Print

အဆုတ်ကင်ဆာဖြစ်ပွားမှု

  25-Feb-2017
Preview Image

အဆုတ်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး သေဆုံး
မှုနှုန်းလည်း အမြင့်ဆုံးဖြစ်သည်။ အမျိုးသားများတွင် အဖြစ်များဆုံး ကင်ဆာဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အဆုတ်ကင်ဆာလူနာသစ် ၁.၆ သန်းကျော် (အမျိုးသား ၁ သန်းကျော် ပါဝင်) တွေ့ရှိခဲ့ရသည်။ ကင်ဆာရောဂါ ဖြစ်ပွားမှု စုစုပေါင်း၏ ၁၂.၇ ရာခိုင်နှုန်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အဆုတ်ကင်ဆာဖြင့် သေဆုံး
ရသူပေါင်း ၁.၃၇ သန်းအထိ ရှိသည်။ အဆုတ်ကင်ဆာသည် ဗြိတိန်နိုင်ငံတွင် ဒုတိယ
အများဆုံးဖြစ်ပွားသည့် ကင်ဆာဖြစ်သည်။ ကင်ဆာလူနာ နှစ်ဦးတွင် တစ်ဦးသည် အဆုတ်ကင်ဆာဖြစ်သည်ဟု လေ့လာချက်များအရ သိရှိရသည်။ အမေရိကန်ပြည်ထောင်
စုတွင် နှစ်စဉ် အဆုတ်ကင်ဆာ လူနာသစ် ၁၇၅,၀၀၀ ခန့် တွေ့ရှိရသည်။ မိမိအထက်
အရာရှိ တစ်ဦးမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က အဆုတ်ကင်ဆာဖြင့် ကွယ်လွန်
ခဲ့သည်။ အသက် ၅၀ အရွယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသမှု
ခံယူခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာလည်း ဦးနှောက်သို့ ပျံ့နှံ့ခဲ့သည့် အဆုတ်
ကင်ဆာဖြင့် နယ်မှလာရောက်ကုသခဲ့ သော်လည်း အချိန်နှောင်းသဖြင့် ကွယ်လွန်ခဲ့
ရှာသည်။ အဆုတ်ကင်ဆာလူနာများ၏ ၉၀ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သူ များဖြစ်သည်ကို တွေ့ရရှိရသည်။

ဖြစ်ပွားရခြင်းအကြောင်းရင်း
------------------------------

လွန်ခဲ့သည့် ၁၀ စုနှစ်များစွာကကတည်းကပင် ဆေးလိပ်သောက်ခြင်းနှင့် အဆုတ်ကင်ဆာဖြစ်ပွားမှု တိုက်ရိုက်ပတ်သက်နေကြောင်း သိရှိခဲ့ပြီးဖြစ်သည်။ အဆုတ်
ကင်ဆာဖြစ်ပွားမှု ၈၇ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်မှုနှင့် ဆက်စပ်နေသည်။
အဆုတ်လေပြွန်များ၏ အတွင်းမြှေးရှိ စီလီယာ (cilia) ခေါ် အမွေးအမှင်လေးများသည် ချွဲသလိပ်များကို အထက်သို့ ပြန့်ပို့ပေးပြီး စွန့်ပစ်နိုင်ရန် ကူညီသည်။ ဆေးလိပ်ကြာရှည်
သောက်သူတို့တွင် လေပြွန်ရှိ cilia များမှာ ပျက်စီးသဖြင့် ချွဲသလိပ်စင်ရန် မပြုလုပ်နိုင်
တော့ချေ။ ထိုအခါ အဆုတ်ရှိ လေအိတ်လေးများ (alveoli) ထဲသို့ ရောက်သွားသည့်
လေမှာ မသန့်စင်ဘဲ ဖုန်မှုန့်များ၊ ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းများ၊ ပါဝင်လာသည်။ ယင်းတို့သည် အဆုတ်တွင် ရောက်ရှိအနည်ထိုင်ပြီး ကင်ဆာဖြစ်စေသည်။ ဆေးလိပ်လုံးဝ
မသောက်သူနှင့်ယှဉ်လျှင် ဆေးလိပ်သောက်သူတွင် အဆုတ်ကင်ဆာဖြစ်ရန် အလား
အလာပိုများသည်။ ဆေးလိပ်သောက်သူအများစုတွင် အဆုတ်ကင်ဆာဖြစ်သည်။
ဆေးလိပ်လုံးဝမသောက်သော်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်သည်။ ဆေးလိပ်
မသောက်သော်လည်း အခြားသူသောက်သည့် ဆေးလိပ်မီးခိုးငွေ့ကို ရှူရှိုက်ရသူများ (passive smokers) မှာလည်း အလားတူ အန္တရာယ်ရှိသည်။ တစ်နေ့လျှင် ဆေးလိပ် ၂၀ နှင့်အထက် ၁၀ နှစ်ကြာသောက်သူသည် ဆေးလိပ်လုံးဝမသောက်သူထက် ကင်ဆာဖြစ်ရန် အလားအလာ အဆ ၁၅ဝခန့်ပိုများသည်။ ကျောက်ဂွမ်းမှုန့်၊ကျောက်မီး
သွေးမှုန့်၊ စီလီကွန်ပါသည့် သဲမှုန့်တို့ကို ကြာရှည်ရှူရှိုက်လျှင် အဆုတ်ကင်ဆာ
ဖြစ်နိုင်သည်။

