိုအပ်တာခြင်းလည်း မတူပါဘူး။ ဒါကတော့ Autism နဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။


Credit : Dr.April




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18