Print

ကူညီကာကွယ် သေကြောင်းကြံစည်မှုအန္တရာယ် အပိုင်း(၄)

  17-May-2019
Preview Image

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတယ်ဆိုတာကို မြင်တဲ့အခါ ဒါမှမဟုတ် သံသယ ဝင်စရာရှိတဲ့အခါ ဘယ်လိုပြောသင့်လဲ

          ဘယ်လိုပြောသင့်လဲဆိုတဲ့အချက်က အရေးကြီးပါတယ်။ ဘယ်လိုပြောသင့်လဲဆိုရင် သူ့ကို ကူညီဖို့ တာဝန်ရှိတယ်၊ သူပြောတာတွေကို တကယ်ကို လိုလိုလားလားပုံစံနဲ့ နားထောင်ဖို့ လိုအပ်ပါတယ်။ဘယ်လိုပြောကြမလဲဆိုတော့ ဥပမာ မင်းအဲဒီလို လုပ်လိုက်တဲ့ အတွက် အရမ်းစိတ်ပူတယ်၊ ငါ အရမ်းဒေါသထွက်တယ်ကွာ၊ ငါ တော်တော်လေး စိတ်လေသွားတယ်၊ တော်တော်ခံစားရတယ်ဆိုတာမျိုး ပြောရမယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာ အနာတရဖြစ်အောင် လုပ်နေတဲ့သူကို မေးခွန်းတွေ မေးရမယ်။ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီလိုဒဏ်ရာအနာတရဖြစ်အောင် လုပ်တာလဲဆိုတဲ့ မေးခွန်းတွေ မေးရမယ်။ မေးတဲ့အခါမှာ အတင်းကြီးကို ဖိအားပေးတာမျိုးတော့လည်း မလုပ်ရဘူး။ နောက်တစ်ခုက သူရှင်းပြတဲ့အရာတွေ၊ သူ့ရဲ့ အတွေ့အကြုံပြောတာတွေကိုလည်း အသိအမှတ်ပြုရမယ်။ အဲဒါဆို အဲဒီလိုလုပ်တုန်းက အဲဒီလိုလုပ်တော့ အဲဒီလိုဖြစ်တာပေါ့၊ သူ့ကို တုံ့ပြန်ပြီးတော့ ပြောဆိုတာမျိုးတွေ လုပ်ရမယ်။

    

      နောက်တစ်ခုက ပံ့ပိုးမှုပေးရမယ်၊ ကူညီမှုပေးရမယ်၊ အားပေးနှစ်သိမ့်ရမယ်။ ကိုယ်က သူ့ကို ကိုယ်ချင်းစာတဲ့အကြောင်းဖော်ပြမယ်။ မင်း ခံစားနေရသလိုပဲ မင်းခံစားရတာကို သဘောပေါက်ပါတယ်ကွာ ၊ ငါဆိုရင်လည်း ဒီလိုပဲ ခံစားရမှာဆိုတာမျိုး သူ့ကို ကိုယ်ချင်းစာတဲ့အကြောင်း ၊ နားလည်တဲ့ အကြောင်းဖော်ပြရမယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ခံစားချက်တွေကို ဒီခံစားချက်မျိုးတွေဟာ ဒီလိုမျိုးအချိန်မှာ ဒီလိုမျိုးခံစားရမှာပဲပေါ့။ မှန်ပါတယ်ဆိုတာမျိုး ခံစားချက်ပိုင်းဆိုင်ရာတွေကိုလည်း သူ့ကို ရှင်းပြမယ်။ သူ ခံစားရတာကို ဟုတ်တာပေါ့။ ဒီလိုမျိုး ဆိုရင်တော့ ဒါမျိုးလုပ်သွားရင်တော့ ဒီလိုပဲ ခံစားရမှာ ပေါ့။ မှန်ပါတယ်ဆိုတာမျိုး သူ့ကို နှစ်သိမ့်ပြီးတော့ အားပေးမှုတွေ လုပ်ရမယ်။ ဒီလိုဖြစ်တာ မင်းတစ်ယောက်တည်းပဲ မဟုတ်ပါဘူး၊ မင်းကို ကူညီပေးမယ့် ငါတို့တွေ ရှိနေပါသေးတယ်ဆိုတာမျိုး ပြောရမယ်။

