Print

အစာအိမ်ကင်ဆာ (Stomach Cancer/ Gastric Cancer)

  25-Feb-2017
Preview Image

အစာအိမ်ကင်ဆာ ဆိုတာ အစာအိမ်နံရံ တစ်လျှောက်မှာ ကင်ဆာဆဲလ်တွေ ပွားများလာခြင်းကြောင့်ဖြစ်ပါတယ်၊ အစာအိမ်ကင်ဆာရဲ့ ကြောက်စရာအကောင်းဆုံး အချက်ကတော့ ရောဂါ ဖြစ်စမှာ သိသာတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိတာကြောင့်
ရောဂါကျွမ်းပြီး တခြား ခန္ဓာအစိတ်အပိုင်းတွေကို ပျံ့သွားတဲ့ အချိန်မှ သိရတဲ့အတွက် ကုသရခက်တဲ့ အခြေအနေ ဖြစ်သွားတတ်ခြင်း ဖြစ်ပါတယ်။

အစာအိမ်ကင်ဆာ ကို ဘာတွေကဖြစ်စေနိုင်လဲ?
---------------------------------------------------

အစာအိမ်ထဲမှာ ကင်ဆာဆဲလ် တွေဘယ်ပုံဘယ်နည်းနဲ့ စတင်ဖြစ်ပေါ်စေတဲ့ ဆိုတဲ့ အကြောင်းကို ရှာဖွေမသိနိုင်ကြသေးပေမယ့် အစာအိမ်ကင်ဆာဖြစ်နိုင်ချေကို အားပေးတဲ့ အချက်တွေတော့ တွေ့ရှိထားပါတယ်။
- နာတာရှည်အစာအိမ်အနာဖြစ်ခြင်း
- H.pylori လို့ခေါ်တဲ့ ပိုးတစ်မျိုးအစာအိမ်မှာကြာရှည်ကပ်တွယ်ခြင်း
- အစာအိမ်ယောင်ခြင်း
- နာတာရှည် သွေးအားနည်းရောဂါရှိခြင်း
- အစာအိမ်တွင်း အသားပိုအလုံးများရှိခြင်း (gastric polyp) စတဲ့ ရောဂါအခြေအနေတွေအပြင်
- ဆေးလိပ်သောက်ခြင်း
- မီးခိုးကြပ်တိုက်ထားသောအစာများ၊ အကင်များ၊ ဆားစိမ်၊သနပ်များ၊ နဲ့ အငံများသောအစားအစာ များစားခြင်း
- အသားအလွန်အကျွံစားခြင်း
- အဝလွန်ခြင်း
- အေ သွေးအုပ်စုဝင်များ
- မိသားစုတွင် အစာအိမ်ကင်ဆာ ဖြစ်ဖူးခြင်း နှင့်
- မျိုးရိုးဗီဇ ပုံမှန်မဟုတ်ခြင်း စတာတွေ ဖြစ်ပါတယ်။ 
နေ့စဉ်နေထိုင်စားသောက်ပုံမမှန်တာတွေ နဲ့ မျိုးရိုးဗီဇအရလည်း အစာအိမ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေပြတတ်လဲ?
-------------------------------------

အစပိုင်းမှာတော့
- ပျို့ခြင်း၊ အန်ခြင်း
- မကြာခဏ ရင်ပူတတ်ခြင်း
- အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း တွေဖြစ်နိုင်ပါတယ်။
ဒီအချက်တွေက လူတော်တော်များများမှာ ဖြစ်နေလေ့ရှိပြီး ဒါတွေဖြစ်နေတိုင်း အစာအိမ်ကင်ဆာရှိနေတယ်လို့ ပြောတာမဟုတ်ပါဘူး။ မိမိမျိုးရိုးမှာ ဖြစ်ဖူးတဲ့ လူလည်းရှိမယ်။ အစာအိမ်ရောဂါ အခံလည်းရှိနေမယ်၊ အရမ်းကို ကြာရှည်ဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့စောစီးစွာ ပြသတိုင်ပင်ပြီး ရောဂါ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။ 

နောက်ပိုင်း အစာအိမ်ကင်ဆာ ပိုဆိုးလာတဲ့ အချိန်မှာတော့ 
---------------------------------------------------------------
- အစာအိမ်နေရာမှ နာခြင်း( အစာစားပြီး ပိုဆိုးတတ်ပါတယ်)
- အမြဲတမ်းလိုလို လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- မစားနိုင်လောက်အောင် ပျို့အန်ခြင်း
- ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း
- ဗိုက်မှာ အလုံးစမ်းမိခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
- ဝမ်းသွားရင် သွေးပါခြင်း
- အားနည်းခြင်း၊ အပင်ပန်းမခံနိုင်ခြင်း
- မျက်လုံးဝါခြင်း၊ အသားဝါခြင်း။

အစာအိမ်ကင်ဆာ ကို ဘယ်လိုရှာဖွေလို့ရနိုင်လဲ?
-----------------------------------------------------

- အစာအိမ်မှန်ပြောင်းထဲ့၍ ရောဂါ ရှာခြင်း
- ဘေရီယမ်ဆေးရည်မျို၍ အစာလမ်းကြောင်းဓါတ်မှန်ရိုက်ခြင်း (Barium Meal X-ray )
- အသားစယူ၍စစ်ဆေးခြင်း
- CT Scan ရိုက်ခြင်း
- သွေးစစ်ဆေးမှုလုပ်ခြင်း

ဘယ်လိုကုသလို့ရလဲ?
------------------------
- Chemo ဆေးသွင်းကုသခြင်း
- ဓါတ်ကင်ခြင်း
- ခွဲစိတ်ကုသခြင်း
စတဲ့ နည်းတွေနဲ့ ကုနိုင်ပါတယ်။ ဘယ်နည်းက အကောင်းဆုံး လဲဆိုတာတော့ ရောဂါရဲ့အဆင့်၊ ကင်ဆာအမျိုးအစား၊ လူနာရဲ့အသက်အရွယ် နဲ့ခံနိုင်ရည်အားတို့ပေါ်မူတည်ပါတယ်။

ဘယ်လိုကာကွယ်နိုင်လဲ?
--------------------------
သားအိမ်ခေါင်းကင်ဆာ လိုမျိုးကာကွယ်ဆေးထိုးပြီး ကာကွယ်နိုင်တဲ့ နည်းမျိုးမရှိ
ပေမယ့် အစာအိမ်ကင်ဆာ ဖြစ်ရန်အားပေးနေတဲ့ အချက်တွေကို ရှောင်ပေးခြင်းဖြင့် ကင်ဆာဖြစ်စေမယ့် မျိုးရိုးဗီဇ ပါလာရင်တောင်မှ ရောဂါ ဖြစ်စဉ်နှေးအောင် ၊ ဖြစ်နိုင်ချေနည်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ 

ဥပမာ_
ဆေးလိပ်သောက်တာရပ်မယ်
အကင်တွေ၊ အငံတွေ အပူအစပ်တွေ လျှော့စားမယ်
လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်
အစာအိမ်နာရှိလျှင် ထိထိရောက်ရောက်ကုသမှုခံမယ် စတာတွေဖြင့် ဆင်ခြင်နေထိုင်သင့်ပါတယ်။
ဒါ့အပြင် ကြိုတင်စစ်ဆေးမှုခံကာ ရောဂါရှာဖွေခြင်းကို လည်း တတ်ကျွမ်းတဲ့ဆရာဝန်တွေ နဲ့ ဆွေးနွေးပြီး လုပ်နိုင်ပါတယ်။

Healthcare.com.mm

Ref:
MyatPwint
Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18