Print

အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်စိရောဂါများ

  25-Feb-2017
Preview Image

အသက်ကြီးလာရင်ဟု သုံးလိုက်ရခြင်းမှာ အသက် ၆၀ ကျော်အရွယ်တွေကို ရည်ရွယ်ချင်လို့ ဖြစ်ပါ တယ်။ လူတိုင်း အသက် ၆၀ ကျော်လာရင် အောက်ပါမျက်စိရောဂါများကို သတိထားသင့်ကြပါတယ်။

(၁)မျက်မှန်လိုလို့ဖြစ်ရတဲ့ မျက်စိမှုန်ရောဂါ (Refactive Error)
(၂)အတွင်းတိမ်ရောဂါ (Cataract)
(၃)ရေတိမ်ရောဂါ (Glaucoma)
(၄)သွေးတိုး၊ ဆီးချိုရောဂါ တစ်ခုခုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်တတ်သည့် မျက်စိရောဂါ (Hypertensive and Diabetic-Ratino pathies)
(၅)အသက်ကြီးလာ၍ မျက်စိအာရုံခံလွှာ ပျက်စီးခြင်းကြောင့် ဖြစ်တတ်သည့် မျက်စိမှုန်ရောဂါ (Age Related Macular Degeneration) ARMD

ဒီရောဂါတွေကတော့ အဖြစ်များတဲ့ရောဂါတွေပါ။ အဖြစ်မများတဲ့ ရှားရှားပါးပါးရောဂါတွေကိုတော့ မထည့်တော့ပါဘူး။ ယခုဖော်ပြထားတဲ့ ရောဂါတစ်ခုချင်းစီရဲ့ လက္ခဏာတွေကို သိနိုင်အောင် လိုရင်း အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

(၁)မျက်မှန်လိုလို့ဖြစ်ရတဲ့ မျက်စိမှုန်ရောဂါ

လူတစ်ယောက်မျက်မှန်လိုရင် မျက်စိမှုန်ဝါးလာတတ်ပါတယ်။ နောက်ပူးတွဲဖြစ်တတ်တာတွေကတော့ ခေါင်းကိုက်၊ ခေါင်းမူး၊ ဇက်ကြောထိုး၊ မျက်စိယား၊ မျက်ရည်ကျ၊ မျက်စိအနည်းငယ်နီ ဖြစ်တတ်ပါ တယ်။ အဝေးမှုန်၊ အနီးမှုန် ပါဝါများများတပ်ဆင်ရန် လိုသူတွေဆိုလျှင် အဝေးမှုန်ရှိသူတွေဟာအနီးကို ကောင်းစွာမြင်နိုင်ပြီး အနီးမှုန်ရှိသူတွေကတော့ အဝေးရော၊ အနီးပါမှုန်ဝါးနေတတ်ပါတယ်။ ကိုယ့်မျက် စိဟာ မျက်မှန်တပ်ဖို့လိုလို့ မှုန်တာ ဟုတ်၊ မဟုတ် သိနိုင်ရန်လွယ်ကူပါတယ်။

အမြင်အာရုံကို မျက်စိတစ်ဖက်ချင်းစီ စမ်းရတာကြောင့် တစ်ဖက်စမ်းရင် တစ်ဖက်ကိုလက်နဲ့ ကွယ် ထားရပါတယ်။ တစ်ဖက်တွယ်ထားပြီး နောက်တစ်ဖက်ကို ဘယ်လောက်မြင်နိုင်သလဲကြည့်ပါ။ နောက် ပြီးကိုယ်ကြည့်နေတဲ့ မျက်စိရှေ့မှာကပ်လျက် စက္ကူကတ်ထူပြားတစ်ခုမှာပင် ပင်အပ်ခေါင်းအရွယ် ဖောက်ထားတဲ့ (Pin Hole) ခေါ် အပေါက်ငယ်လေးတစ်ခုကနေ ပြန်ကြည့်ပါ။ အမြင်ဟာ သာမန်ကြည့် တာထက် ထူးခြားစွာကောင်းမွန်လာတယ်ဆိုရင် အမြင်အာရုံမှုန်ဝါးနေခြင်းဟာ မျက်စိရောဂါတစ်ခုခု ကြောင့် မဟုတ်ဘဲ မျက်မှန်တပ်ဆင်ရန်လိုလို့ မှုန်နေတာဖြစ်ကြောင်း သိနိုင်ပါတယ်။

