Print

ကလေးမွေးဖွားပြီးနောက်ဖြစ်သော စိတ်ကျရောဂါ အပိုင်း(၂)

  22-Jul-2019
Preview Image

          များပြားသောအမျိုးသမီးများ (၂၆ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်း) တို့သည် “Baby Blues” ကို တွေ့ကြုံကြရသည်။ ကလေးမွေးဖွားပြီး လေးငါးရက်တွင် အထွတ်အထိပ်သို့ရောက်၍ မီးတွင်း ၁၀ ရက်နောက်ပိုင်းတွင် အဆင်ပြေသွားသည်။


          “Baby Blues” သည် သက်တမ်းအားဖြင့် တိုတောင်းသော်လည်း ခံစားမှုမှာ ပြင်းထန်လျှင် မီးတွင်းနောက်ပိုင်း အချိန်ကာလအတွင်း ကလေးမွေးဖွားပြီး စိတ်ကျခြင်းဖြစ်ပွားရန် အလားအလာပိုများသည်။ ကလေးမွေးဖွားပြီး ခြောက်ပတ်ကြာပြီးသောအခါ စိတ်ကျခြင်းပုံစံဝင်သော အမျိုးသမီးများတွင် သုံးပုံနှစ်ပုံမှာ “Baby Blues” ကို ခံစားခဲ့ဖူးကြောင်း တွေ့ရသည်။


          အလားတူပင် ကလေးမွေးဖွားနိုင်သော အရွယ်အမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းတို့သည် ကလေးမွေးဖွားပြီး ရက်အနည်းငယ်တွင် မူးယစ်ခြင်း (Highs) (အနည်းငယ် သာယာကြည်နူးဖွယ် အခြေအနေဖြစ်ခြင်း၊ စွမ်းအားတိုးပွားလာခြင်း) ကို ခံစားဖူးခဲ့လျှင် လပေါင်းများစွာ နောက်ပိုင်းတွင် စိတ်ကျခြင်း ဖြစ်ပွားရန် အလားအလာ ရှိနေပေသည်။


          ထို့ကြောင့် ကလေးမွေးဖွားပြီး စိတ်အခြေအနေ ပြောင်းလဲလာခဲ့သော် မီးတွင်းချိန်မှစပြီး တစိုက်မတ်မတ် ပြန်လည်ဆန်းစစ်နေရန် လိုအပ်သည်။ နောက်ဆုံး၌ ကလေးမွေးဖွားပြီး ဖြစ်တတ်သော စိတ်ကျရောဂါကို မီးတွင်းစိတ်ရောဂါ (Puerperal Psychosis) နှင့် ခွဲခြားသိမြင်ရန် လိုအပ်သည်။ အများစုသော မီးတွင်းစိတ်ရောဂါစတင်ခြင်းမှာ ကလေးမွေးဖွားပြီး တစ်လအတွင်း ဖြစ်တတ်သလို သဘာဝအားဖြင့် ရူးသွပ်ခြင်းပင် ဖြစ်သည်။ လက္ခဏာများမှာ -

-       ညပေါင်းများစွာ အိပ်မပျော်ခြင်း

-       စိုးရိမ်ကြောင့်ကြစိတ်လှုပ်ရှားနေခြင်း

-       ကလေးငယ်အား ရှောင်ရှားခြင်း

-       မဆင်မခြင်ပြောဆိုခြင်း သို့မဟုတ် စိတ်ဆိုးအောင်လုပ်ခြင်းတို့မှာ စောစီးစွာ သတိပေးနှိုးဆော်နေသော လက္ခဏာများဖြစ်ရာ မီးတွင်းစိတ်ရောဂါ စတင်နေကြောင်း ရှေ့ပြေးနိမိတ်ပင်ဖြစ်သည်။ မှားယွင်းသည့် အယူအဆရှိခြင်း သို့မဟုတ် ယုံမှားသိမြင်ခြင်းရှိလျှင် ကလေးနှင့် ပတ်သက်တတ်သည်။ ကလေး၌ မကောင်းဆိုးဝါး နတ်ထိန်းချုပ်ထားခြင်းကြောင့် သူမ၏ ကလေးငယ်ကိုသတ်ရန်အတွက် တစ်ဦးတစ်ယောက်က ပြောနေသံမျိုး ကြားယောင်တတ်သည်။ ယင်းလက္ခဏာသည် သူမနှင့် သူမ၏ ကလေးကို ဘေးအန္တရာယ်ပြုနိုင်သဖြင့် မီးတွင်းစိတ်ရောဂါသည် ဆေးကုသမှုနှင့်ဆိုင်သော အရေးပေါ်အခြေအနေဖြစ်သည်။ မီးတွင်းစိတ်ရောဂါရှင် လူနာများအား စိတ်ရောဂါအထူးကု ဆေးရုံကြီးတွင် ကုသမှုပေးရမည်။