 

         နောက်တစ်ခုကတော့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုပြီးတော့ ပြဿနာရဲ့ အဖြေကို ရှာတဲ့ နေရာမှာ ငါတို့လည်း တတ်နိုင်သလောက် ဝိုင်းကူပါ့မယ်ဆိုတာမျိုး ပြောရမယ်။ ဆိုလိုတာက သူတို့က ဘာဖြစ်ချင်တယ်၊ အဲတော့ ဖြစ်နိုင်တဲ့ အချက်အလက်တွေ ဒီလိုဒီလိုလုပ်ရင်တော့ ဒီလိုဒီလိုဖြစ်နိုင်တယ်ဆိုတဲ့ ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေကို လုပ်သင့်လုပ်ထိုက်တယ်ဆိုတဲ့ အကြောင်းအချက်တွေကို သူနဲ့ဆွေးနွေးပေးရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ကို အားပေးနှစ်သိမ့် ရမယ်၊ အားပေးနှစ်သိမ့်တဲ့အခါမှာ အကူအညီတွေက ဘယ်ကရနိုင်တယ်၊ ပံ့ပိုးမှုတွေ ဘယ်ကရနိုင်တယ်၊ ဘယ်သူတွေကတော့ ဒီကိစ္စကို ကူညီနိုင်ပါတယ်ဆိုပြီးတော့ သူ့ကို အားပေးနှစ်သိမ့်ရမယ်။ နောက် သူ့ကို ကိုယ်ကိုယ်တိုင်ကလည်း ကူညီချင်ပါတယ်ဆိုတဲ့အကြောင်း ပြောရမယ်။ ကူညီနိုင်တဲ့ နည်းလမ်းတွေနဲ့ ကူညီနိုင်တဲ့ဆန္ဒတွေ ရှိတဲ့အကြောင်း အဲဒီနည်းလမ်းတွေ အဆင်ပြေသွားအောင် ကူညီမယ်ဆိုမယ့် အကြောင်းမျိုး ပြောရမှာ ဖြစ်ပါတယ်။

 

         သူ့ကိုယ်သူ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်တာကို လျှို့ဝှက်ထားပေးပါ၊ ကတိပေးပါဆိုလာရင်တော့ လျှို့ဝှက်ထားပါမယ်လို့ ကတိမပေးရဘူး။ တကယ်လို့ တစ်စုံတစ်ယောက်ကို ပြောဖို့လိုတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာကို အန္တရာယ်မရှိအောင် ပြောဖို့လိုလို့ ရှိရင် အခြားတစ်ယောက်ကို ပြောမှ အဆင်ပြေမယ်ဆိုရင် ပြောရမှာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မင်း ဒဏ်ရာ အနာတရမဖြစ်အောင် လုပ်တာကို ဘယ်သူ့မှ မပြောပါဘူးလို့ ကတိမပေးရပါဘူး။ ကတိမပေးဘဲနဲ့ တစ်စုံတစ်ယောက်ကို သူ့ကို အန္တရာယ်မရှိအောင် အန္တရာယ်မဖြစ်အောင် ပြောသင့်တယ်ဆိုတဲ့သူတွေကို ပြောပြရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ အတင်းအဖျင်းပြောတာမျိုး၊ တခြားသူကို သူက ဒီလိုလုပ်တယ် ဘာညာဆိုပြီးတော့ လည်း ကိုယ့်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့လည်း တွေ့ကရာလူတွေကို လျှောက်ပြီးတော့ အတင်းအဖျင်းပြောသလိုလည်း မပြောရပါဘူး။


