Print

နှလုံးနဲ့ကင်ဆာရောဂါ ဆေးလိပ်ကြောင့်ပါ

  29-Oct-2016
Preview Image

ဆေးလိပ် သောက်သောကြောင့် ကင်ဆာရောဂါ ၁၂ မျိုးဖြစ်ကြောင်း အမေရိကန်  ပြည်ထောင်စုတွင် သေဆုံးသူ ၃၄၆ဝဝဝ နီးပါးအနက် ၄၈ ဒသမ ၅ ရာခိုင်နုန်းသည် ဆေးလိပ်ကြောင့် ဖြစ်သည့် ကင်ဆာ ၁၂ မျိုးထဲမှ တစ်မျိုးမျိုးဖြင့် သေဆုံးသည်ကို လေ့လာမှု  တစ်ရပ် အရသိရသည်။ အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံးတွင် ဆေးလိပ်သောက်ခြင်းကို လျှော့ချ  ရန်စုပေါင်းအားထုတ် နေလင့်ကစား ဆေးလိပ်အကြောင်းရင်းခံ ရောဂါဖြင့် သေဆုံးသူ အရေအတွက်မှာ ကြီးမားများပြားနေဆဲ ဖြစ်ကြောင်း သိရသည်။ တခြားဆိုးရွား ပြင်းထန်သော ရောဂါများအပါအဝင် ကင်ဆာရောဂါများကြောင့် သေဆုံးမှုလျှော့ချရေး  လုပ်ငန်းကို ဆက်လက်ဆောင်ရွက် နေရာတွင် ဆေးလိပ်သောက်ခြင်းကို အထောက်အပံ့ ပြုနေခြင်းများ ရပ်စဲသွားရေး ဦးတည်ချက်ထားခြင်း အပါအဝင် ဆေးရွက်ကြီး ထိန်းချုပ်ရေးကို ပို၍ပြည့်စုံ ကျယ်ပြန့်စွာ ဆောင်ရွက်ရန် လည်းလိုအပ်သည်ဟု လေ့လာတွေ့ရှိ ချက်တွင် ဖော်ပြထားသည်။ အမေရိကန် ပြည်ထောင်စုတွင် ၂ဝ၁ဝ ပြည့်နှစ်၌ ၂၃ ဒသမ ၂ ရာခိုင်နှုန်းရှိနေရာ မှ ၂ဝ၁၂ ခုနှစ်၌ ၁၈ ဒသမ ၁ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့သည်ဟု သုတေသီ များကဆို သည်။ အဆုတ်ကင်ဆာ၊ အဆုတ်လေ ပြွန်ကင်ဆာနှင့် လေပြွန်ကင်ဆာရောဂါ တို့ကြောင့် သေဆုံးသူများအနက် ၈ဝ ရာခိုင်နှုန်းမှာ ဆေးလိပ်သောက်ခြင်းကြောင့်  ဖြစ်ကြောင်း အသံအိုးကင်ဆာ ဖြစ်ရာတွင်လည်း ၇၇ ရာခိုင်နှုန်းမှာ ဆေးလိပ်  သောက်သော ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်က ဖော်ပြသည်။ ဆိုလိုတာက  ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါတွေဖြစ်တယ် ဆိုတဲ့သဘောပါပဲ။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးရောဂါလည်း ဖြစ်နိုင်ပါသေးတယ်။ တစ်ခါက စားသောက်ပွဲတစ်ခုတွင် ရင်ဘတ်အောင့်သည်ဟု ပြောပြီးရုတ်တရက် လဲကျသွားသူ တစ်ဦးကို တွေ့ဖူးပါသည်။ နှလုံးတိုက်ခိုက်ခံရခြင်း (Heart Attack)  ကြောင့် ဖြစ်ပါတယ်။ ထိုသူမှာ ဆေးလိပ်အလွန်သောက်သူ တစ်ဦးဖြစ်ပါတယ်။ ဆေးလိပ်တစ်လိပ် သောက်လိုက်တဲ့ အခါတိုင်း