Print

ကူညီကာကွယ် သေကြောင်းကြံစည်မှုအန္တရာယ် အပိုင်း (၅)

  19-May-2019
Preview Image

မိမိကိုယ်မိမိ ဒဏ်ရာရအောင် No Suicidal Self Injury လုပ်နေပြီဆိုတဲ့အချိန်မှာ ကိုယ်ကတော့ ဘယ်လိုကူညီနိုင်မလဲ။

          အဲဒီလိုလူမျိုးကို ဘာလုပ်ပေးရမလဲဆိုတော့ ပညာရှင် တွေရဲ့ အကူအညီရအောင် ရှာပေးရမယ်။ မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာသည် စိတ်ကျန်းမာရေး ပြဿနာတစ်ခုကြောင့် လုပ်တာလည်းဖြစ်နိုင်တယ်။ အဲဒါကြောင့် အဲဒီစိတ်ကျန်းမာရေးပြဿနာရှိနေတယ်ဆိုရင် အဲဒါကို ကုသမှုရအောင် အစီအစဉ်လုပ်ပေးရပါမယ်။ အဲဒီလူကိုလည်း ဆရာဝန်ကြီးတွေနဲ့ တွေ့ဖို့ ဒါမှမဟုတ်ရင်လည်း စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးတွေနဲ့ တွေ့ဖို့လိုတယ်၊ တွေ့လိုက်ပါဆိုပြီးအားပေးစကားပြောရမယ်။ တွန်းအားပေး စကားလေးတွေပြောရပါမယ်။ သူတို့ကိုယ်သူတို့ သူတို့ကိုယ်တိုင်ကလည်း ကုသမှုခံယူဖို့ ကြိုးစားနေတယ်ဆိုရင် ဆက်ပြီးတော့ ကုသမှုကို အကူအညီတွေ ယူကို ယူရမယ်၊ ကုသမှုဆက်ပြီး ခံယူဖို့ လိုတာ သေချာတယ်ဆိုတဲ့အကြောင်းလေး ပြောပြပြီးဖြစ်အောင် ဆောင်ရွက်ပေးရမယ်။


          နောက်တစ်ခု အကြံဉာဏ်ပေးရမှာတော့ လူနာကို သူက ဘယ်ဆရာဝန်ကြီးနဲ့ပြပါလား။ ဘယ်သူတွေနဲ့ပြပါလား ဘယ်ဆေးရုံကိုသွားပါလား၊ သွားသင့်တယ်ဆိုတာမျိုး၊ အကြံဉာဏ်ပေးတာမျိုး ဆွေးနွေးတာမျိုးလေးပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ဘယ်သူ့ဆီကိုပဲ သွားရမယ်၊ ဘယ်သူ့ဆီသွားလိုက်၊ ဘယ်နေရာသွားလိုက်ဆိုတာမျိုးတော့ အတင်းကြီးလုပ်ရမှာ မဟုတ်ပါဘူး၊ သူ့ကို အကြံဉာဏ်လေးတွေ ပေးရမှာ၊ ပေးပြီးလို့ရှိရင် သူ့ကို အကူအညီရနိုင်တဲ့နေရာ ဘယ်နေရာသွားရင်တော့ ရနိုင်တယ်ဆိုတဲ့ စီမံချက်လေးနဲ့ လမ်းညွှန်မြေပုံလေး လုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

         နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်ကလည်း ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အကြောင်းလေးကို ပြောမယ်။ ဆေးဝါးကုသမှုခံယူတဲ့နေရာမှာ ကိုယ်ကဘယ်လို သူ့ကို ကူညီနိုင်မလဲ၊ သူတို့ ဘယ်သူတွေနဲ့ စကားပြောဖို့လိုတယ်။ နောက်တစ်ခုက စိတ်ကျန်းမာရေးဆေးရုံတို့ ဒါမှမဟုတ်ရင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးတွေနဲ့တို့ ပြဖို့လိုတယ်။ အဲလိုပြတဲ့နေရာမှာ ကိုယ်ကိုယ်တိုင်လိုက်ပြီးတော့ ကူညီပေးမယ်၊ ဆက်သွယ်ပေးမယ်ဆိုတာမျိုးတော့ ပြောရမှာ ဖြစ်ပါတယ်။ သူက အဲလို ပညာရှင်တွေရဲ့ အကူအညီယူဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကြိုးစားလိုက်ပြီဆိုရင် တစ်ဆင့်ပြီးတစ်ဆင့် အဲလိုမျိုးလုပ်တာကို ဒါဆိုရင် အဆင်ပြေသွားပြီ ဒီလိုလုပ်သင့်တယ်၊ ဒီလိုသွားသင့်တယ်ဆိုတာမျိုးလေး သူ့ကို အားတက်အောင် လုပ်ပေးဖို့ လိုပါတယ်။ နောက်အရေးကြီးတာ တစ်ခုကတော့ သူတို့တကယ်ပဲ အဲဒီပညာရှင်တွေနဲ့ စိတ်ကျန်းမာရေးအခြေအနေတွေကို ပြပြီးပြီလား ဒါမှမဟုတ် ဆရာဝန်ကြီးတွေနဲ့ ကုသမှု ခံယူပြီးပြီလားဆိုတာကိုလည်း ပြန်ပြီးတော့ စစ်ဆေးဖို့ နောက်ကနေပြီးတော့ လိုက်ကြည့်ဖို့ လိုမှာဖြစ်ပါတယ်။ ဒီစိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အထောက်အကူပေးတော့မယ်ဆိုရင် သူ့ကိုယ်စား စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့အတွက် ရှာဖွေပြီဆိုရင် ဘာလုပ်ရမလဲဆိုတော့ ဘယ်လိုအခြေအနေမျိုးမှာ ကိုယ်က သူ့ကိုယ်စား စိတ်ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် ဆရာဝန်ကြီးတွေကို ရှာဖွေပြီးတော့ ဆက်စပ်ပေးဖို့၊ ဘယ်နေရာမှာ ဆက်စပ်ပေးရမလဲဆိုတော့ ဒီလူကနေပြီးတော့ ကျွန်တော့်ကို စိတ်ကျန်းမာရေးဆေးရုံပို့ပေးပါ ပြောလာရင် ၊ ဒါမှမဟုတ်ရင် အရမ်းကို ပြင်းထန်ရင် လက်ကို ဓားနဲ့ လှီးထားတာတွေကတော်တော်လေးနက်တယ်၊ အရိုးတွေဘာတွေ ကျိုးသွားတယ်ဆိုတာမျိုးဆိုရင် သူ့ကိုယ်စား ကိုယ်က စိတ်ကျန်းမာရေး စောင့်ရှောက်ပေးနိုင်တဲ့ဆီကို ရောက်အောင် ရှာဖွေပြီးတော့ကို ပို့ပေးရမယ်။

  

        ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်လိုက်တဲ့ဟာက နေ့စဉ် နိစ္စဓူဝ လုပ်ရမယ့် အလုပ်အကိုင်တွေ ကိုပါ ထိခိုက်လာတဲ့အဆင့်အထိ ရှိတယ်ဆိုရင် ဒါ ကျန်းမာရေး ကုသမှုရအောင် ကိုယ်က သူ့ကိုယ်စား လုပ်ကို လုပ်ပေးရတော့မယ်။ သူ့ရဲ့မျက်လုံးတွေကို ထိခိုက်ဒဏ်ရာရသွားတယ်။ ဒါမှမဟုတ်ရင် သူ့ရဲ့ လိင်အင်္ဂါတွေကို ထိခိုက်ဒဏ်ရာတွေရအောင် လုပ်ပစ်လိုက်တယ်။ ဒါမှမဟုတ်ရင်လည်း သူ့ကိုယ်သူ သေစေလောက်တဲ့အထိ ပြင်းထန်စွာ ဒဏ်ရာအနာတရတွေဖြစ်အောင် လုပ်နေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရရောက်အောင် လုပ်တဲ့သူရဲ့ ကိုယ်စား စိတ်ကျန်းမာရေးစောင့်ရှောက်မှုရအောင် ကိုယ်ကပဲ ရှာဖွေပြီးတော့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းထဲမှာ ထည့်ထားရမှာက ဘာလဲဆိုတော့ လူတွေ တော်တော်များများ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်တဲ့လူအတော်များများဟာ သူတို့ရဲ့အပြုအမူတွေကို ပြောင်းလဲပစ်ဖို့ ခက်တယ်ဆိုတာကို သိထားရမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရ ဖြစ်အောင်လုပ်တဲ့လူတွေသည် သူတို့ရဲ့ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့အပြုအမူတွေကို ပြောင်းလဲဖို့ဆိုတာ လူတိုင်း မဖြစ်နိုင်ပါဘူးဆိုတဲ့ အကြောင်းကို သိထားရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်ကနေပြီးတော့ သူ့ကိုပံ့ပိုးမှု ၊ ကူညီမှု တွေပေးချင်တယ်၊ ပေးမယ်ဆိုလို့ရှိရင်တော့ သူ့ရဲ့အပြုအမူတွေ၊ သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ သူတို့ကိုယ်သူတို့ ပြင်ဖို့ခက်တယ်။ ပြင်ဖို့ခက်တဲ့ကြားထဲက ကိုယ်က ကူညီမယ်၊ ပံ့ပိုးမယ်ဆိုလို့ ရှိရင်လည်း သူတို့လုပ်တာတွေကို သူတို့ဘာသာသူတို့ မထိန်းနိုင်တာ၊ ကိုယ့်ကြောင့်ဆိုပြီး ငါ့မှာ တာဝန်ရှိတယ်ဆိုပြီးတော့ အတင်းကြီးလည်း တွေးပြီးမခံစားပါနဲ့။


