Print

ကင်ဆာ

  04-Jan-2018
Preview Image

၁။ အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်ဆုံး ကင်ဆာရောဂါတစ်ခုပါ။ မြန်မာပြည်မှာလည်း အမျိုးသားတွေမှာ အများဆုံးကင်ဆာတစ်ခုပါပဲ။ ကမ္ဘာမှာ နှစ်စဉ် အမျိုးသား ၉၀၀,၀၀၀ နဲ့ အမျိုးသမီး ၃၃၀,၀၀၀ ဟာ ဒီရောဂါကို ခံစားနေကြပါတယ်။ အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ ..


(က) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းနဲ့ အဆုတ်ကင်ဆာဆက်စပ်မှုကို ၁၉၅၀-၁၉၆၀ လောက်ကတည်းက အတိအကျ သိရှိခဲ့ပြီး ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အဆုတ်ကင်ဆာဖြစ်နိုင်တာ ယောကျ်ားတွေမှာ ၁၅ ဆလောက် ပိုများတာတွေ့ရပြီး အမျိုးသမီးတွေမှာ ၁၀ ဆလောက်ပိုများတာ တွေ့ရပါတယ်။ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာဖြစ်ပေါ်မှုဟာ ဆေးလိပ်စသောက်တဲ့ အသက်အရွယ်၊ သောက်သုံးတဲ့နှုန်း၊ ဆေးလိပ်အမျိုးအစားနဲ့ ရှူရှိုက်မှုတွေပေါ် မူတည်တတ်ပါတယ်။


(ခ) တစ်ဆင့်ခံဆေးလိပ်ငွေ့ (Passive Smoking)

မိမိက ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်သောက်သူတွေနဲ့ အတူအလုပ်လုပ်သူ၊ အတူနေထိုင်သူတွေမှာ အဆုတ်ကင်ဆာဖြစ်တယ်ဆိုတာ လေ့လာမှု မြောက်မြားစွာက ပြသပြီး ဖြစ်ပါတယ်။


(ဂ) လုပ်ငန်းခွင် စက်မှုလုပ်ငန်းများ ဓာတ်ငွေ့များ

အထက်မှာပြောပြခဲ့တဲ့အတိုင်း စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွေက ထွက်တဲ့ အခိုးအငွေ့မှာ ပါဝင်တဲ့ဓာတ်ငွေ့တွေဟာလည်း အဆုတ်ကင်ဆာဖြစ်တာကို တွေ့ရှိရပါတယ်။


၂။ ရင်သားကင်ဆာ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခုပါ။ နှစ်စဉ်ကမ္ဘာမှာ အမျိုးသမီးတစ်သန်းလောက်ဟာ ဒီရောဂါဆိုးနှင့် ရင်ဆိုင်နေကြရပါတယ်။ ချမ်းသာတဲ့ နို်င်ငံတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ဖြစ်ရတဲ့ အကြောင်းတွေက အများကြီးရှိပါတယ်။ အဓိကကတော့ မျိုးပွားမှုဆိုင်ရာ အကြောင်းတရားတွေ (အသက်ငယ်ငယ်တွင် ရာသီစပေါ်ခြင်း၊ နောက်ကျမှ သွေးဆုံးခြင်းနှင့် ကိုယ်ဝန်မဆောင်ခြင်း) နဲ့ လူမှုစရိတ် (ကယ်လိုရီများသော အစာများစားခြင်း၊ လှုပ်ရှားမှုနည်းပါးခြင်း) တွေကြောင့်ပါပဲ။


၃။ သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေမှာ ဒုတိယအများဆုံးဖြစ်တဲ့ ရောဂါတစ်ခုပါ။ နှစ်စဉ်လူနာအသစ်ပေါင်း ၄၇၀,၀၀၀ ဟာ ဒီကင်ဆာရောဂါနှင့် သေဆုံးတာတွေ့ရပါတယ်။ သေဆုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ အထက်မှာ ပြောခဲ့သလို HPV လို့ခေါ်တဲ့ Virus တစ်မျိုးကြောင့် ဖြစ်ရတာပါ။ သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့ အကြောင်းအရင်းကတော့ -


၁။ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုပြုသူများ 

၂။ လိင်ဆက်ဆံဖက်များသူ

၃။ လိင်နှင့်ပတ်သက်တဲ့ရောဂါရှိတဲ့ ယောကျ်ားနဲ့ လိင်ဆက်ဆံသူ

၄။ သားသမီးများများမွေးဖူးသူ

၅။ ဆေးလိပ်သောက်သူ

၆။ မိန်းမအင်္ဂါဇာတ်နဲ့ သားအိမ်ခေါင်းတွေမှာ ကြွက်နို့ပေါက်ခြင်း HPV 

၇။ တစ်ကိုယ်ရေသန့်ရှင်းရေး မကောင်းသူ


၄။ ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာဟာ ဖွံ့ဖြိုးပြီးနိုင်ငံများမှာရှိတဲ့ အသက်ကြီးရင့်တဲ့အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပြီး တစ်နှစ်ကို ဒီကင်ဆာရောဂါနှင့် လူ ၂၀၀,၀၀၀ လောက် သေဆုံးကြပါတယ်။ ဖြစ်ရတဲ့ အကြောင်းတရား Rick Factors တွေကတော့ ကယ်လိုရီဓာတ်များတဲ့ အစားတွေ စားတာနှင့် လှုပ်ရှားမှုနည်းတာပါပဲ။ နီဂရိုးလို အသားမည်းတဲ့လူတွေမှာ အများဆုံးဖြစ်ပြီး အသားဖြူသူမှာ အသင့်အတင့်ဖြစ်ကာ ကျွန်တော်တို့လို အာရှတိုက်က လူတွေမှာအဖြစ်အနည်းဆုံးဖြစ်တာ တွေ့ရပါတယ်။