(၂)အတွင်းတိမ်ရောဂါ

မျက်စိဟာ နှင်းကျသလို မှုန်ဝါးနေပြီး တဖြည်းဖြည်းပိုဆိုးလာလျှင် အတွင်းတိမ်ဖြစ်နိုင်ပါတယ်။ မျိုးရိုးရှိ သူ၊ ဆီးချိုရောဂါရှိသူ၊ နေပူထဲတွင် အချိန်များစွာ အလုပ်လုပ်ရသူ၊ မီးဖိုချောင်တွင် မီးဖိုနားကပ်၍ လုပ်နေရသူတို့တွင် ပိုဖြစ်နိုင်ပါတယ်။ အသက်ကြီးလာရင် မျက်စိရောဂါထဲမှာ အဖြစ်များဆုံးရောဂါဖြစ် ပြီး ခွဲစိတ်ကုသ၍ အမြင်အာရုံအကောင်းဆုံး ပြန်မြင်နိုင်သောရောဂါ ဖြစ်ပါတယ်။

မျက်စိတဖြည်းဖြည်းမှုန်ဝါးလာခြင်းကလွဲ၍ ကိုက်ကဲခြင်း၊ ခဲခြင်း၊ နီခြင်း မရှိပါဘူး။ ဒါပေမဲ့ မျက်စိအ တွင်းတိမ်ကို ခွဲစိတ်သင့်ချိန်မှာ မခွဲဘဲထားပါက ထပ်ဆင့်ရေတိမ်ရောဂါဝင်လာပြီး နီခြင်း၊ ကိုက်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်လာမှခွဲခြင်းမှာ အမြင်အာရုံ ပြန်ကောင်းရန်မသေချာ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် အတွင်းတိမ်ကိုသင့်တော်တဲ့အချိန်မှာ ဆရာဝန်နှင့်တိုင်ပင်ပြီး ခွဲစိတ်ကြဖို့ လိုပါတယ်။ ယခုအခါ ခေတ်မီတဲ့ခွဲစိတ်နည်းတွေပေါ်နေတာကြောင့် ယခင်ကလိုခွဲစိတ်ပြီး အချိန်ကြာကြာနားနေစ ရာ မလိုတော့ပါဘူး။ အချိန်တိုအတွင်း ပုံမှန်အတိုင်းပြန်လုပ်နိုင်ပါတယ်။

(၃)ရေတိမ်ရောဂါ

အသက်ကြီးမှဖြစ်တတ်တဲ့ ရေတိမ်ရောဂါမှာ သုံးမျိုးရှိပါတယ်-

(၁)ထောင့်ကျယ်ရေတိမ်ရောဂါ

(၂)ထောင့်ကျဉ်းရေတိမ်ရောဂါ

(၃)ထပ်ဆင့်ရေတိမ်ရောဂါ (မျက်စိရောဂါတစ်ခုခုကြောင့်ရတဲ့ ရေတိမ်ရောဂါ) တို့ဖြစ်ပါတယ်။
ဒီထဲ ကထောင့်ကျယ်ရေတိမ်ရောဂါဟာ မျိုးရိုးကြောင့်ဖြစ်တတ်ပြီး ရောဂါနောက်ကျသည်ထိ အမြင်အာရုံ ကောင်းနေပြီး မြင်ကွင်းကျဉ်းလာခြင်းသာ ဖြစ်တတ်ပါတယ်။ နီခြင်း၊ ကိုက်ခြင်း၊ မျက်စိရုတ်တရက်မှုန် သွားခြင်း မရှိပါဘူး။ ရောဂါစောစီးစွာသိနိုင်ဖို့ ဆရာဝန်က မျက်စိအတွင်းအာရုံကြောထိပ်ပိုင်းကို ကြည့် ရှုခြင်း၊ ရေချိန်တိုင်းခြင်း၊ မြင်ကွင်းစစ်ဆေးခြင်းများပြုလုပ်မှ သိနိုင်သောရောဂါဖြစ်ပါတယ်။ ဒါကြောင့် အသက် ၆၀ ကျော်ရင် အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက် ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။

