Print

သွေးချိုဆီးချိုရောဂါဝေဒနာရှင်များအတွက် အစာအာဟာရ

  31-Dec-2017
Preview Image


သွေးချိုဆီးချိုရောဂါကုထုံးများအနက် ဝေဒနာရှင်များ မဖြစ်မနေလိုက်နာရမယ့်ကုထုံးက အစာအာဟာရနဲ ့သွေးချိုဓာတ်ကို ထိန်းသိမ်းကုသတဲ့ ကုထုံးအမျိုးအစားပဲ ဖြစ်ပါတယ်။ သွေးချိုဆီးချို ဝေဒနာရှင်များအနေဖြင့် အစာအာဟာရများကို မှန်မှန်ကန်ကန်စားသုံးရန် နဲ ့ မသင့်တော်တဲ့ အစားအစာများကို လုံးဝမစားသုံးကြရန် အထူးပင်လိုအပ်လှပါတယ်။ ဆီးချိုဝေဒနာရှင်များအတွက် သီးသန့်အစားအစာဟူ၍ မရှိပါ။ ဆေးကို အချိန်မှန်မှန် သောက်သုံးသကဲ့သို ့ အစားအစာကို ကုထုံးတစ်ခု အနေနဲ ့ အလေးထားယူဆပြီး အစာအာဟာရကို မှန်မှန်ကန်ကန် အချိုးအဆနဲ ့အချိန်မှန်မှန် မှီဝဲ သုံးဆောင်သင့်ပါတယ်။



သွေးချိုဆီးချိုရောဂါဟာ တစ်သက်လုံးရှိနေမယ့် ရောဂါဖြစ်တဲ့အတွက် ခဏတာ ယာယီအစားရှောင်ခြင်းမျိုးမဖြစ်သင့်ပဲ တစ်သက်လုံး လိုက်နာကျင့်သုံးနိုင်မယ့် အလေ့အထများဖြစ်ရန် လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ၊ အစားအသောက် နဲ ့ ဆေးကို မျှတအောင် မှီဝဲရပါမယ်။ သွေးချိုတက်မှာ စိုးရိမ်ပြီး အစားအသောက် အလွန်အမင်းလျှော့စားကာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါက သွေးချိုဓာတ် အလွန်အမင်းကျသွားခြင်း (Hypoglycemia) အန္တရာယ် ဖြစ်နိုင်ပါတယ်။ သွေးချိုတိုင်းစက် (Glucometer) ဖြင့် မိမိဘာသာ သွေးချိုမှန်မှန် စစ်ဆေးစောင့်ကြည့်သင့်ပါတယ်။



သွေးချိုဆီးချိုသမားများအတွက် အစားအစာများ
(၁) များများစားနိုင်သော အစားအစာများ
-- အမျှင်ဓာတ်ပေါကြွယ်ဝသော ဆန်လုံးညို ၊ ပေါင်မုန် ့ကြမ်း (ပေါင်မုန် ့ညို)၊ သကြားမပါသော ကွေကာအုပ် ၊ ဘာလီ စသော အစားအသောက်များ။
--ဟင်းသီးဟင်းရွက်အမျိုးမျိုး
ဥပမာ - ဗူးသီး၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီး၊ သခွားသီး၊ မရမ်းသီး၊ ကြက်ဟင်းခါးသီး၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းရွက်၊ ဆလပ်ရွက်၊ ကန်စွန်းရွက်၊ မြင်းခွါရွက်၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီ၊ ပဲပင်ပေါက်၊ မျှစ်၊မှို၊ မုန်လာဥနီ/ဖြူ ၊ ကြက်သွန်နီ/ဖြူ ၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ မဆလာ၊ ပဲအမျိုးမျိုး။
- အခွံမာသီးအမျိုးမျိုး( သစ်အယ်သီး၊ သစ်ကြားသီး၊ သစ်ဆိမ့်သီး၊ သစ်ချသီး စသည်)
- ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ လက်ဖက်စို
(ကော်ဖီမစ်နဲ  ့လက်ဖက်ရည်တို့ကိုတော့ ရှောင်ကြဉ်ရပါမယ်)



(၂) အသင့်အတင့် (ဆရာဝန်ညွှန်ကြားသည့်အတို်င်း) စားနိုင်သော အစားအစာများ
- ကစီဓာတ်ပါသော ဆန်၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ် စသောကောက်နှံများနှင့် ပြုလုပ်ထားသော ထမင်း၊ ခေါက်ဆွဲ၊ ကော်ရည်၊ ပေါင်မုန့်၊ ဆန်ကြာဇံ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ ချာပါတီ၊ ပလာတာ၊ တိုရှည်၊ နံပြား၊ ပေါက်စီ စသည်ဖြင့်
- အာလူူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပီလောပီနံဥ စသော သစ်သီးသစ်ဥအမျိုးမျိုး
- ပဲမြစ်၊ ဂျုးမြစ် စသော အမြစ်အမျိုးမျိုး
- အဆီနည်းသော ငါးအမျိုးမျိုး
- ပုဇွန်၊ ပင်လယ်စာများ
- ကြက်၊ ဘဲ၊ အမဲနှင့် ဆိတ်
- ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စသော ဥအမျိုးမျိုး
- မလိုင်ထုတ်ထားသော နို့အမျိုးမျိုး



