Print

အစာအိမ်ကင်ဆာအကြောင်း သိကောင်းစရာ

  15-Feb-2018
Preview Image

အစာအိမ်ကင်ဆာရှိသူတွေ ဆေးခန်းမှာ လာပြရင် အစာမကြေဘူး၊ အစားအသောက် စားရတာ နည်းနည်းခက်တယ်။ နေရထိုင်ရာတာမကောင်းဘူး၊ တစ်မျိုးကြီးဖြစ်နေတယ် ဆိုပြီး ပြောတတ်ကြပါတယ်။


ပုံမှန်အားဖြင့် ဒီလိုရောဂါလက္ခဏာတွေနဲ့ လာပြခဲ့ရင် စမ်းသပ်ပြီးတာနဲ့ ဆေးစပေးပါတယ်။ ဆေးပေးပြီး ငါးရက်၊ တစ်ပတ်လောက်နေရင် လူနာကို ပြန်ကြည့်ပေးပါတယ်။ မသက်သာဘူးဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းကို မှန်ပြောင်း ကြည့်တယ်။ ရောဂါရှိတာကို မြင်လည်းမြင်ရတယ်။ မသင်္ကာစရာလည်းတွေ့တယ်ဆိုရင် မှန်ပြောင်းကြည့်ရင်းနဲ့ အသားစပါ တစ်ခါတည်း ယူလို့ရတယ်။ နောက်တစ်ခု Barium Meal လို့ခေါ်ပါတယ်။ ဆေးအဖြူလေးသောက်ပြီး အစာအိမ်ကို ဆေးပေးပြီး ရိုက်တာပါ။ အခုနောက်ပို်င်းမှာ အာထရာဆောငး်တို့ CT scan တို့နေရာတကာမှာ ရိုက်လို့ရလာပါပြီ။


 အာထရာဆောင်းက တော်ရုံတန်ရုံကင်ဆာဖြစ်နေသေးရင်တော့ မမြင်ရပါဘူး။ ဒါပေမဲ့ အသည်းနဲ့ အကျိတ်တွေကြီး၊ မကြီးကိုကြည့်လို့ရတယ်။ အကြောထဲကို ဆေးထိုးပြီးတော့ CT scan ရိုက်ရင်တော့ အစာအိမ်နံရံထူလား၊ ပါးလား၊ အလုံးရှိလား၊ အသည်းဘယ်လိုနေလဲ၊ အကျိတ်တွေကောရှိနေပြီလား အကုန်သိရပါတယ်။ အကောင်းဆုံးကတော့ မှန်ပြောင်းကြည့်တာပါ။ မှန်ပြောင်းကြည့်လိုက်မယ်ဆိုရင် အနာလည်းကြည့်လို့ရမယ်၊ နမူနာလည်း ယူလို့ရမယ်၊ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာလည်း သေချာပြောနိုင်ပါမယ်။


အစာအိမ်ကင်ဆာဖြစ်မှန်းသေချာရင် ဘယ်လိုကုသနည်းတွေနဲ့ ကုနိုင်မလဲဆိုတော့ စောစောစီးစီးလည်း သိတယ်။ ခွဲလို့လည်းရနိုင်တဲ့ အခြေအနေရှိတယ်။ ဆိုလိုတာက လူနာမှာ အရမ်းဆိုးရွားတဲ့သွေးတိုး၊ ဆီးချို၊ သွေးကြောကျဉ်းတာတွေမရှိဘူး။ ခွဲစိတ်လို့ရနိုင်တဲ့ အခြေအနေမျိုးလည်း ရှိမယ်၊ ရောဂါဖြစ်တာကို စောစောစီးစီးလည်း သိမယ်ဆိုရင် ဆရာတို့ုက အစာအိမ်ကင်ဆာကို ခွဲပါတယ်။ ခွဲတဲ့နေရာမှာလည်း အစာအိမ်ဖြစ်တဲ့အပိုင်းတင်မကပဲ ကောင်းတဲ့အပိုင်းအတော်များများကိုပါ ထုတ်လိုက်တယ်။