ထောင့်ကျဉ်းရေတိမ်ရောဂါကတော့ ဒီအရွယ်မှာ အဖြစ်နည်းပါတယ်။ ဒါပေမဲ့ အတွင်းတိမ်ရောဂါကို မခွဲစိတ်ဘဲ အချိန်လွန်သွားလျှင် ထောင့်ကျဉ်းရောဂါအသွင် နီကိုက်မှုန်ဖြစ်တတ်ပါတယ်။

ထပ်ဆင့် ရေတိမ်ရောဂါကတော့ တခြားမျက်စိ ရောဂါတစ်ခုခုနှင့် ပူးတွဲဖြစ်ပေါ်ပြီး အများအားဖြင့် မျက် စိရောဂါတစ်ခုခုကြောင့် ခွဲစိတ်ထားသူ၊ ထိခိုက်ဒဏ်ရာရသူ၊ မျက်စိအတွင်းရောင် ရောဂါရှိသူ၊ မျက်စိ အတွင်းတိမ် အမှည့်လွန်သူတွေမှာ ဖြစ်တတ်ပါတယ်။

(၄)သွေးတိုး၊ ဆီးချိုရောဂါ တစ်ခုခုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်တတ်သည့် မျက်စိရောဂါ

ပထမသွေးတိုးရောဂါအကြောင်း ပြောပါရစေ၊ သွေးတိုးရောဂါရှိပြီဆိုတာနဲ့ မျက်စိကို သတိထားရပါ မယ်။ ဘယ်အသက်အရွယ်မဆို လူလတ်ပိုင်းဖြစ်စေ၊ လူကြီးပိုင်းဖြစ်စေ၊ သွေးတိုးတက်ပြီဆိုရင် မျက်စိ ကို အန္တရာယ်ပေးနိုင်ပါတယ်။ မျက်စိအတွင်းပိုင်း သွေးကြောပိတ်၊ သွေးကြောပေါက်ပြီး မျက်စိရုတ်တ ရက်ကွယ်သွားတတ်ပါတယ်။ သွေးကြောပိတ်ခြင်းကို (CRAO-Central Retinal Vein Thrombosin) လို့ခေါ်ပါတယ်။ ဒါဟာကုရခက်တဲ့ မျက်စိရောဂါတွေဖြစ်ပြီး အမြင်အာရုံဆုံးရှုံးဖို့ အလွယ်ကူဆုံး ရောဂါ ဖြစ်ပါတယ်။

သွေးတိုးရောဂါတာရှည်ဖြစ်လာရင် မျက်စိအာရုံလွှာမှာ ရောဂါတွေဖြစ်လာပြီး အမြင်အာရုံတဖြည်း ဖြည်း ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိရင် သွေးချိန်ပြီးသွေးတိုးကျဆေးကို မပြတ်စားနေဖို့ လို ပါတယ်။ တစ်ချိန်တည်း သွေးတိုးတက်သွားတာမျိုးဟာ မျက်စိမှာရော ဦးနှောက်မှာပါ အန္တရာယ်ရှိ ကြောင်း သတိထားဖို့လိုပါတယ်။

