Print

အဝလွန်ရောဂါ

  24-Feb-2017
Preview Image

၁။ အဝလွန်ရောဂါဆိုတာ ဘာလဲ
------------------------------------ 

ပုံမှန် ကိုယ် အလေးချိန်ထက် များပြီး ဝခြင်း (Overweight) နဲ့ အဝလွန်ရောဂါ (Obesity) ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ခန္ဓာကိုယ် ထုထည် စံနှုန်း Body Mass Index (BMI) နှင့် တိုင်းပါတယ်။ BMI=ခန္ဓာကိုယ် အလေးချိန် ကီလိုဂရမ် ဖြစ်ပါတယ်။ BMI ၁၈ မှ ၂၅ ကြားမှာရှိနေရင် ပုံမှန်ပါပဲ။ ၂၅ ထက်ကျော်သွားရင်၊ (အရပ်အမြင့် ၂ မီတာ) ကိုယ်အလေးချိန် များတယ်လို့ သတ်မှတ်ပြီး၊ ၃၅ ထက်ကျော်သွားရင် အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။

၂။ အဝလွန်ရင် ဘာအန္တရာယ်ရှိသလဲ 
----------------------------------------

အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် သွေးချို၊ ဆီးချိုဖြစ်တက်တယ်။
သွေးတိုးရောဂါလည်း ပိုဖြစ်လွယ်တယ်။ လေဖြတ်ဖို့လည်း အခွင့်အလမ်း ပိုများတယ်။ သူ့ခန္တာကိုယ်ထဲမှာ အဆီဓာတ်လညး် ပိုများတဲ့ အတွက် နှလုံးသွေးကြော ကျဉ်းရောဂါ ပိုဖြစ်နိုင်တယ်။ သည်းခြေအိတ် ကျောက်တည်တာလည်း ပိုဖြစ်တယ်။ အသည်းအဆီဖုံး ရောဂါလည်းရနိုင်တယ်။ ကင်ဆာရောဂါတွေလည်း ပိုဖြစ်နိုင်တယ်။ ဥပမာ-ရင်သား ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာတို့ဖြစ်တယ်။ ဝလွန်းတဲ့အတွက် မောတယ်။ အသက်ရှူမွန်းကျပ်တယ်ဆိုတာတွေလည်း ခံစားရတယ်။ ခြေထောက်မှာ သွေးကြောတွေ ထုံးနေတတ်တယ်။ ဝလွန်းတဲ့ အမျိုးသမီးတွေဆိုရင်ရာသီသွေးလည်းမမှန်ဘူး။ ကလေးမီးဖွားရလည်း ခက်တတ်ပါတယ်။
ကြွက်သားနဲ့ အဆစ်တွေလည်း နာလာမယ်။ စိတ်ဖိစီးမှု ဒဏ်ကိုလည်း မခံနိုင်ဘူး။ အိပ်လို့ရှိရင် ဟောက်သံထွက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ဘူး။ အိပ်ရေးမဝဘူးလို့ အမြဲတမ်းပြောတယ် လူမှုဆက်ဆံရေး မှာလည်း နောက်ပြောင်ခြင်း ခံကြရတယ်။ လိင်ဆက်ဆံချင်တဲ့ စိတ်တွေလည်း နည်းသွားလို့၊ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဝတဲ့သူတွေကို အလုပ်မခန့်ချင်ကြဘူး။ ဘဝသက်တမ်းလည်း တိုတယ်။ မဝတဲ့ လူတွေလောက်လညး် အသက် မရှည်ကြဘူး။