အကျိတ်ရှိရင်လည်း  အကျိတ်တွေကိုပါ ထုတ်ပေးတယ်။ အသည်းကို ပြန့်မပြန့် အသားစယူပေးတယ်။ အစာအိမ်ကင်ဆာကို ခွဲစိတ်ကုသတာက အကြီးစားခွဲစိတ်ကုသမှု Major operation ပါ။ ခွဲစိတ်ပြီးပြန်ဆက်တာကတော့ အမျိုးမျိုးပါပဲ၊ တချို့လူနာတွေကျတော့လညး် အစာအိမ်အချင်းချငး်ပြန်ဆက်ပါတယ်။


အစာအိမ်ကင်ဆာမှာ ခွဲစိတ်ကုသမှုက အဓိကကုသမှုလို့ပြောနိုင်ပါတယ်။ တော်ရုံတန်ရုံ သေးတဲ့ ကင်ဆာတွေကျတော့ ခွဲစိတ်ကုသမှုတစ်ခုတညး်နဲ့တင် ပျောက်ကင်းသွားနိုင်ပါတယ်။ ခွဲစိတ်ကုသမှုပြီးသွားရင်လည်း ဆရာတို့က အသားစယူပြီး စစ်ဆေးပါတယ်။ တခြား ဘယ်အကျိတ်မှမဖြစ်သေးဘူး။ အာလူးအရွယ်လောက်ပဲ ရှိသေးတယ်ဆိုရင် ခွဲစိတ်ကုသမှုတစ်ခုတည်းနဲ့ကိုပဲ လုံလောက်ပါတယ်။


ခွဲစိတ်ကုသတဲ့အခါမှာ ဗိုက်ထဲမှာရှိတဲ့ အကျိတ်ဂလင်းလေးတွေမှာ ပြန့်နေတယ်။ အစာအိမ်နံ့ရံနဲ့ အလွှာလေးခုစလုံးလညး် ပေါက်နေတယ်ဆိုရင်တော့ Chemotherapy လို့ခေါ်တဲ့ ဆေးသွင်းတဲ့နည်းနဲ့ ကုသပါတယ်။ သုံးပတ်အတစ်ကြိမ်၊ အနည်းဆုံး ခြောက်ကြိမ်ကနေ ဆယ်ကြိမ်အထိကင်ဆာဆေးတွေ သွင်းပြီးကုပေးပါတယ်။ အကယ်လို့အရိုးတွေအထိပြန့်သွားတယ်ဆိုရင်တော့ ဖြစ်တဲ့နေရာကို ဓာတ်ရောင်ခြည်ပေးပြီး ကုသပေးပါတယ်။


အစာအိမ်ကင်ဆာရဲ့ ကုသအောင်မြင်မှုဟာ စောစောစီးစီး သိရတဲ့မူတည်ပါတယ်။ အဆင့်တစ်နဲ့ အဆင့်နှစ်မှာ ခွဲစိတ်ကသမှုပေးနိုင်ရင် အသက်ရှင်နိုင်ခြေ ရာခိုင်နှုန်းဟာ ငါးနှစ်ရှိပါတယ်။ ၆၀-၉၀ ရာခိုင်နှုန်းအောင်မြင်မှုရှိပါတယ်။


အစာအိမ်ကင်ဆာက အရေးပေါ်ကုသမှုအနေနဲ့လာနိုင်ပါတယ်။ ဥပမာ သွေးအန်ပြီလာတာ၊ အစာအိမ်ကင်ဆာ၊ အမြှေးပေါက်တာ လို့ခေါ်တယ်။ ကော်ဖီရောင်သွေးအန်တယ်။ ၀မ်းထဲမှာ ကတ္တရာစေးလို သွေးအမည်းတွေပါတတ်တယ်။ အဲဒီလို အရေးပေါ်လူနာတွေမှာ သွေးအန်တာမများရင် အရေးတကြီးမဟုတ်ပေမယ့် များရင်တော့ သွေးပေါင်ချိန်အရမ်းကျမယ်၊ Shock ရှော့ခ် ရမယ့်အဆင့်ဆိုရင်တော့ အိမ်မှာလည်း မကုသင့်သလို ဆေးခန်းမှာလည်း မကုသင့်ပါဘူး။ဆေးရုံမှာပဲ ကုသသင့်ပါတယ်။ဆေးသွင်းကုသဖို့ လိုပါတယ်။ရောဂါကို အမြန်ဆုံးကုသဖို့လိုပါတယ်။ အဲဒီလိုအခြေအနေ မျိုးဆိုရင် ဆေးရုံမှာပဲ ကုသစေချင်ပါတယ်။ 


