Print

သောကကို ဘယ်လို ဖြေဖျောက်မည်လဲ

  26-Jul-2019
Preview Image

သောကလုံးဝကင်းစင်သော လူဟူ၍ ရှိမည်မဟုတ်ပါ။ နည်းခြင်းများခြင်းသာ ကွာခြားပါလိမ့်မည်။ အများအားဖြင့် သောကဖြစ်ပေါ်မှုမှာ သဘာဝပင်ဖြစ်သည်။ ဖိစီးမှု၏ တုံ့ပြန်မှုတစ်ရပ်သာဖြစ်သည်။ သာမန်အားဖြင့် ကျန်းမာရေးကို ထိခိုက်စေမည် မဟုတ်ပါ။ သောကခံစားရမှုသည် ပြင်းထန်လွန်ကဲလာလျှင် လူတို့၏ သာမန်လူနေမှုဘဝကို ထိခိုက်စေမည်ဖြစ်ပြီး ကျန်းမာရေးအတွက် ဆိုးကျိုးများလည်း ဖြစ်လာနိုင်မည်ဖြစ်သည်။

 

         စိုးရိမ်ပူပန်မှု၊ သောကခံစားရမှုမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှု သို့မဟုတ် စိတ်ကျဝေဒနာအပေါ် တုံ့ပြန်မှုတစ်ခုဟု ဆိုနိုင်သည်။ လူ ၁၀၀ ယောက်မှ ၁၅ ယောက်ခန့်သည် သောကဝေဒနာခံစားနေကြရသည်။ တစ်နည်းဆိုရသော် သောကသည် အတိုင်းအတာထက်လွန်ကဲ၍ ဝေဒနာအသွင်ဖြစ်နေပေသည်။ သောကဝေဒနာခံစားနေရသူသည် တစ်ချိန်လုံး ပူပင်စိုးရွံ့မှု၊ ကြောက်လန့်မှု၊ အားငယ်မှုနှင့် ဂနာမငြိမ်ဖြစ်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း (ရင်တုန်မောပန်းခြင်း)၊ ပါးစပ်ခြောက်ခြင်း၊ ခန္ဓာကိုယ်ဖြေလျှော့၍ မရနိုင်ခြင်း စသည်တို့တွေ့ရနိုင်သည်။


          သောကဝေဒနာခံစားရသူများအတွက် တစ်ခါတစ်ရံ အကြောက်လွန်ကဲမှုဖြစ်နေကြောင်း တွေ့ရသည်။ အမှန်တကယ် ကြောက်စရာမလိုဘဲ ကြောက်ရွံ့နေတတ်ခြင်းဖြစ်သည်။ အကြောက်လွန်ကဲမှုကြောင့် တစ်ခါတစ်ရံမိမိကိုယ်မိမိ သေတော့မည်ဟုပင် မှတ်ယူမှုများ၊ ခံစားမှုများ ဖြစ်လာတတ်သည်။ ရုပ်ခန္ဓာပိုင်းအနေဖြင့် အကြောက်လွန်ကဲမှုကြောင့် ရင်တုန်ခြင်း၊ မူးဝေခြင်း၊ ရင်ဘတ်နာကျင်ခြင်း (ရင်ဘတ်အောင့်ခြင်း) နှင့် အမှန်တကယ် မဟုတ်သော ခံစားမှုများ ခံစားရခြင်းတို့ ခံစားနေရတတ်ပါသည်။ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာအစစ်အမှန်များ မဟုတ်ကြပေ။ ဝေဒနာခံစားရမှုမှာ မိနစ်အနည်းငယ်သာ ကြာမြင့်တတ်သည်။ မကြာခဏ ပြန်ဖြစ်လေသည်။


          Phobia ခေါ် အကြောက်လွန်ဝေဒနာတစ်မျိုးမှာလည်း သောကဝေဒနာနှင့် ဆက်နွယ်မှုရှိသည်။ အရာဝတ္ထုတစ်ခု၊ လှုပ်ရှားမှုတစ်ခု၊ ပြုမူမှုတစ်ခု၊ အခြေအနေတစ်ခုသည် အမှန်တကယ် ကြောက်စရာမဟုတ်ဘဲ ကြောက်နေခြင်းဖြစ်သည်။ သာမန်လူတိုင်းအဖို့ ကြောက်စရာမဟုတ်သော အရာကိစ္စကို ကြောက်နေခြင်းဖြစ်သည်။ ဥပမာ - လေယာဉ်စီးရမည်ကြောက်ခြင်း၊ အမြင့်ကြောက်ခြင်း၊ လူများသည့်နေရာကြောက်ခြင်း၊ ပိုးဟပ်ကြောက်ခြင်း၊ မလုပ်ရလျှင် မနေနိုင်သော စိတ်ဝေဒနာတစ်ခုသည်လည်း သောကဝေဒနာတစ်ခုနှင့် ဆက်နွယ်မှုရှိသည်။ စိတ်အာရုံတွင် ပယ်ဖျက်၍ မရနိုင်သောခံစားမှုကြောင့် အပြုအမူတစ်ခုကိုလုပ်ဆောင်ခြင်း Obsessive compulsive disorder မျိုးရှသည်။