လူ့ခန္ဓာကိုယ် မှာရှိတဲ့သွေးကြောများ ကျဉ်းသွားသည်။ သွေးကြော အကြီးအသေး၊ အခက်အလက်အများ အထိဆွဲဆန့် လိုက်လျှင်မိုင်၂ဝဝ ခန့်ရှိတယ်လို့ဆိုပါတယ်။ မယုံနိုင်စရာ။ ဆေးလိပ်ထဲမှာ  ပါတဲ့ကျပ်ခိုးကြောင့် ထိုသွေးကြောကလေးတွေ ကျဉ်းသွားခြင်း ဖြစ်ပါတယ်။ ဆေးလိပ်တစ်လိပ် သောက်လိုက်တိုင်း သွေးကြောများ ကျဉ်းသွားသည်မှာ လေးနာရီအထိ အချိန်ကြာသည်ဟု ဆိုသဖြင့် အကယ်၍သာ ဆေးလိပ်ဖြတ်လိုက်လျှင် မသောက်ဘဲ နေလိုက်မည်ဆိုလျှင် ဆေးလိပ်ဖြတ်ပြီး လေးနာရီကြာလျှင် ကျဉ်းနေသော သွေးကြောလေးများ ပြန်ကျယ်လာမည်။  သွေးစီးဆင်းအား၊ သွေးလျှောက်အားပြန် ကောင်းလာမယ်လို့ ဆိုနိုင်ပါတယ်။ ဆေးချိုးမှာပါတဲ့(နီကိုတင်း) ဓာတ်ကြောင့် အလွယ်တကူ မြင်သာအာင် ပြောရလျှင် ကျပ်ခိုးကြောင့် ကျဉ်းသွားတဲ့ သွေးကြောမကြီးများမှာ ပြန်၍ကျယ်ပြန့် ရန် လွယ်ကူသော်လည်း အခက်အလက် အစွန်အဖျားရှိ သွေးကြောလေးများမှာ ပြန်ပြီးကျယ်ပြန့်ရန် မလွယ်ကူပါ။ အချို့အစွန်အဖျားရှိ သွေးကြောငယ်လေးများ ဥပမာ ခြေသန်းသို့သွားသော သွေးကြောငယ်လေးမှာပိတ်သွားပြီး မသိမသာ ကိုက်လာရာမှ သတိပြုမိသော အခါတွင် ခြေချောင်းလေးများ မည်းနေသဖြင့် ဆေးရုံတက်၊ ဓာတ်မှန်ရိုက်ပြီး ခြေချောင်းကလေးများ ဖြတ်လိုက်ရတဲ့ ဘဝရောက် သူများလည်းရှိပါတယ်။ ဆေးလိပ် အသောက်များ၍ ခြေသန်းကလေး တစ်ချောင်းဖြတ်ရသူ တစ်ဦးကို တွေ့ဖူးပါတယ်။ေ ခြေသန်းသည်ေ ခြေထောက်တစ်ခု လုံးနှင့်စာလျှင် ဘာမှအသုံးမဝင်ဟု ထင် စရာရှိသော်လည်း မရှိသောအခါ၊ ပြတ်သွားသောအခါ အလွန်ကြည့်ရ ဆိုးပါတယ်။ ထို့ထက်ပို၍ ဆိုးသည်မှာ ထိုခြေချောင်း ကလေးဖြတ်ရသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေ သောကြောင့်ပင်။ အမျိုးသမီးများ ဆေးလိပ်သောက်သည်မှာ မြန်မာပြည်တွင် ရှားရှားပါးပါး  ဖြစ်သော်လည်း အနောက်တိုင်းတွင် အလွန်သောက်ပါတယ်။ ဆိုရှယ်ကျ၍  အလှအပစတိုင် လုပ်သောက်ရာမှ စွဲသွားခြင်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်ကြောင့် သွေးကြောကျဉ်းရာတွင် အမျိုးသမီးများက ပို၍ ကျဉ်းပြီး ပိတ်လွယ်ပါတယ်။ သူတို့၏ သွေးကြောများမှာ ပို၍ သေးသွယ်ပြီး နုနယ်သောကြောင့် ကျဉ်းလွယ် ပိတ်လွယ် ခြင်းဖြစ်ပါတယ်။ ဆေးလိပ်ကြောင့် အစွန်အဖျားသွေး