Print

Hypertension သွေးတိုးအကြောင်း တစေ့တစောင်း

  25-Feb-2017
Preview Image

သွေးပေါင်ချိန်ဆိုသည်မှာသွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။အပေါ်သွေး (Systolic blood pressure)
ဆိုသည်မှာ နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး 
အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ နှလုံးသွေးဖြည့်နေခိုက်
သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။ ခေတ်သစ်ဆေးပညာတွင်
သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင်
တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။ 
သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ သွေးပေါင်ကျခြင်း
ဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်
ထက်နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံအကြောင်း
အရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံ
လုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။

သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်
*****************************************

လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။အပေါ်သွေးသည် ၁၂၀ နှင့် 
၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။အပေါ်သွေးသည် ၁၄၀ နှင့် ၁၅၉ ကြားရှိပြီး အောက်သွေးသည် ၉၀ နှင့် ၉၉ ကြားရှိပါက hypertension stage 1 အဆင့်တစ် သွေးတိုးခြင်းဟုခေါ်သည်။အပေါ်သွေးသည် ၁၆၀ နှင့် အထက် ရှိပြီး အောက်သွေးသည် ၁၀၀ နှင့် အထက် ရှိပါက hypertension stage 2 အဆင့်နှစ် သွေးတိုးခြင်းဟုခေါ်သည်။

သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ
********************************************************
• သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း။
• အဆီအဆိမ့် အစားများခြင်း။
• အဝလွန်ခြင်း။
• ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း။
• ဆေးလိပ်သောက်ခြင်း။
• အရက်သောက်ခြင်း။
• ဆီးချိုရှိခြင်း။
• ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်း။

သွေးတိုးရောဂါ လက္ခဏာများ
-------------------------------

သွေးတိုးသောလူနာအများစုတွင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ အမြဲတမ်းမပြတတ်ပါ။ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးခြင်း၊ အမြင်မကြည်လင်ခြင်း အစရှိသော လက္ခဏာများကို တစ်ခါတစ်ရံ ပြသတတ်ပါသည်။ တစ်ခါတစ်ရံတွင်မှ ရောဂါလက္ခဏာပြသောကြောင့် တစ်ခါတစ်ရံတွင်သာ
သွေးတိုးတတ်သည်မဟုတ်ပါ။ သွေးတိုးဟူသည် ရောဂါစဖြစ်ပါက ဆက်တိုက်
သွေးတိုးသွားဖို့သာ ရှိပါသည်။ ပြန်ကောင်းသွားစရာ မရှိပါ။ ရောဂါလက္ခဏာ
ပေါ်သည်နှင့် မပေါ်သည်သာ ရှိပါသည်။ ထို့ကြောင့်လက္ခဏာပေါ်လျှင် ဆေးသောက်မည်
မပေါ်လျှင် ဆေးမသောက်ဘဲနေ၍ မရပါ။ မည်သည့်ရောဂါလက္ခဏာမျှ 
မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။

သွေးတိုး၏ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ
****************************************************
• နှလုံး ကြွက်သားထူပြီး နှလုံးအလုပ်ထိခိုက်ခြင်း၊ နှလုံးအားနည်းလာခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ ဖောခြင်း။
• ဦးနှောက်သွေးကြော ပေါက်ခြင်း၊ ပိတ်ခြင်း။
• အမြင်အာရုံချိုတဲ့၍ မျက်စိကွယ်နိုင်ခြင်း။
• ကျောက်ကပ်ပျက်စီးပြီး ဆီးဆိပ်တက်ခြင်းတို့ ဖြစ်တတ်ပါသည်။

သင့်တွင် သွေးတိုးရောဂါရှိနေလျှင်
------------------------------------

၁။ အပေါ်သွေးကို ၁၀-၄၀ ချရုံမျှဖြင့် (၀ါ) အောက်သွေးကို ၅-၆ ချရုံမျှဖြင့် လေဖြတ်ခြင်း အန္တရာယ်မှ ၄၀ % သက်သာပြီး နှလုံးသွေးကြော ရောဂါအန္တရယ်မှ ၁၆% သက်သာ
နိုင်ကြောင်း သတိပြုပါ။

၂။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်တစ်နေ့
နှစ်ပက်ထက် ပိုမသောက်ပါနှင့်။ အသားဆီ၊ အုန်းဆီ မစားပါနှင့်။ အငန်၊ ချက်ထားသော
ဆီ၊ ဟင်းချိုမှုန့်လျှော့ပါ။ငါးဟင်း တစ်ပတ် ၃ ရက်စားပါ။ သစ်သီးဝလံ တစ်နေ့ တစ်လုံးစားပါ။ တစ်ပတ် ၃ ရက်၊ တစ်ရက်နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်း
လုပ်ပါ။ ကိုယ်အလေးချိန်များလျှင် စနစ်တကျလျော့ချပါ။ ပူပင်သောကနည်းအောင်နေ
ပါ။ တရားထိုင်ပါ။

၃။ သွေးပေါင်ကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ (သင်ခံစားနေရသော ရောဂါ လက္ခဏာပေါ်မူတည်၍ သင့်ဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်)

သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍
--------------------------------------

၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း
နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။

၂။ ဝမ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။

၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။

၄။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။

၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။

Ref : Ziwakka 
Wednesday, April 1, 2009



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18