          တကယ်လို့ တစ်ယောက်ယောက်က အဲလိုမျိုး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူသည် လူပျိုပေါက်၊ အပျိုပေါက်၊ မြီးကောင်ပေါက်အရွယ် ဖြစ်နေတယ်ဆိုပါစို့။ အဲလိုမျိုး မြီးကောင်ပေါက်အရွယ်ဖြစ်နေပြီဆိုရင်တော့ တည့်ပဲ လမ်းညွှန်ပေးတဲ့ အသင့်တော်ဆုံးကို လမ်းညွှန်ပေးတယ်ဆိုတဲ့ နည်းလမ်းတွေကို သုံးဖို့လိုမှာ ဖြစ်ပါတယ်။ ဒီနေရာမှာကျတော့ သူတို့အတွက် အစီအမံတွေ လုပ်တဲ့နေရာမှာ သူတို့ကို အကူအညီပေးနိုင်မယ့် သူတွေဆီကို ဥပမာ ဆရာဝန်ကြီးတွေဆီကို၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ဆေးရုံတွေဆီကို ကိုယ်တိုင်ကပဲ အချိန်းအချက်လုပ်ပြီးတော့ သူတို့နဲ့အတူ လိုက်ပါပြီးတော့ တိုက်ရိုက်ပဲ လမ်းညွှန်ဆောင်ရွက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။


အရေးပေါ် ဆေးဝါးကုသမှုလိုတဲ့ အခြေအနေမျိုး ရှိနေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။

          ဒီနေရာမှာတော့သိပ်ပြီးတော့ အလွန်အကျွန်ကြီးစိတ်ထဲမှာ မထားပါနဲ့၊ မခံစားပါနဲ့၊ ဆေးဝါးကုသမှုပေးတာက တကယ်လို့ ဒဏ်ရာအနာတရဖြစ်တာ ဆိုးရွားတယ်ဆိုမှ ဆေးဝါးကုသမှု လိုမှာဖြစ်ပါတယ်။

          လွန်လွန်ကဲကဲစိတ်ပူပြီးတော့ လုပ်တာမျိုးတွေလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတယ်ဆိုတဲ့သူက ဒဏ်ရာဆိုးရွားတယ်ဆိုလို့ရှိရင် အရေးပေါ်ဌာနကို ဆက်သွယ်ပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တကယ်လို့ ဓားနဲ့လှီးလိုက်တာ တော်တော်လေးကို ဟသွားတယ်၊ သွေးတွေလည်း အလွန်အမင်းထွက်နေတယ် ၊ ချုပ်ဖို့လိုအပ်တယ်၊ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် မီးလောင်အောင် လုပ်လိုက်တယ်၊ အပူလောင်အောင်လုပ်လိုက်တယ် ၊ အဲဒီ အပူလောင်အောင် လုပ်လိုက်တဲ့ဟာ တော်တော်ကြီးကို နက်တယ်၊ အပူလောင်သွားခဲ့တဲ့နေရာလည်း တော်တော် ကြီးတယ် ဥပမာ - လက်မှာ လောင်သွားတယ်၊ ခြေထောက်မှာ လောင်သွားတယ်၊ မျက်နှာမှာလောင်သွားတယ်၊ ဆေးဝါးကုသမှု အရေးပေါ်လိုအပ်တယ် ဆိုတဲ့အခါမျိုးမှသာလျှင် အရေးပေါ်ဌာနကို အကြောင်းကြားပြီးတော့ ကူညီစောင်ရွက်ပေးရမှာဖြစ်ပါတယ်။