၃။ အဝလွန်ရောဂါဖြစ်နိုင်ချေ ရှိသူများ
----------------------------------------- 

လူတိုင်းမှာ ဖြစ်နိုင်ချေရှိပါတယ်။ ငါတော့မဝနိုင်ဘူးဆိုပြီး အနေအထိုင်၊ အစားအသောက် မဆင်ခြင်ရင် တစ်ချိန်မှာ ဝလာလိမ့်မယ်။ ဖြစ်နိုင်ချေများတဲ့ အုပ်စုကတော့ လှုပ်ရှားမှု နည်းလွန်းတဲ့သူတွေ၊ ထိုင်ပြီး အလုပ် လုပ်ရတဲ့ အလုပ်သမားတွေ၊ အဆီ များတဲ့အစာစားသူတွေ၊ ဆီနဲ့ အထပ်ထပ်ကြော်ထားတဲ့ အစားအစာတွေ စားရင် ဝနိုင်ပါတယ်။ နေ့စဉ်စားနေတဲ့ အဆီဓာတ်က ၅% လောက်ပဲ ပါသင့်ပါတယ်။ (တကယ်စားနေတာ က ၂၀% မှ ၃၀% ထိရှိပါတယ်) အချိုဓာတ် လွန်လွန်ကဲကဲ စားတဲ့သူတွေ၊ အရက် သောက်သူတွေ၊ ဆေး လိပ်စွဲစွဲမြဲမြဲသောက်နေရာက ဖြတ်လိုက်ရင် တချို့မှာ ဝလာတက်ပါတယ်။ လည်ပင်းအကျိတ် သိုင်းရွိုက် ဂလင်းအားနည်းတဲ့သူတွေ၊ စိတ်ငြိမ်ဆေးသောက်နေရသူတွေ၊ သန္ဓေတားဆေးစားနေရသူတွေ၊ အချို့သော ဆီးချိုထိန်းဆေးနဲ့ စတီးရွိုက်ဆေး၊ အတက်ကျ ဆေးစားနေရသူတွေမှာလည်း ဝတက်ပါတယ်။ မျိုးရိုးထဲမှာ ဝတဲ့သူရှိခြင်း၊ ကိုယ်တွင်းရောဂါ တစ်ခုခုရှိခြင်းကြောင့်
လည်းဝနိုင်ပါတယ်။ အမျိုးသမီးတွေက အိမ်တွင်း မှာပဲ နေရပြီး၊ လှုပ်ရှားမှုနည်းတဲ့အတွက် ယောက်ျားတွေထက် ပိုပြီး ဝလေ့ရှိပါတယ်။ အဖြစ်အများဆုံး အသက်အရွယ်ကတော့ စားနိုင်တဲ့အရွယ်တွေ ဖြစ်ပါတယ်။ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးနေတဲ့ အတွက် သိပ်ပြဿနာ မရှိပေမယ့် ကလေးကို ဝပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ ကြီးလာရင်မထိန်းနိုင်တော့ဘူး။ မျက်စိအကျင့် ဝမ်းအချင့်ဆိုတဲ့အတိုင်း သူက များများစားမှ နေတတ်တော့တယ်။ ၁၈ နှစ်နဲ့ ၄၀ နှစ်ကြားမှာ ပိုပြီး တွေ့ရတယ်။ ဘူးသီးပုံဝလာတဲ့ သူတွေထက်၊ ဗိုက်ကြီးပဲစူထွက်လာတဲ့ ပန်းသီးပုံဝခြင်းဟာ ပိုဆိုးပါတယ်။

၄။ အဝမလွန်အောင် ဘယ်လိုထိန်းမလဲ
------------------------------------------- 

ပထမဆုံး အဆင့်က ရှိနေတဲ့ ကိုယ်အလေးချိန် ထပ်မတက်အောင် လုပ်ရပါမယ်။ ပြီးတော့မှ ကိုယ်အလေး ချိန်ကျအောင် လုပ်ရပါမယ်။ ဝတဲ့သူတွေ ကိုယ်အလေးချိန် ချနိုင်ရင် ဝခြင်းကြောင့် ဖြစ်နိုင်တဲ့ ရောဂါဖြစ်ပွားမှု အခွင့်အလမ်း ၂၀% ဆီးချို၊ သွေးချို ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါဖြစ်ပွားနှုန်း ၃၀% ကျဆင်း သွားနိုင်ပါတယ်။ ကင်ဆာကြောင့် သေတဲ့နှုန်းလည်း ကျသွားမယ်။ လူလည်း ပေါ့ပေါ့ပါးပါးဖြစ်သွာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ဖြစ်လာမယ်။