၅။ အူမကြီးကင်ဆာ

အူမကြီးကင်ဆာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်နည်းပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူပေါင်း ကိုးသိန်းလေးသောင်းမှာ အူမကြီးကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းကတော့ လူနေမှုစရိတ်ဖြစ်ပါတယ်။ အဆီများတဲ့ အစားတွေ၊ Refined Carbohydrate နဲ့ တိရစ္ဆာန်အသားတွေ ပိုစားတဲ့ လူတွေမှာ အဖြစ်များတာတွေ့ရပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးရင် ပိုလို့ ဖြစ်စေတတ်တာတွေ့ရပါတယ်။

တချို့သော လေ့လာမှုတွေမှာ အသားစားတာကို လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ပိုစားရင်ဖြစ်နှုန်း နည်းပါးတာကို တွေ့ရပါတယ်။ တချို့မှာတော့ မျိုးရိုးဗီဇကြောင့် မိသားစုလိုက် ဖြစ်တတ်တာကို တွေ့ရပါတယ်။


၆။ ပါးစပ်ကင်ဆာ

ပါးစပ်ကင်ဆာဟာ ဦးခေါင်းနဲ့လည်ပင်းပိုင်း ကင်ဆာတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး လူနာသစ် ၃၉၀,၀၀၀ နှစ်စဉ်ဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုအဖြစ်များတာကို တွေ့ရပါတယ်။ အဓိကကတော့ ဆေးလိပ်သောက်တာကြောင့်ဖြစ်ရပြီး အရက်ပါသောက်ရင် ပိုဖြစ်ပွားတာ တွေ့ရပါတယ်။ အိန္ဒိလိုနိုင်ငံမျိုးမှာတော့ ဆေးရွက်ကြီး ငုံခြင်း၊ ကွမ်းစားခြင်း၊ ကွမ်းငုံခြင်းကြောင့် အဓိက ဖြစ်ရတာကို တွေ့ရှိရပါတယ်။


၇။ အစာအိမ်ကင်ဆာ

အစာအိမ်ကင်ဆာဟာ နှစ်စဉ်လူနာသစ်ပေါင်း ၈၇၀,၀၀၀ မှာ ဖြစ်ပွားလျက်ရှိပြီး အဆုတ်ကင်ဆာပြီးရင် ဒုတိယအများဆုံး သေဆုံးကြတဲ့ ရောဂါပါပဲ။ နှစ်စဉ်လူပေါင်း ၆၅၀,၀၀၀ ဟာ အစာအိမ်ကင်ဆာကြောင့် သေဆုံးကြပါတယ်။ အဲဒီကင်ဆာရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပွားကြတာကို တွေ့ရပါတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဆားအစားလွန်ကဲခြင်းနဲ့ လတ်ဆတ်တဲ့ အသီးအရွက်တွေ အစားနည်းခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အစာအိမ်အနာဖြစ်စေတဲ့ Helicobacter Pyiori ဆိုတဲ့ ပိုးတစ်မျိုးက အစာအိမ်ကင်ဆာ ဖြစ်စေတာကို တွေ့ရှိရပါတယ်။


ကင်ဆာရောဂါကို ဘယ်လိုကာကွယ်ကြမလဲ

• ဆေးလိပ်၊ ဆေးရွက်ကြီးကို ထိန်းချုပ်ခြင်း

• လုပ်ငန်းခွင်မှ ကင်ဆာဖြစ်စေသော အရာများကို တားဆီးခြင်း

• ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ခြင်းနှင့် လျော့နည်းစေခြင်း 

• ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှု လျော့နည်းစေခြင်း

• အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေးထိုးခြင်း


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ မဖြစ်အောင် အကောင်းဆုံး ကာကွယ်နည်းကတော့ ဆေးလိပ်လုံးဝမသောက်ဖို့ ဖြစ်ပါတယ်။ သောက်တတ်ရင်လည်း ချက်ချင်းဆေးလိပ်ဖြတ်ဖို့ပါပဲ။ ဆေးလိပ်သောက်နေရာက ဖြတ်လိုက်ရင် အဆုတ်ကင်ဆာဖြစ်နှုန်း သိသိသာသာ လျော့ကျသွားတာကို တွေ့ရပါတယ်။ နောက်ပြီး သူများဆေးလိပ်ငွေ့ကို မရှူမိအောင် အိမ်မှာအတူနေသူ၊ အလုပ်အတူလုပ်သူတွေကို ဆေးလိပ်မသောက်ပါစေနဲ့။


သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်သင့်သလဲဆိုတော့ .

၁။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်မပြုဖို့၊ အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံမှုမပြုဖို့

၂။ တစ်ကိုယ်ရေသန့်ရှင်းဖို့

၃။ အိမ်ထောင်ဖက်မများဖို့၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့

၄။ ဆေးလိပ်မသောက်ဖို့ စသည်တို့ဖြစ်ပါသည်။


Credit: ဒေါက်တာစိုးအောင် 

ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18