ဆီးချိုရောဂါရှင်တွေမှာလည်း ဆီးချိုရောဂါကို အမြဲထိန်းထားဖို့လိုပါတယ်။ ဆီးချိုကြောင့်ဖြစ်တတ်တဲ့ မျက်စိရောဂါဟာ မျက်စိကိုအမြဲထိန်းပြီးနေကြသူတွေမှာ အန္တရာယ်ပြောပလောက်အောင်မရှိဘဲ ဆီးချို ကိုမထိန်းနိုင်ဘဲနေကြသူတွေမှာသာ အချိန်တိုတိုနှင့် အန္တရာယ်ရှိတတ်ပါတယ်။ ယခင်က ဆီးချိုရှိပြီး ငါးနှစ်၊ ဆယ်နှစ်ကျော်ကြာမှ မျက်စိရောဂါရှိတယ်လို့ ဆိုထားပေမယ့် ယခုအခါ ဆီးချိုကိုထိန်းထိန်း သိမ်းသိမ်း မနေကြလို့ ဆီးချိုဆယ်နှစ်သက်တမ်းမတိုင်ခင် မျက်စိရောဂါဖြစ်သူတွေ တွေ့ရတတ်ပါ တယ်။ ယခုအခါ လေဆာနှင့်ကုသနည်းဟာ မျက်စိအတွင်းသွေးကြောပေါက်ခြင်း၊ မျက်စိ ရုတ်တရက် ကွယ်သွားခြင်းတို့ကို ကာကွယ်နိုင်ပြီး အမြင်အာရုံထိန်းနိုင်တဲ့ ကုသနည်းဖြစ်ပါတယ်။

(၅)အသက်ကြီးလာ၍ မျက်စိအာရုံခံလွှာ ပျက်စီးခြင်းကြောင့် ဖြစ်တတ်သည့် မျက်စိမှုန်ရောဂါ

ယခုအခါမှာတော့ ဒီရောဂါဟာ အနောက်နိုင်ငံတွေမှာ ခေတ်ပေါ်ရောဂါလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဒီရောဂါကြောင့် ကုသမှုခံယူရသူတွေ များများစားစားမရှိလှပါဘူး။ ဒီရောဂါဖြစ်လာရင် အမြင် အာရုံဆိုးဆိုးရွားရွားကြီး ရုတ်တရက် ကွယ်သွားတာမဟုတ်ဘဲ စာဖတ်လို့မရခြင်း၊ အမြင်ပုံရိပ်တွေကို သဲသဲကွဲကွဲ မမြင်ရခြင်းစတဲ့လက္ခဏာတွေနှင့် ဖြစ်တတ်ပါတယ်။ မျက်စိရဲ့အာရုံခံလွှာ (Retina) မှာ အသေးစိတ်ကြည့်ရာမှာ အသုံးပြုရတဲ့ (Macula) ဆိုတဲ့နေရာလေး ပျက်စီးလို့ဖြစ်ရတာပါ။ ဖြစ်စအချိန် လောက်မှာ မျက်စိထဲဆေးထိုးကုသခြင်း၊ လေဆာရောင်ခြည်နှင့် ကုသခြင်းဟာ အမြင်အာရုံပျက်စီး ခြင်းကို အတော်အတန်ကာကွယ်နိုင်ပါတယ်။

အခုဒီဆောင်းပါးမှာ ရောဂါတစ်ခုချင်းစီရဲ့ အသေးစိတ်ကို ဖော်ပြမထားပါဘူး။ ဒါပေမဲ့ အသက်ကြီးလာ ရင် သတိထားရမယ့် ရောဂါတွေကို တစေ့တစောင်းသိနိုင်အောင် တင်ပြရခြင်းသာဖြစ်ပါတယ်။ လူ တိုင်း အမြင်အာရုံကောင်းအောင် စောင့်ထိန်းနိုင်ကြပါစေ။

Ref;
ကျန်းမာရေး, ဗဟုသုတ 
ဖိုးသူတော်
Credit : စံတော်ချိန်သတင်းစာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18