၅။ ကိုယ်အလေးချိန် ဘယ်လိုချမလဲ
---------------------------------------- 

အစားအသောက်ကို မျှတအောင် စားသောက်တတ်ဖို့ လိုပါတယ်။ တစ်နေ့တာ စားတဲ့အစာထဲမှာ ကာဘို ဟိုက်ဒရိတ် ဓာတ်ဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊
ကောက်ညှင်းအုပ်စုကို ၃၀% လောက်ပဲစားပါ။ အသား၊ ငါး၊ ပုစွန်၊ ပဲ၊ နို့ ၃၀% ရအောင် စားပါ။ အမျှင်ပါတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံများများစားပါ။ အမျှင်ပါတဲ့ အတွက် အဆာခံတယ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေပါတဲ့ အတွက်
နှလုံးသွေးကြောကျဉ်း ရောဂါကိုကာကွယ်တယ်။ အသားအရေကောင်းစေတယ်။ ကင်ဆာ ကာကွယ်တယ်။ တစ်နေ့ အသီးအနှံ ဟင်းသီးဟင်းရွက် ငါးမျိုးလောက် ပါအောင်စားနိုင်ရင်ကောင်းပါတယ်။ လက်ဖက်ရည်၊ ကော် ဖီ၊ နို့ဆီ၊ နွွားနို့၊ သကြားလုံး၊ ချောကလက်၊ ထန်းလျက်နဲ့ လုပ်တဲ့ မုန့်မျိုးစုံ၊ အချိုရည်မျိုးစုံကို လျှော့စားပါ။ ဝက်ဆီ၊ အုန်းဆီ၊ ထောပတ်၊ မလိုင်၊ ဆီကြော်မုန့် အမျိုးမျိုးရှောင်ပါ။ အမူအကျင့်ကို ပြင်ဖို့လိုပါတယ်။ တစ်နေ့ သုံးကြိမ်လောက်ပဲ စည်းကမ်းစနစ်တကျ စားပါ။ သရေစာနှင့် ဖြည့်စွက်စာတွေ မစားပါနှင့်။ ထမင်းစားရင် ကြုံသလိုမစားဘဲ ဇွန်း၊ ခက်ရင်းနဲ့ ကျကျနန ထိုင်ပြီးစားပါ။ ကြာကြာဝါးစားပါ။ အချိန်ပေးပါ။ လက်နဲ့စားရင် အစာပိုဝင်ပါတယ်။ လက်နဲ့စားကျင့်ရှိရင် ဇွန်း၊ ခက်ရင်း၊ တူတို့နှင့် ပြောင်းစားသင့်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု ပိုပြီးလုပ်ပါ။ တော်ရုံတန်ရုံခရီးကို လမ်းလျှောက်ပါ။ အပေါ်ထပ်ကို လှေကားမှ လမ်းလျှောက်ပြီးတက်ပါ။ တီဗီ၊ ဗီဒီယို၊ ကွန်ပျူတာရှေ့မှာ အကြာကြီးထိုင်ပြီး သရေစာစားခြင်းကို ရှောင်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်းတွေလည်း လုပ်စေချင်ပါတယ် အကောင်းဆုံးနဲ့ စျေးအပေါဆုံးကတော့ လမ်းလျှောက်၊ ရေကူး၊ တင်းနစ်ရိုက်စသည့် ကိုယ်နှင့် သင့်တော်ရာ တစ်ခုခုပြုလုပ်ပါ။ အိမ်ရှင်မတွေလည်း အိမ်မှုကိစ္စတွေကို သွက်သွက်ကလေးလုပ်ပါ။ တစ်နေ့ကို နာရီဝက်၊ တစ်ပတ်ကို ငါးရက်လောက် လုပ်ပါ။