ငွေကြေးတတ်နိုင်သော သူများအတွက် - ဆီးချိုလူနာရှင်များအတွက် အထူးပြုလုပ်ထားသည့် သကြားမပါသော အစားအစာများ၊ ဆီးချိုနို့မှုန့်အမျိုးမျိုး

(၃) အနည်းငယ်သာ စားသုံးနိုင်သော အဆီများ
- မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီစသော မပြည့်ဝဆီ အမျိုးမျိုး
- အဆီများသော ငါးအမျိုးမျိုး



(၄) ရှောင်ရမည့်အစားအစာများ
- သကြားဓာတ်အလွန်များသည့် လျှာပေါ်တင်လျှင် ချိုလွန်းသော မုန့်အမျိုးမျိုး (ဂလူးကို့စ် ၊သကြား၊ ကြံသကာ ၊ထန်းလျက်၊ ပျားရည်၊ ယိုအမျိုးမျိုး၊ ၄င်းတို့ဖြင့် ပြုလုပ်ထားသော မုန့်အမျိုးမျိုး၊ စားစရာများ ဥပမာ-သကြားလုံး၊ ချောကလက်၊ ရေခဲမုန့်၊ ဂျယ်လီ၊ကိတ်မုန့်၊ ဘီစကစ်၊ ကွတ်ကီးအမျိုးမျိုး၊ ဟာလဝါ၊ ထိုးမုန့်၊ လမုန့်၊ ပဲမုန့်၊ အီကွေ့၊ မလိုင်အချိုလုံးများ စသည်)
- ချိုလွန်းသော အရည်အမျိုးမျိုး (အချိုရည်၊ ဘိလပ်ရည်၊ ၀ိုင်၊ အရက်ချို၊ သကြား/ ကြံသကာတို့ဖြင့် ပြုလုပ်ထားတဲ့ အဖျော်ယမကာ အမျိုးမျိုး)
- ကော်ဖီ၊ လက်ဖက်ရည်၊ ဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ အချိုရည်ပုလင်းများ၊ အချိုရည်ဘူးများ
- သကြားပါသော စည်သွတ်အသီး၊ စည်သွတ်ဖျော်ရည်အမျိုးမျိုး
- ချိုလွန်းသော သစ်သီးများ (သွေးချိုမြင့်တက်နေစဉ် ကစီဓာတ်ညွှန်းကိန်း များသော သစ်သီးများကို မစားသင့်ပါ။)
- အဆီလွန်ကဲသော အစားအစာများ၊ တိရိစ္ဆာန်မှရသော ပြည့်ဝဆီ(saturated fat)၊အကြော်ခံဆီ(trans fat)များဖြင့် စီမံကြော်လှော်ထားသော ဆီကြော်မုန့်အမျိုးမျိုး၊
- အုန်းနို့၊ ထောပတ်တို့နှင့် ပြုလုပ်ထားသော အစားအသောက်များ
- အငန်လွန်ကဲသော အစားအစာများ (ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ အချိုမှုန့်၊ ဟင်းခတ်မှုန့် အလွန်အကျွံသုံးထားသော အစားအစာများ)



ပန်းကန်ပြားဟန်ပြစနစ်ဖြင့် စားသောက်ခြင်း(Plate Model)
- ထမင်းစားပန်းကန်ပြားကြီးတစ်ချပ်၏ လေးပုံတစ်ပုံကို ထမင်း၊ ဂျံု၊အာလူး စသည့် ကစီဓာတ် အစားအစာ ထည့်ပါ။
- လေးပုံတစ်ပုံကို အသား (သို့) ငါး (သို့) ပဲ ထည့်ပါ။
- နှစ်ပုံတစ်ပုံကို ဟင်းသီးဟင်းရွက်များထည့်၍ စားနိုင်ပါတယ်။
- အဆီလျှော့ထားသော နွားနို့တစ်ဖန်ခွက် နဲ့ သစ်သီးတစ်လုံး အချိုတည်းနိုင်ပါတယ်။
- ရေဆာလျှင် ရေကိုသာသောက်သုံး၍ ရေငတ်ဖြေသင့်ပါတယ်။အချိုရည်များ သောက်သုံးခြင်းဖြင့် ရေငတ်မဖြေသင့်ပါ။



သွေးချိုဆီးချိုဝေဒနာရှင်များ အနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးမှသာလျှင် သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စားသုံးသင့်တဲ့အစားအစာများကို မှန်ကန်မျှတစွာ စားသုံးပြီး မသင့်တော်တဲ့ အစားအသောက်များကို လုံးဝရှောင်ကြဉ်ရန် အထူးလိုအပ်လှကြောင်း တင်ပြလိုက်ရပါတယ်။ ။



Credit-ပါမောက္ခ ဦးတင့်ဆွေလတ်(ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်)




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18