ရောဂါလက္ခဏာများ
----------------------

အဆုတ်ကင်ဆာဖြစ်လျှင် ရောဂါလက္ခဏာများမှာ- ကြာရှည်ချောင်းဆိုးခြင်း၊ ချောင်းဆိုးသည့်အခါ သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အခြားအကြောင်း တစ်စုံတစ်ရာမရှိဘဲ ကိုယ်အလေးချိန် ကျဆင်း
လာခြင်းတို့ ဖြစ်သည်။ ထို့အပြင် ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိသလို ခံစားရသည်။ မကြာခဏ အဆုတ်ရောင်ကာ ဖျားတတ်သည်။ အဆုတ်ရောင်ကင်ဆာသည် နာဗ်ကြော
များထဲ ဝင်ရောက်လျှင် လက်မောင်းအောင့်ခြင်း၊ လက်တစ်ချောင်းလုံးနာခြင်း အသံနာ၍ အက်ကွဲခြင်းတို့ဖြစ်သည်။ အစာမျိုု ပြွန်သို့ ပျံ့နှံ့ပါက အစာမျိုရခက်မည် ဖြစ်သည်။အဆုတ်
တွင် ရောဂါပိုးများ လွယ်ကူစွာဝင်ရောက်စွဲကပ်နိုင်ပြီး အဆုတ်အအေးမိရောဂါ (pneumonia) နှင့် အဆုတ်ပြည်တည်နာများ ဖြစ်တတ်သည်။ ဦးနှောက်သို့ ပျံ့နှံ့လျှင် အမြင်ဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည်။ အဆုတ်
ကင်ဆာ လူနာ ၂၅ ရာခိုင်နှုန်းခန့်တွင် ရောဂါလက္ခဏာ မပြချေ။ CT Scan ရိုက်မှသာ
တွေ့ရလေ့ရှိသည်။ လေ့လာမှုများအရ အစီခံမပါသည့် စီးကရက်နှင့်ယှဉ်လျှင်
ဆေးပေါ့လိပ်က အဆုတ်ကင်ဆာဖြစ်ပွားနှုန်း ပိုနည်းသည်ကို တွေ့ရသည်။ စီးကရက်၊
ဆေးပြင်းလိပ်၊ ဆေးတံတို့တွင် ဆေးရွက်ကြီး မီးရှို့ပြီး ထွက်လာသည့်အငွေ့ကို အဆုတ်ထဲသို့ ရောက်ရန် ရှူရှိုက်သည့်အပြုအမူက အဆုတ်ကင်ဆာဖြစ်စေသည်။
လေ့လာမှုများအရ အဆုတ်ကင်ဆာလူနာ ၉၀ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်သူ
များ ဖြစ်ကြသည်ကိုတွေ့ရသည်။ ဆေးလိပ်မသောက်ဘဲ အဆုတ်ကင်ဆာဖြစ်သူ ၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာဖြစ်ရသည့်
အပြင် ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းများပါရှိသော လေကို ရေရှည်ရှူမိပါကလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်သည်။ ကျောက်မီးသွေးတူးသည့် မီးသွေးမိုင်းတွင် လုပ်ကိုင်သူ
တို့တွင် အဆုတ်ကင်ဆာအဖြစ်များသည်။ စီလီကွန်ဓာတ်ပါသည့် သဲများကို ကိုင်တွယ်
အလုပ်လုပ်နေရသူများသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်သည်။ မီးခံကျောက်ပြား ထုတ်လုပ်ရာတွင် လုပ်ကိုင်သည့် အလုပ်သမားများသည် ကျောက်ဂွမ်းမှုန့် (asbestos)
ကြောင့် အဆုတ်ကင်ဆာဖြစ်သည်ကို သုတေသနပြုလုပ် သိရှိထားပြီးဖြစ်သည်။