သူက စကားပြောဖို့ အသင့်ဖြစ်မနေဘူးဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ။

          ပြောဖို့ဆိုဖို့ အသင့်ရှိနေရင်တော့ တစ်မျိုး၊ အသင့် ဖြစ်မနေဘူးဆိုရင် အဲဒါကလည်း သူ့ရဲ့ လူ့အခွင့်အရေးပေါ့ ၊ လူ့အခွင့်အရေးကိုပဲ လေးစားပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာကြီးကို အတင်းပြောခိုင်းတာတော့ မလုပ်သင့်ပါဘူး။ တကယ်လို့သူက မပြောချင်ဘူးဆိုလာရင်လည်း ပြောချင်စိတ်ပေါ်လာတဲ့အခါ ပြောဖို့ အသင့်ဖြစ်ပြီဆိုရင်တော့ ပြောပြပါလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။


ရှောင်ရှားသင့်တဲ့အချက်တွေ

          မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတယ်ဆိုတဲ့သူတွေနဲ့ စကားပြောတဲ့နေရာမှာ ရှောင်ရှားရမယ့်အချက်လေးတွေရှိပါတယ်။

 

         (၁) သူခံစားရတဲ့ ခံစားချက်တွေ သူခံစားနေရတဲ့ ပြဿနာတွေကို အမယ်လေး မဖြစ်လောက်ပါဘူးဆိုတဲ့ ပုံစံမျိုး သေးသိမ်သွားအောင် မပြောမိဖို့ နံပါတ်တစ် လိုပါတယ်။


          (၂) သူရဲ့ နာကျင်တဲ့ ခံစားချက်တွေကိုလည်း ဖော်ပြတဲ့အခါမှာ ကိုယ့်ဘက်က မသုံးသင့်တဲ့ စကားလုံးလေးတွေ ရှိပါတယ်။ ဥပမာ မင်းဘဝကြီးက အရမ်းကို အဆင်ပြေနေတာပဲဆိုတဲ့ စကားမျိုး၊ မင်းအခု အစစအရာရာ အဆင်ပြေနေတာပဲလေ ဘာလို့ လုပ်တာလဲ ဆိုတဲ့ အပြောမျိုး ဒါမှမဟုတ်ရင်လည်း မင်းပြောသလောက်လည်း မဆိုးသေးပါဘူးကွာဆိုတဲ့ အပြောမျိုးပေါ့။ သူက ခံစားနေရတယ်၊ နာကျင်စွာ ခံစားနေရတယ်၊ ပြင်းပြင်းထန်ထန် နာကျင်စွာ ခံစားနေရတာကို သူ့ကို ဒီလိုအပြောမျိုးတွေ သွားပြီး မပြောမိဖို့လိုအပ်ပါတယ်။


          (၃) သူ့ရဲ့ ပြဿနာတွေကို သူတို့အတွက် ကိုယ်က ဝင်ပြီးဖြေရှင်းပေးမယ်၊ ဖြေရှင်းဖို့ ကြိုးစားပေးမယ်ဆိုတဲ့ ပုံစံမျိုးတွေလည်း သွားမပြောပါနဲ့။ မလုပ်ပါနဲ့။


          (၄) အဲဒီအချိန်မှာ သူက ခွင့်မပြုဘူးဆိုရင် သူ့ရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သွားပြီးတော့ ထိတာ၊ တို့တာ၊ လက်ကိုသွားကိုင်တာတို့ ဒါမှမဟုတ်ရင်လည်း ဖက်ထားတာတို့ဆိုတာမျိုးတွေ သွားမလုပ်ပါနဲ့။

  

        (၅) ကိုယ့်ကိုယ်ကိုယ် ဓားနဲ့လှီးနေတယ်၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်လုပ်နေတဲ့သူပဲ၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့သူပဲ စသည်ဖြင့် စကားလုံးမျိုးတွေကိုလည်း မပြောဖို့ လိုအပ်မှာ ဖြစ်ပါတယ်။