၆။ ပိန်ဆေးတွေ စားသင့်သလား
------------------------------------ 

တချို့ပိန်ဆေးတွေကို နှလုံးရောဂါ ဖြစ်စေတယ်။ အဆုတ်ကို ထိခိုက်တယ်။ ကျန်းမာရေးကို ထိခိုက်တဲ့ အတွက် စျေးကွက်ကနေပြန်ပြီး ရုပ်သိမ်းသွားရတယ်။ ချက်ချင်းပိန်အောင် လုပ်တဲ့အတွက် ဆိုးကျိုးတွေရှိတယ်။ ဆရာဝန်နှင့်မတိုင်ပင်ဘဲ ကိုယ့်ဟာ ကိုယ်မသောက်သင့်ဘူး။ နှစ်နှစ်ထက်ကျော်ပြီးသောက်ရင် ဆိုးကျိုးတွေ အများကြီး ဝင်လာနိုင်တယ်။ ပိန်ဆေးသောက်တာကို အားမပေးချင်ဘူး။

၇။ ခေတ်မီကုထုံးဘာတွေရှိလဲ
---------------------------------- 

အရင်တုန်းကတော့ အစာမစားချင်အောင် မေးရိုးကို ၀ါယာကြိုးနဲ့တုပ်ပြီး ထိန်းချုပ်ပစ်တာမျိုးလုပ်ကြတယ်။ အစာအိမ်ကို သေသွားအောင် ခွဲစိတ်ဖြတ်တောက်
ပစ်ကြတာလည်း ရှိတယ်။ တချို့ကျတော့ (Plastic Surgery) နည်းနဲ့ ဝမ်းဗိုက်ပေါ်က အဆီတွေကို လှီးထုတ်ကြတယ်။ BMI 40 ထက်ကျော်သွားပြီ ဆိုရင်တော့ (Plastic Surgery) လုပ်ဖို့ စဉ်းစားနိုင်ပါတယ်။ Liposuction အဆီတွေကို စုပ်ထုတ်တဲ့ နည်းကို သုံးကြတဲ့ နည်းလည်းရှိတယ်။ ဒါတွေကလည်း ဆိုးကျိုးတွေမကင်းဘူး။

၈။ အဓိကကျတဲ့ အကြံပေးချက်
----------------------------------- 

ဝလာပြီဆိုတာနဲ့ စိတ်ဓာတ်မကျပါနဲ့။ ဒီထက် ဆက်မဝအောင် ထိန်းနိုင်ပြီဆိုရင် ပထမအဆင့် အောင်မြင်လာပြီ။ ပိန်ချင်လို့ဆိုပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာလည်း အားမပေးပါဘူး။ အမြန်ပိန်အောင် လုပ်ရင်ခန္ဓာကိုယ်ရဲ့ အဆစ်တွေမခံနိုင်ပါ။ တစ်လကို ငါးပေါင်ထက်ပိုကျရင်တော့ အန္တရာယ်ရှိပါတယ်။ တဖြည်းဖြည်းချင်း ပိန်သွားအောင် စိတ်ရှည်လက်ရှည်လုပ်သင့်ပါတယ်။ ဝတဲ့သူတွေကို တွေ့ရင် ကိုယ်ချင်းစာပြီး တက်နိုင်သလောက် ကူညီပေးသင့်ပါတယ်။ ပိန်ဆေးဆိုပြီး ကြော်ငြာတဲ့ဆေးတွေကို သေသေချာချာ မသိသေးဘဲ မသောက်စေချင်ပါဘူး။ ငါးကရတဲ့အဆီတွေက လူကိုအကျိုးပြုတဲ့အတွက် ငါးများများ စားစေချင်တယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတဲ့အတွက် မဝသေးတဲ့ လူတွေဟာ မဝအောင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။

Ref; 
Health
Mg Mandalay
Sources ;ကိုမျိုး(သုတစွယ်စုံ)့အဝလွန်ရောဂါ
Wednesday, March 11, 2015
ကျန်းမာရေးနှင့် ဆေးပညာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18