ကြောငယ်လေးများ  ကျဉ်းရာတွင် ဒုက္ခ အပေးဆုံးမှာ နှလုံးသွေး ပတ်ကြောများ ကျဉ်းသွားခြင်းပင် ဖြစ်ပါတယ်။ သေသည့် အချိန်အထိ အနားမရသူမှာ နှလုံးပင်ဖြစ်ပါတယ်။ အမြဲတမ်း စည်းချက်ဝါးချက် မှန်မှန်ခုန်နေရပါတယ်။ လူကအနားယူပြီး အိပ်ပျော်နေသော်လည်း သူ့နှလုံးက အနားမရ၊ ခုန်နေမြဲပင်ဖြစ်ပါတယ်။ နှလုံးနားရချိန်မှာ သူ့ခုန်ချက် တစ်ခုနှင့် တစ်ခုကြား တစ်စက္ကန့်၏ ၁ဝ ပုံ တစ် ပုံခန့်အချိန်ကလေးသာရှိသည်ဟု ဆိုသည်။ နှလုံးခုန်ခြင်း လုံးဝရပ်သွားချိန်မှာ လူသေ ချိန်ဖြစ်လေသည်။ လူ့ခန္ခာကိုယ် တစ်ခုလုံးအတွက် အသက်ရှင်နိုင်ရေး လုံလောက်အောင် သွေးပို့ပေးဖို့မှာ နှလုံး၏ တာဝန်ဖြစ်သည်။ နှလုံးမှညှစ်ထုတ်လိုက်သော သွေးလက်တစ်ခုပ် စာခန့်သည် ဖိအားညှစ်အားကြောင့် တစ်ကိုယ်လုံးရှိ မိုင် ၂ဝဝ ခန့်ရှိသော သွေးကြောကြီးငယ်များမှ အခက်အလက် အစွန်အဖျား အထိရောက်သွားသည်။  လူ့ခန္ခာကိုယ် တစ်ခုလုံးရှိ ဆဲလ်များ၏ လိုအပ်ချက် အသက်ရှင်နိုင်ရေး ဓာတ်စာ မှာ 'အောက်ဆီဂျင်' ပင်ဖြစ်သည်။ ထိုသွေးရဲရဲတို့ရှိ သွေးနီဥများသည် လူ့ခန္ခာကိုယ် အတွက် လိုအပ်နေသော အောက်ဆီဂျင်များကို သယ်ဆောင် သွားကြသည် ဟု သွေးဗေဒပညာရှင်များက ပြောကြသည်။ ထိုအောက်ဆီဂျင်ကို သယ်ဆောင်ပို့ပေး သူမှာ နှလုံးမှညှစ်ထုတ်လိုက်သော သွေးပင်ဖြစ်သည်။ သွေးမရောက်သောနေရာ များမှာ အောက်ဆီဂျင်ပြတ်ပြီး ကလာပ် စည်း(Cell) များသေပြီးနောက်ပုပ်သွား တတ်လေသည်။ ခြေချောင်းကလေးသို့ သွေးမရောက် သောအခါ ပုပ်သွားပြီး ဖြတ်လိုက်ရသည် ကို မြင်နိုင်သော်လည်း ဦးနှောက်သို့ သွေးမရောက်သောအခါ ဦးနှောက်၏ အစိတ်အပိုင်း အချို့သေသွား၊ ပုပ်သွားပြီး အလုပ်မလုပ်တော့သော အစိတ်အပိုင်း အခြမ်းကို လေဖြတ်သွားသည်ဟုခေါ် သည်။ ၄င်းအစိတ်အပိုင်းကို အပြင်မှ မမြင်ရသော်လည်း ဦးနှောက်၏ ညာဘက်အခြမ်း သွေးမရောက်၍ ပုပ်သွားသော အခါတွင်လည်း လူ၏ဘယ်ဘက်အခြမ်း မလှုပ်နိုင်လေဖြစ်သွားရသည်။ဦးနှောက်၏ ဘယ်ဘက်အခြမ်းတွင် သွေးမည်းပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ကြောင့် သွေးထောက်ပံ့မှု မရသောအခါတွင် အထူးသဖြင့် စကားပြောဆိုမှု အစိတ်အပိုင်းကို ထိခိုက်သဖြင့် ညာခြမ်းလေဖြတ်သူများမှာ စကားမပီခြင်း၊ အချို့လုံးဝ စကားမပြောနိုင်တော့ခြင်း ဖြစ်နိုင်သည်။ အဓိကသွေးထောက်ပံ့သူမှာ နှလုံးပင်ဖြစ်သည်။  ထိုနှလုံး ကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရမှ အသက်ရှင်နိုင်မည်။ နှလုံးပုံကို ကြည့်လျှင် လူကြီးလက်သီးဆုပ် ပမာဏခန့်ရှိပြီး ထိုနှလုံးအပြင်တွင် သစ်မြစ်များ ယှက်နွှယ်သကဲ့သို့ ရစ်ပတ်နေသော နှလုံးပတ်သွေးကြောများကို တွေ့ရမည် ဖြစ်လေသည်။ ထိုနှလုံးပတ် သွေးကြောများကပင် နှလုံးကိုသွေးထောက် ပံ့ပေးနေခြင်းဖြစ်သည်။ ဆေးလိပ်သောက်သူများတွင် တိုက်ရိုက်ထိခိုက်မှု အခံရဆုံးမှာ အဆုတ်ဖြစ်သည်။ အဆုတ်ပြီးလျှင် နှလုံးသွေးကြောအဖွဲ့ဖြစ်သည်။ အဆုတ်မှ  အောက်ဆီဂျင် ရှူသည့် လေအိတ် အတွင်းသို့ ဆေးလိပ်မီးခိုးများ ဝင်လာသည့်အခါ အောက်ဆီဂျင် အပြည့်အဝမရ၊ ဆေးချိုး၊ ကတ္တရာများက အဆုတ်လေအိတ်များတွင် ကပ်ငြိကျန်ခဲ့သည်။ ဆေးချိုးကြောင့် အဆုတ်မှတစ်ဆင့် နှလုံးသို့ပို့သော သွေးကြောမှာပါ  ကျဉ်းမြောင်းလာသည်။ နှလုံးကိုပတ်နေသော သွေးကြောများ ကျဉ်းမြောင်း  လာသောအခါ နှလုံး၏သွေး ငတ်နေသော ဝေဒနာကို စူးအောင့်ခြင်း ဖြင့်ဖော်ပြလေ့  ရှိသည်။ အချို့မှာ စကား ပြောနေရင်း၊ အစာစားနေရင်း ဘယ်ဘက်ရင်ထဲမှ စူးခနဲ ထိုးသွားသည်ဟု ပြောကြသည်။ နှလုံးသွေးငတ်နေကြောင်း သတိပေးချက်ပင် ဖြစ်ပါသည်။ ထိိုသို့နှလုံးမှ အချက်ပြနေလျှင်၊ ဆေးလိပ်သောက်သူ ဖြစ်လျှင် ဆေးလိပ်ဖြတ်ဖို့ အချက်ပြနေ ခြင်းပင်ဖြစ်ပါသည်။ နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦးက စာရေးသူကို သတိပေးဖူးပါသည်။ ''ခင်ဗျား ခြေနှစ်ချောင်းတွေ၊ ခြေလေးချောင်းတွေ၊ အဆီခဲတွေ  ဘယ်လိုပဲ မစားဘူးရှောင်တယ်ပြောပြော ဆေးလိပ်မဖြတ်လို့ကတော့ ဘာမှမထူးခြားဘူး။ နှလုံးသွေးကြော ကျဉ်းပြီးတစ်နေ့ ဒုက္ခရောက်မှာပဲ ''ဟုပြောဖူးပါသည်။ မှန်ပါသည်။ စာရေးသူကိုယ်တိုင် နှလုံးအောင့်လာသဖြင့် ဆေးရုံတက်ပြီး နှလုံးသွေးကြော ဓာတ်မှန်ကြီး (Angiogram) ရိုက်ကြည့်သည့် အခါ နှလုံးပတ်သွေးကြောကြီး တစ်နေရာတွင် ၄ဝ မှ ၅ဝရာခိုင်နှုန်းကျဉ်းနေသည်ကိုဓာတ်မှန်ပုံနှင့်တကွ တွေ့ရပါသည်။ ရဝ ရာခိုင်နှုန်းကျော် ကျဉ်းလျှင် နှလုံးသွေးကြော ထောက်ကိရိယာ (အနာ) ထည့်ရတော့မည် ဖြစ်ပါသည်။ ကုန်ကျငွေမှာ သိန်းဆယ်ဂဏန်းများစွာ ကုန်ကျပါလိမ့်မည်။ နှလုံးအောင့် ရောဂါရနေသူသည် ဆေးလိပ်သောက်သူ ဖြစ်ပါက အမြန်ဆုံးချရမည့် ဆေးချက်မှာ 'ဆေးလိပ်ဖြတ် ခြင်း' ပင်ဖြစ်ပါသည်။ နှလုံးအောင့်ရောဂါ သောက်ဆေးများ၊ အရေးပေါ်ပုံဆေးများ မည်မျှပင်စွမ်းနေပါစေ ဆေးလိပ်မဖြတ်လျှင် မသက်သာနိုင်ပါ။ အဓိကအကျဆုံး အချက်ကို အရင်ဆုံးလုပ်ဆောင်ပါ။ စိတ်ပြတ်အောင် ကြိုးစားပါ။ နိုင်ငံကြီးတော်တော်များများတွင် ဆေးလိပ်မသောက်ရေးနေ့ သာမက ဆေးလိပ်ငွေ့ ကင်းစင်ရေးကိုပါ ကြိုးစားနေကြ သည်ဟုသိရပါသည်။ ဆေးလိပ်သောက် သူ၏ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့ လေထဲမှာလွင့်လာပြီး တစ်ဆင့်ခံရှူရှိုက် မိသူကိုပါ နှလုံးရောဂါသွေးကြော ကျဉ်းရောဂါများ ရလာစေနိုင်သည်ဟု ဆိုပါသည်။ ကိုယ်တိုင်သောက်သူများမှာ လွန်ကဲလျှင် ဆေးချိုး၊ ကတ္တရာများကြောင့် အဆုတ် ကင်ဆာဖြစ်သူများစွာ ရှိလာပါသည်။ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု၊ အဆုတ်နှစ်ခု ပါသော်လည်း နှလုံးမှာ တစ်ခုတည်းသော အသက်သွေးဆက် ကိရိယာပင်ဖြစ်ပါသည်။ ထိုကိရိယာ အတွက် သွေးထောက်ပံ့မှုပေးနေသော သွေးကြောငယ်ကလေးများ မကျဉ်းစေရန်အတွက် အဆီခဲ၊ အဆီဆိုးများ ရှောင်ရန်  လိုအပ်သည်။ လမ်းလျှောက်ခြင်း၊ ကိုယ် လက်လှုပ်ရှားခြင်း များလည်းလိုအပ်သည်။ ထို့ထက်ပို၍ လိုအပ်သည်မှာ ''ဆေးလိပ်မသောက်ဖို့နှင့် ဆေးလိပ်ခိုးအငွေ့များကို ရှောင်ရှားဖို့ပင် ဖြစ်ပါကြောင်း'' တင်ပြ လိုက်ရပေသည်။ တစ်နေ့က ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် 'အမေရိကန်ပြည်ထောင်စု၌ ကင်ဆာရောဂါကြောင့် သေဆုံးသူများအနက် တစ်ဝက်နီးပါးမှာ ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်' ဟူသောခေါင်းစဉ်ဖြင့်  သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ အမေရိကန် ပြည်ထောင်စုတွင် ၂ဝ၁၁ ခုနှစ်၌ ဆေးလိပ်သောက်သူများအနက် တစ်ဝက်နီးပါးသည် ကင်ဆာရောဂါတစ်မျိုးကြောင့် သေဆုံးသည်ဟု အမေရိကန်၏ လေ့လာမှုတစ်ခုကယခုလ ၁၅ ရက်တွင် ဖော်ပြ ခဲ့သည်။

Ref: ထက်အောင်(ဥပဒေ) The Union Daily Monday, June 22, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18