Print

သွေးချို အလွန်အကျွံနည်းခြင်း

  25-Feb-2017
Preview Image

သွေးချိုလူနာများတွင် တစ်ခါတစ်ရံ သွေးတွင်းသကြားဓာတ် အလွန်အကျွံ နည်းသွားတတ်သည်။ ဟိုက်ပို (Hypoglycaemia) ဟု လူတော်တော်များများ သိကြသည်။ သွေးတွင်းသကြားဓာတ် ၆၃ မီလီဂရမ် ရာခိုင်နှုန်း သို့မဟုတ် ၃.၅ မီလီမိုးလ်/လီတာ ပမာဏအောက်လျော့နည်းသွားချိန်တွင် လူနာမှာ သွေးချိုဓာတ်နည်းသည့်ပမာဏများ စတင်ခံစားရလေ့ရှိသည်။ ဗိုက်ဆာသည့် ခံစားမှုပေါ်လာခြင်း၊ နွမ်းနယ်ခြင်း၊ ရင်တုန်ခြင်း၊ ခြေလက် ကတုန်ကယင်ဖြစ်ခြင်း၊ ချွေးစေးများ ထွက်ခြင်းနှင့် ဖြူဖပ်ဖြူရော် ဖြစ်လာခြင်း စသည်တို့ခံစားရနိုင်သည်။ ထို့ထက်ပို၍ သွေးချိုနည်းလာပါက လှုပ်ရှားမှု အပြုအမူများ မှုမမှန်ဖြစ်လာခြင်း၊ စကားပြောမမှန်ခြင်း၊ ကယောက်ကယက်ဖြစ်လာခြင်း စသည့် လက္ခဏာမျိုးစုံ ခံစားရလေ့ရှိသည်။ 

သွေးတွင်းသကြားဓာတ်တိုင်းရန် အဆင်မပြေပါက သွေးချိုကျတာ ဖြစ်နိုင်ပါသည်ဟု သတ်မှတ်ပြီး အချိုရည်သောက်သင့်ပါသည်။ သွေးချိုမကျဘဲ တက်နေပါကလည်း သောက်သည့်ပမာဏမှာ သွေးချိုအလွန် မြင့်တက်လောက်အောင် မများ၍ စိုးရိမ်စရာမလိုပါ။ သွေးချိုရောဂါ၏ နောက်ဆက်တွဲ အာရုံကြောထိခိုက်ပျက်စီးမှု ရှိနေသောလူနာများတွင် အထက်ဖော်ပြပါလက္ခဏာများ ငုပ်နေတတ်သည်။ လူနာမှာ သွေးတွင်းသကြားဓာတ် အလွန်နည်းနေသော်လည်း မည်သည့်လက္ခဏာမှ ခံစားရခြင်းမရှိ ဖြစ်နေတတ်သည်။ ကုသမှု စောစောစီးစီး မရသဖြင့် သတိမေ့မြောသည်အထိ ဆိုးရွားတတ်သည်။

သွေးချိုနည်းသည့်လက္ခဏာစတင်ပေါ်လာသည့်အချိန်တွင် သကြားရည်၊ အချိုရည်သောက်လိုက်ပါကခံစားနေရသော ဝေဒနာများချက်ချင်းသက်သာသွားမည်ဖြစ်သည်။ သို့ရာတွင် အချိန်ကြာမြင့်စွာ သတိမထားမိပါက သတိမေ့မြောသည်ထိ ဖြစ်နိုင်သည်။ ထို့ထက်ပို၍ အချိန်ကြာမြင့်သွားပါက ဦးနှောက်လုပ်ငန်း နာတာရှည် ပျက်စီးသွားနိုင်သည်။ သတိ၊ မှတ်ဉာဏ်၊ အတွေးအခေါ် စသည်တို့အားလုံး လုံးဝ ရေရှည်ပျက်စီးသွားနိုင်သည်။