ရောဂါရှာဖွေခြင်း
------------------ 

အဆုတ်ကင်ဆာရောဂါဟု သံသယဖြစ်ပါက ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X –rays) ပြုလုပ်ခြင်းဖြင့် သိနိုင်သည်။ ပို၍ အနုစိတ်သိရှိရန် CT Scan ရိုက်နိုင်သည်။ ထို့အပြင် bronchoscopy ပြုလုပ်နိုင်သည်။ ယင်းမှာ ပါးလွှာပျော့ပြောင်းသည့် မှန်ပြောင်း
ကို လေပြွန်တစ်လျောက်သွင်းပြီး အဆုတ်ကို ကြည့်ခြင်းဖြစ်သည်။အသားစနမူနာယူခြင်း 
(biopsy) ကို တစ်ပါတည်းပြုလုပ်နိုင်ပါသည်။ Molecular diagnosis ခေါ် အလုံးအကျိတ်
ရှိကြောင်း ညွှန်ပြသည့် tumour marker ခေါ် ပစ္စည်းများအား စစ်ဆေးနိုင်သည်။ 

ကုသခြင်း
----------- 

အဆုတ်ကင်ဆာ အကျိတ်အတွင်း တွေ့ရှိရသည့် ဆဲလ်များပေါ်မူတည်၍ ကုသ
သည်။ ပျံ့နှံ့မှုမရှိသည့် ကင်ဆာမျိုးများအတွက် ခွဲစိတ်ကုသ၍ ဖယ်ထုတ်နိုင်သည်။သို့သော်
အားလုံးသည် ခွဲစိတ်ကုသမှုခံယူရန် မသင့်လျော်ချေ။ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့မှုရှိလာပါ
က ခွဲစိတ်ကုသ၍ မရနိုင်ချေ။ ဆေးဝါးဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ကို
အသုံးပြုရသည်။

ကာကွယ်ရေး
--------------

အဆုတ်ကင်ဆာကို အခြားကင်ဆာများထက် အလွယ်တကူ ကြိုတင်ကာကွယ်နိုင်
သည်။ အဆုတ်ကင်ဆာဖြစ်ပွားမှု အများစုသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ရာ
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရန်လိုအပ်သည်။ ဆေးလိပ်မသောက်ခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်ပွားမှု လျော့ကျသွားသည်ကို လေ့လာသုတေသနပြုမှုများအရ တွေ့ရှိရ
ပြီးဖြစ်သည်။ အသက် ၁၈ နှစ်အရွယ်မှ စသောက်သော ယခု အသက် ၄၀ အရွယ်ရှိ အမျိုးသမီးများသည် ဆေးလိပ်ကို ချက်ချင်းဖြတ်လိုက်ပါက ကင်ဆာဖြစ်နိုင်ခြေ တစ်ဝက်
လျော့ကျသွားသည်။ ကျောက်ဂွမ်းမှုန့်၊ ကျောက်မီးသွေးမှုန့်၊ စီလီကွန်ပါသည့် သဲမှုန့်တို့
ကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ရာ ယင်းတို့ကို အသုံးပြုသော စက်ရုံ၊ အလုပ်ရုံများတွင်
အကာအကွယ်ဝတ်စုံများ ဝတ်လျက် ဂရုပြုလုပ်ဆောင်ကြရမည် ဖြစ်သည်။

Ref: 
ဒေါက်တာအောင်သန်း
( အဖြစ်များသော ကင်ဆာရောဂါများစာအုပ်မှကောက်နှုတ်ထားပါသည်။ )

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18