          (၆) မင်းဟာ မင်းလိုချင်တာတွေရှိလို့ လုပ်တာပဲ ဆိုပြီးတော့ သွားပြီး မစွပ်စွဲပါနဲ့။

  

        (၇) သူက ကိုယ့်ကိုယ်ကိုယ် ဒီလိုဒဏ်ရာအနာတရဖြစ်အောင် လုပ်ထားတဲ့အပေါ်မှာ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့ဟာကို ကိုယ့်ဘက်ကနေ သူ့ကို အပြစ်ရှိတယ်လို့ ခံစားရအောင်လည်း သွားပြီးတော့ မလုပ်ပါနဲ့။ ဒါမှမဟုတ်ရင် အဲဒါကို တခြားသူတစ်ယောက်အပေါ် အပြစ်ပုံချတာမျိုးလည်း မလုပ်ပါနဲ့။

 

         (၈) သူ့အပေါ် ရည်မှန်းချက် ပန်းတိုင်ကတော့ ဘယ်လိုပန်းတိုင်ချရမလဲ၊ ဘယ်လိုမျိုး လုပ်ရမယ်ဆိုပြီးတော့ ကန့်သတ်ပစ်လိုက်တာမျိုးတွေ ၊ ချုပ်ပစ်လိုက်တာမျိုးတွေ မလုပ်ပါနဲ့၊ မင်းကိုယ်မင်း နောက်ထပ် နာအောင် ကျဉ်အောင် မလုပ်ပါဘူး၊ အခုကနေပြီး နောက်တစ်ပတ်အတွင်း ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် မလုပ်ပါဘူး၊ မင်း ကောင်းကောင်းနေပါမယ်လို့၊ ကောင်းကောင်းလုပ်ဖို့ ကြိုးစားပါလို့ ကတိပေးပါလားဆိုတာမျိုး ရည်မှန်းချက်ပန်းတိုင်တွေ သွားကန့်သတ်တာမျိုးတွေ ဘာတွေမလုပ်ပါနဲ့။ သူ့ဘက်က သူကိုယ်တိုင် ဒီလိုမျိုးထပ်မဖြစ်အောင် ဘယ်လိုလုပ်သင့်၊ နေသင့်တယ်လို့ မေးမြန်းလာတာမျိုးမရှိဘဲ သူ့ကို သွားကန့်သတ်တာမျိုး မလုပ်ပါနဲ့။

    

      (၉) သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတာကို အတင်းသွားပြီးတော့ ရအောင်မကြိုးစားပါနဲ့ ။ ဥပမာ ဓားနဲ့ လုပ်တယ်ဆိုရင် ဓားကိုဆွဲဖယ်ပစ်တာမျိုးတို့ ၊ မင်းမရပ်ဘူးလား မရပ်လို့ရှိရင် မင်းကို လုပ်ထည့်လိုက်မယ်နော်တို့ ဆိုတာမျိုးတွေ သွားပြီးတော့ မပြောပါနဲ့၊ မကြိုးစားပါနဲ့။

          (၁၀) ဘယ်ဆေးလေး သောက်လိုက်ပါလားလို့ ဒါမှမဟုတ်ရင်လည်း အရက်တို့ ဘာတို့ပေါ့လေ။ ရော့ကွာ ဒါဆိုရင်တော့ မင်း အရက်သောက်လိုက် ဒါမှမဟုတ်ရင် ဒီဆေးလေးချလိုက်ကွာ ဒါမှမဟုတ်ရင် အဲဒီဆေးလေးတွေ သောက်ပါလားဆိုပြီးတော့ ညွှန်တာမျိုး၊ ပေးတာမျိုးလည်း မလုပ်ပါနဲ့။ ဒီဆယ်ချက်က တကယ်အရေးကြီးပါတယ်။


Credit : ပါမောက္ခဦးဉာဏ်ဝင်းကျော်(အတိုင်ပင်ခံ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး)

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18