ဟိုက်ပိုကုသခြင်းသည် ဂလူးကို့စ် သို့မဟုတ် သကြားပေးခြင်းဖြစ်သည်။သွေးချို အနည်းငယ်ကျသော ၊ ဟိုက်ပိုလက္ခဏ စတင်ခံစားရသော၊ သတိကောင်းသော လူနာများသည် ဂလူးကို့စ်ရည်၊သကြားရည်၊ အချိုရည် တစ်မျိုးမျိုါ်သောက်ရန်ဖြစ်သည်။ သွေးချိုအလွန်အကျွံ ကျနေသော၊ သတိမေ့မြောနေသော လူနာများမှာမူမိမိကိုယ်တိုင် အချိုရည်သောက်ရန် မဖြစ်နိုင်တော့ပေ။ အိမ်သားတစ်ဦးဦးမှ ကူညီပြုစုရန် သို့မဟုတ် ဆေးရုံ ၊ ဆေးခန်းသို့ ပို့ရန်ဖြစ်သည်။သတိမေ့မြောနေသော လူနာကို အတင်းအဓမ္မ အစာမကျွေးရန် ၊ အချိုရည်မတိုက်ရန် အရေးကြီးသည်။ လေပြွန်နှင့် အဆုတ်အတွင်းသို့ အစာဝင်သွားမည်ကို စိုးရိမ်ရပါသည်။ ပါးစောင်ထဲ ဂလူးကို့စ်အမှုန့်ပွတ်ပေးပါကလည်း သက်သာနိုင်သည်။ ဆေးရုံ၊ ဆေးခန်းမရောက်မီ ယာယီသဘောကုသခြင်းသာဖြစ်သင့်သည်။ ဆရာဝန်က ဂလူးကို့စ်အကြောဆေး ထိုးပေးမည်ဖြစ်သည်။သွေးတွင်းသကြားဓာတ် မြင့်တက်စေသော ဂလူကာဂွန်(Glucagon)ထိုးဆေးကိုလည်း အသုံးပြုနိုင်သည်။အသားဆေးဖြစ်သဖြင့် လူနာကိုယ်တိုင် ဆောင်ထားပြီး လိုအပ်သည်နှင့် ကိုယ်တိုင်ထိုးနိုင်အောင် သင်ထားသင့်သည်။

ဟိုက်ပို တစ်ကြိမ်ရဖူးပါက နောက်ထပ် ထပ်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် နောက်ထပ်မဖြစ်အောင် ကာကွယ်ရန်လိုသည်။ ဟိုက်ပိုဖြစ်စေသော အကြောင်းရင်းကိုရှာပြီး ဖယ်ရှားကုသရန်ဖြစ်သည်။ အဖြစ်အများဆုံးအကြောင်းမှာ သွေးချိုကျဆေး ပမာဏများခြင်းဖြစ်သည်။ လူနာကိုယ်တိုင်ကလည်း သွေးချိုကျချင်စိတ်နှင့်ဆေးကို ဆရာဝန်ညွှန်ကြားသည်ထက် ပိုသောက်ပါက ဟိုက်ပိုဖြစ်လေ့ရှိသည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုသည်။ သွေးချိုကို အလျင်အမြန်ချရန် မလိုကြောင်း၊ တဖြည်းဖြည်းကျခြင်းက ပိုသင့်တော်ကြောင်း၊ သွေးချို၏ နောက်ဆက်တွဲပြဿ နာများကို ကာကွယ်ရန် ရည်ရွယ်ကုသခြင်းဖြစ်ကြောင်း သိထားသင့်ပါသည်။အင်ဆူလင်ထိုးပြီး၊ ဆေးသောက်ပြီး အစာစားရန်မေ့ခြင်း၊ အစားအစာအရန်သင့်မဖြစ်မီ အင်ဆူလင်ထိုး၊ ဆေးစားမိခြင်းတို့သည် ဟိုက်ပိုဖြစ်စေတတ်ကြောင်း သတိထားပြုပြင်သင့်ပါသည်။ ဒါ့အပြင် ပုံမှန်လုပ်နေကျထက် ပိုမိုပြငး်ထန်သော၊ပိုမိုကြာမြင့်သော လေ့ကျင့်ခန်းလုပ်လျှင် သွေးချိုအလွန်အကျွံကျနိုင်ကြောင်း၊ အရက် ကလည်းသွေးတွင်းသကြားဓါတ်ကျစေကြောင်း သတိထားစေလိုပါတယ်။

Healthcare.com.mm

Ref:
ပါမောက္ခနေဝင်း (ဆေးပညာ) 
သွေးချိုရောဂါအကြောင်းသိသင့်သမျှ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18