 

         ဥပမာအားဖြင့် မိမိ၏ လက်သည်ညစ်ပေနေသည်၊ သို့မဟုတ် ပိုးမွှားများ ကပ်ငြိနေသည်ဟု ထင်မှတ်ကာ လက်ကိုအကြိမ်ကြိမ်ဆေးကြောခြင်း ဖြစ်သည်။ ပြတင်းတံခါးများ ပိတ်ထားပြီးပါလျက် မပိတ်ရသေး၊ ချက်မချရသေးဟု ထင်မှတ်ကာ မကြာခဏ စစ်ဆေးခြင်းမျိုးဖြစ်ပါသည်။


          တချို့လူနာများတွင် ကြီးမားသော တစ်စုံတစ်ခုသော ထိခိုက်မှု၊ သို့မဟုတ် အန္တရာယ်ကြုံတွေ့မှုကြောင့် ထိုသို့ခံစားရပြီးနောက်ပိုင်းတွင် ပူပင်သောကဝေဒနာခံစားရမှုများ အမြဲကြုံတွေ့ရနေတတ်သည်။ Post – trau – matic stress disorder ဟုခေါ်သည်။ ကြုံတွေ့ခဲ့ရသော အန္တရာယ်ကို ပြန်မြင်ယောင်နေခြင်း၊ ပြန်လည်သတိရနေခြင်းနှင့် တွေးမိခြင်းတို့ အကြိမ်ကြိမ်ဖြစ်နေတတ်သည်။ ကောင်းစွာအိပ်စက်မရခြင်း၊ မှတ်ဉာဏ်ဆုတ်ယုတ်သွားခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း၊ ပတ်ဝန်းကျင်အားစိတ်ဝင်စားမှု မရှိတော့ခြင်း၊ တစ်ဦးတစ်ယောက်တည်းနေတတ်ခြင်း စသည့်လက္ခဏာများလည်း တွေ့ရနိုင်သည်။

သောကကို ဖြေဖျောက်လိုလျှင်

·         စိတ်ဖြေလျှော့နည်းကျင့်သုံးပါ။ တရားထိုင်ပေးပါ။

·         အစားအစာကို ဂရုစိုက်စားသုံးပါ။

·         အားလပ်ရက်များတွင် အပန်းဖြေရန် အိမ်ပြင်ပထွက်ပါ။

·         အသက်ရှူရာတွင် ပြင်းပြင်းရှူသွင်း၍ ပြင်းပြင်းရှူထုတ်ပါ။ အသက်ရှူခြင်းကို အာရုံစူးစိုက်၍ လုပ်ဆောင်ပေးပါ။

·         ယောဂ၊ ထိုက်ကျိ၊ တရားထိုင်ခြင်း စသည် စိတ်တည်ငြိမ်မှုရစေ သည့်နည်းများ လုပ်ဆောင်ကြည့်ပါ။

·         နှစ်သိမ့်ဆွေးနွေးပညာပေးသူ၊ သို့မဟုတ် စိတ်ပညာရှင်၏ အကူအညီရယူပါ။

·         လိုအပ်ပါက အောက်ပါကုသမှုများ ရယူနိုင်ပါသည်။

 စိတ်ကုထုံးနည်း Psychotherapy ၊ သို့မဟုတ် အပြုအမူပိုင်းဆိုင်ရာ ကုထုံး Behavioral Therapy ၊ သို့မဟုတ် အိပ်မွေ့ချကုထုံး Hypnotherapy ကို အသုံးပြု၍ ကုသပေးနိုင်ပါသည်။ တာဝန်မှာ စိတ်ကျန်းမာရေးဆရာဝန်၊ သို့မဟုတ် စိတ်ပညာရှင်၏ တာဝန်ဖြစ်သည်။

·         ဆေးပညာရှင်များက လိုအပ်ပါက ဆေးဝါးများလည်း ညွှန်ကြားပေးလိမ့်မည် ဖြစ်သည်။

Credit : ဒေါက်တာ အေးကျော်(ဇီဝကမ္မဗေဒ) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18