တကယ်လို့ သူတို့က သူကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင်လုပ်တယ်။ အဲဒီလို ဒဏ်ရာအနာတရဖြစ်အောင်လုပ်တဲ့နေရာမှာ တချို့ကျတော့ ဓားတွေ၊ တုတ်တွေ၊ နံရံတွေနဲ့ တိုက်တာမဟုတ်ဘဲနဲ့ ဆေးတွေ သောက်ချလိုက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ ကြွက်သတ်ဆေးသောက်တာမျိုးတို့ ဒါမှမဟုတ်ရင်လည်း အဆိပ်တစ်မျိုးမျိုး သောက်တာမျိုးတို့ ဒီလိုမျိုးတွေ ဆေးဝါးတွေကို မတန်မဆ သောက်ချလိုက်တာမျိုးတို့ ရှိတတ်ပါတယ်။ ဒီလိုမျိုးရှိပြီဆိုရင်တော့ အရေးပေါ်ကားကို ခေါ်ရမှာ ဖြစ်ပါတယ်။ ဒါက အသက်အန္တရာယ် တော်တော်ကြီးကို နီးစပ်နေတာ ဖြစ်တဲ့အပြင် ဒီလိုမျိုးလုပ်တဲ့လူတွေဟာ နောက်လည်းဆက်ပြီးတော့ အန္တရာယ်ဖြစ်အောင် လုပ်မယ့်လူစားမျိုးတွေဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ သူ့သဘောနဲ့ သူ ဆေးဝါးတွေကို မတန်တဆ သုံးစွဲပစ်လိုက်တယ် ဆိုတဲ့ဟာမျိုးသည် သေနိုင်လောက်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်ရုံလေးပဲ လူတွေ လန့်သွားရုံလောက်ပဲ လုပ်တာမျိုးလည်း ဖြစ်တော့ဖြစ်တတ်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ရည်ရွယ်ချက်က သေချင်လို့သောက်တာပဲဖြစ်ဖြစ်၊ မသေချင်ဘဲနဲ့ ဒဏ်ရာအနာတရဖြစ်ရုံလေးပဲ သောက်တာပဲဖြစ်ဖြစ် ဒီလိုမျိုး ဆေးတွေ မတန်တဆသောက်လိုက်ပြီ အဆိပ်တွေသောက်လိုက်ပြီဆိုလို့ ရှိရင်တော့ အရေးပေါ်ကူညီမှု လိုကို လိုနေပါပြီ။ အရေးပေါ်လူနာတင်ကားကိုခေါ်ပြီးတော့ အရေးပေါ်ဌာနကို အမြန်သွားရမှာ ဖြစ်ပါတယ်။


ဒဏ်ရာအနာတရဖြစ်အောင် မလုပ်ဘဲ အခြားနည်းတွေနဲ့ ဖြေရှင်းဖို့အားပေးကြရမယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ ဖြေရှင်းတဲ့ ဗျူဟာတွေကို ချမှတ်ပေးမယ်ဆိုရင် သူ့အနေနဲ့ သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ချင်တဲ့ဆန္ဒတွေ တဖြည်းဖြည်းလျော့ပါးသွားပြီးတော့ သက်သာသွားစေမှာဖြစ်ပါတယ်။ အဲဒီတော့ သူ့ကို ဘယ်လိုအားပေးမှုတွေ၊ တွန်းအားပေးမှုတွေ လိုသလဲဆိုတော့ သူတို့ရဲ့ ခံစားချက်ပိုင်းဆိုင်ရာတွေကို ထုတ်ဖော်ပြောဖို့ ဖွင့်ပြောဖို့ တွန်းအားပေးရမှာ ဖြစ်ပါတယ်။ ကျွန်တော့ကိုလည်း ပြောလို့ရတယ်၊ ဒီလိုပဲ အရမ်းခင်မင်ရင်းနှီးတဲ့သူတွေတို့ သူငယ်ချင်းတွေ ၊ မိသားစုတွေကို ပြောဖို့ လိုတယ်။ ဘာတွေ စိတ်ဖိစီးမှုတွေ ဘယ်လောက်များနေလဲ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်ချင်လောက်အောင် ဘာတွေကြောင့် လုပ်ရတာလဲ၊ အဲဒီခံစားချက်တွေကို ဝေမျှပေးဖို့ လိုတယ်ဆိုတဲ့အကြောင်း တွန်းအားပေးရမှာ ဖြစ်ပါတယ်။ ဒါတင်မကဘူး။ သူတို့ကို ဒီစိတ်ဖိစီးမှုတွေ လျော့ပါးသွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကိုလည်း တွေးတောပေးဖို့ ကူညီရမှာဖြစ်ပါတယ်။ ဥပမာ ဆိုလို့ရှိရင် ရေနွေးလေး စိမ်ပြီး ချိုးလိုက်တာမျိုး၊ သီချင်းတွေကို ကျယ်ကျယ်လောင်လောင် ဖွင့် နားထောင်ပြီးတော့ သီချင်းတွေ အော်ဆိုပစ်လိုက်တာမျိုး ဒါမှ မဟုတ်လို့ရှိရင်လည်း အဲလိုမျိုး အလားတူပေါ့လေ။