အစာအိမ်ကနေအူသိမ်ကို ဆက်တဲ့နေရာက ရေမြောင်းတစ်ခု လုံးဝပိတ်သွားသလိုမျိုး ပိတ်သွားရင် လူနာက ဘာစားစားမဝင်ဘူး။ အဆက်မပြတ်အန်ပြီး ရေတွေ၊ ဓာတ်ဆားတွေ လျော့သွားတဲ့အတွက်လူနာက အရမ်းပိန်မယ်၊ အစားအသောက်မဝင်ဘူး၊ ပိန်ချုံးကျသွားမယ်၊ သွေးပေါင်ကျမယ်၊ သွေးအားနည်းတာမျိုးတွေနဲ့ လာတတ်ပါတယ်။ တချို့က အစာအိမ်နံ့ရံပေါက်ပြီးတော့လည်း ရောက်လာတတ်ကြပါတယ်။ အဲဒီမှာ ရင်ဝမ်းခြားအမြှေး လည်းရောင်နေတဲ့အတွက်အရေးပေါ်ခွဲရပါတယ်။ အဲဒီလို ပေါက်တာမျိုးကရှားတော့ရှားပါတယ်။


အစာအိမ်ကင်ဆာကို စနစ်တကျမကုသဘဲ ဆေးမြီးတိုတွေနဲ့ အကြာကြီးကုသနေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ အစာအိမ်ကင်ဆာက တဖြည်းဖြည်းကြီးလာရင် လုံးဝပိတ်သွားမယ်၊ အစာစားလို့ လုံးဝမရတော့ဘူး၊ ဒါမှမဟုတ် သွေးအန်ပြီးမှ လာမယ်ဆိုရင် အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးကျိုးတွေရှိပါတယ်။


အဓိက အကြံပေးချင်တာကတော့ health awareness ပါပဲ၊ တစ်ခုခုထူးခြားရင် ဥပမာ ပုံမှန်မဟုတ်ပဲ အစာမကြေချင်သလိုလိုဖြစ်တယ်၊ ရင်ပြည့်နေသလိုလိုဖြစ်တယ်၊ တစ်ခါမှ မဖြစ်ဖူးတာမျိုးကြုံလာမယ်၊ ဘာအကြောင်းမှ မရှိဘဲကိုယ်အလေးချိန်ကျမယ်၊ တစ်လ နှစ်လအတွင်းမှာ ကို်ယ်အလေးချိန်က ၁၀-၁၅ ပေါင်လောက်ကျလာမယ်ဆိုရင်ဖြစ်နိုင်ရင် ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ အရေးကြီးဆုံးအချက်က ဖြစ်နိုင်မယ်ဆိုရင် ခြောက်လ တစ်ခါ၊ တစ်နှစ်တစ်ခါလောက်တော့ medical check-up လေးပုံမှန်လုပ်စေချင်တယ်။ အဓိကကတော့ ကို်ယ့်ရဲ့ awareness ပါပဲ။


 ခန္ဓာကို ဉာဏ်စောင့်ပါတယ်။ ဥစ္စာကို ကံစောင့်တယ်၊ ကို်ယ့်ရဲ့အသိလေးနဲ့ယှဉ်ပြီး ဂရုစိုက်မယ်ဆိုရင်တော့ ကင်ဆာရောဂါအတော်များများကို ကာကွယ်နိုင်မယ်လို့ထင်ပါတယ်။ အစားအသောက်ဆင်ခြင်ရမယ်၊ တစ်ခါတစ်လေဝိုင်သောက်တာ၊ အသားကင်စားတာက ခေတ်ရဲ့ရေစီးကြောင်းမို့ ဘာမှမပြောလိုပေမယ့် ဒါတွေကို ထပ်ကာထပ်ကာ မလုပ်မိဖို့တော့ လိုပါတယ်။ အမြဲမစားရင်တော့ အကောင်းဆုံးပဲလို့ ဆရာပြောချင်ပါတယ်။


Dr. Oliver

Credit: ပါမောက္ခ ဒေါက်တာစိန်လင်း (ခွဲစိတ်နှင့် ကင်ဆာပါရဂူ)

          အာရောဂျံ (AROGYAM) health magazine/ Vol. 260/ March, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18