ကလေးမွေးဖွားပြီး စိတ်ကျရောဂါကို တိကျစွာ ဖော်ဆောင်နိုင်ရန်အတွက် ဆေးကုသမှုနှင့်ဆိုင်သော စိတ်ကျရောဂါကို ပယ်ထုတ်နိုင်ရမည်။ ယင်းတို့မှာ သိုင်းရွိုက်အကျိတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပုံမမှန်ခြင်း သို့မဟုတ် သွေးအားနည်းခြင်းတို့ ဖြစ်သည်။ မွေးဖွားရာတွင် သွေးများစွာ ဆုံးရှုံးမှုဖြစ်ခဲ့လျှင် အလွန်မောပန်းနွမ်းနယ်ကြောင်း ပြောဆိုမည်။ ထို့ပြင် စိတ်ကျခြင်း လက္ခဏာများဖြစ်သည့် စိတ်အားနည်းသော အခြေအနေ၊ လှုံ့ဆော်မှုမရှိခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနှင့် အလွန်မောပန်း နွမ်းနယ်ခြင်းတို့သည် သိုင်းရွိုက်အကျိတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုနည်းခြင်း၏ လက္ခဏာများဖြစ်သည်။


          ကလေးမွေးဖွားပြီး စိတ်ကျရောဂါဖြစ်သော အမျိုးသမီးများ၏ ငါးရာခိုင်နှုန်းသည် ခဏသာဖြစ်သော သိုင်းရွိုက်ဟော်မုန်းလျော့နည်း ကျဆင်းသွားခြင်းဖြစ်တတ်သလို တစ်ခါတစ်ရံ ရှေ့ပြေးအားဖြင့် သိုင်းရွိုက်ဟော်မုန်း တိုးတက်များပြားလာခြင်းကြောင့်လည်း ဖြစ်သည်။


          ယင်းမှာ ကလေးမွေးဖွားပြီး ပထမနှစ်တွင်ဖြစ်သည်။ အခြားသောသူများတွင် သိုင်းရွိုက်အကျိတ်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှု ပုံမမှန်ခြင်းမှာ အမြဲတမ်းဖြစ်သွားပေသည်။ သိုင်းရွိုက်ဟော်မုန်း တိုးတက်မြင့်မားလာခြင်းတွင် လျင်မြန်စွာ လျော့နည်းကျဆင်းလာခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနှင့် ဆိုးရွားလှသော ရူးသွပ်မှုကို ခံစားရခြင်းတို့ ပါဝင်သည်။ သတိရှိစွာ ရာဇဝင်ကြောင်းကို သေချာအောင် မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းအပြင် သင့်မြတ်လျော်ကန်သော ဓာတ်ခွဲစစ်ဆေးမှု၊ ဥပမာ - သိုင်းရွိုက်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုအတွက် စစ်ဆေးခြင်းနှင့် ပြည့်စုံသော သွေးဆဲလ်ရေတွက်ခြင်းအားဖြင့် မှားယွင်းသောရောဂါ ဖော်ဆောင်မှု အန္တရာယ်ကို လျော့နည်းသွားစေနိုင်သည်။


ဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိသူများကို သက်သေအထောက်အထား ရှာဖွေပြခြင်း

          များပြားသော လူနာများတွင် ဖြစ်ပွားနိုင်ချေ အန္တရာယ်ရှိသူများမှာ ကိုယ်ဝန်ဆောင်စဉ်မှာပင် သက်သေအထောက်အထားများ ရှိနိုင်ပေသည်။ ထိုအမျိုးသမီးများကို ကလေးမွေးဖွားပြီးလျှင် ပြန်လည်ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ ကလေးမွေးဖွားပြီး စိတ်ကျခြင်းမှာ အောက်ပါအခြေအနေများတွင် ပိုဖြစ်နိုင်ခြေရှိသည်။

-       ကလေးမွေးဖွားပြီး စိတ်ကျမှုကို ယခင်က ဖြစ်ခဲ့ဖူးခြင်း

-       ကိုယ်ဝန်နှင့် မဆက်နွယ်သော စိတ်ကျခြင်းဖြစ်ဖူးခြင်း

-       ပြင်းထန်သော မီးယပ်သွေးမပေါ်မီ ဖြစ်ပွားသော လက္ခဏာစု (PMS) ဖြစ်ခြင်း

-       အိမ်ထောင်ရေးတွင် အဆင်မပြေအခက်အခဲရှိနေခြင်း

-       စကားပြောဆိုရန် သို့မဟုတ် မှီခိုအားထားရန် မိသားစုဝင်နှင့် မိတ်ဆွေများ အနည်းငယ်သာရှိခြင်း

-       ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် ကလေးမွေးဖွားပြီး စိတ်ကိုဖိအားပေးစေသော အရေးကြီးသည့် ဖြစ်ရပ် ရှိခဲ့ခြင်းတို့ဖြစ်သည်။

Credit : ဒေါက်တာ လဲ့လဲ့ဝင်း

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18