  

        တစ်ခုမဟုတ်တစ်ခု စိတ်ဖိစီးမှုတွေ ပြေလျော့သွားစေမယ့်နည်းလမ်းတွေကို လုပ်နိုင်ဖို့အတွက် အကူအညီတွေ ပေးရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ အနာတရ ဖြစ်အောင် လုပ်တာအစား တခြားဖြေရှင်းနိုင်မယ့် ၊ ဖြေရှင်းမယ့် နည်းလမ်းတွေ ရှိပါတယ်ဆိုတဲ့ သတင်းအချက်အလက်လေးတွေနဲ့ပတ်သက်ပြီး ကိုယ်သိတာလေးတွေ မျှဝေပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီတော့ ဒီနေရာမှာ ကျွန်တော်တို့ အရေးကြီးတဲ့အချက်က ဘာလဲဆိုတော့ မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင်လုပ်ခြင်းသည် အကြောင်းအမျိုးမျိုးဖြစ်နိုင်သည်။ တစ်စုံတစ်ယောက်သည် သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် သတ်သေမယ်ဆိုတဲ့ အန္တရာယ်ထိ ရှိတယ်။ နောက်အခြားတစ်ခုကတော့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်လုပ်တာသည် တစ်ရက် နှစ်ရက် မကဘဲနဲ့ ရက်သတ္တပတ်ပေါင်းများစွာ ၊ လပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ ထိ ဖြစ်နေပြီးတော့ တချို့ကတော့ သေတဲ့အထိ ဖြစ်အောင်မလုပ်ဘူး၊ ဒဏ်ရာအနာတရဖြစ်အောင်ပဲလုပ်တယ်။ တချို့ကျတော့ သေသွားတာတွေရှိတယ်။ အဲတော့ ဒီလမ်းညွှန်ချက်သည် သတ်သေမယ့်သူတစ်ယောက်ကို ကူညီတဲ့ လမ်းညွှန်ချက်မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူတွေကို ကူညီတဲ့ လမ်းညွှန်ချက်ဖြစ်သည်။ တကယ်လို့ ကိုယ်ကနေပြီးတော့ သတ်သေဖို့ ကြိုးစားတဲ့သူတစ်ယောက်ကို ကူညီမယ်ဆိုရင်တော့ ပြီးခဲ့တဲ့အပတ်က ပြောခဲ့တဲ့ ရှေးဦးသူနာပြုစုနည်းကိုပဲ သုံးရမှာ ဖြစ်ပါတယ်။ အခုပြောသွားတဲ့ လမ်းညွှန်ချက်သည် လူတွေထဲမှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်နေတဲ့သူတစ်ယောက်ကို ကူညီဖို့ဖြစ်ပါတယ်။ သတ်သေဖို့ ကြိုးစားတဲ့သူတစ်ယောက်ကို ကူညီတဲ့နည်းလမ်းမဟုတ်ပါဘူး။ စိတ်ကျန်းမာရေး ရှေးဦးသူနာပြုနည်းကို ကျင့်သုံးပြီး ကူညီနေတဲ့သူတစ်ယောက်သည် တစ်စုံတစ်ယောက်သောသူကို ကူညီတဲ့နေရာမှာ အဓိကကတော့ လတ်တလော ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးပြီး ဆရာဝန် သို့မဟုတ် စိတ်ကျန်းမာရေး ဆရာဝန်ကြီးတွေ ဆေးခန်းတွေ၊ ဆေးရုံတွေဆီကို အမြန်ဆုံး ရောက်အောင် ကူညီနိုင်ဖို့ပဲ ဖြစ်ပါတယ်ဆိုတာကို သတင်းကောင်းပါးချင်ပါတယ်။

Credit : ပါမောက္ခ ဦးဉာဏ်ဝင်းကျော် ( အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18