Print

စိတ်ရောဂါကုဆေးဝါးများ

  11-May-2019
Preview Image

စိတ်ရောဂါကုဆေးအမျိုးအစားနှင့် ယင်းဆေးတွေရဲ့ အသုံးဝင်ပုံ၊ ဘေးထွက်ဆိုးကျိုးတွေကို ပြောပြပေးပါဦးဆရာ။

          ဆေးအမျိုးအစားတွေက စိုးရိမ်စရာတွေ ပြေလျော့စေတဲ့ဆေး၊ စိတ်ကျဝေဒနာသက်သာစေတဲ့ဆေး၊ စိတ်ရောဂါဝေဒနာအပြင်းစား ဥပမာ - လှုံ့ဆော်မှုမဲ့ အာရုံမှား (Hellucination)၊ ယုံမှားလွန်တာတွေ (Delusion) စတဲ့ ရောဂါလက္ခဏာတွေကို ပျောက်စေတဲ့ဆေး၊ စိတ် တက်လိုက်ကျလိုက်ဖြစ်တဲ့ရောဂါ (Mood stabilizer ) ကုသဆေး၊ စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ တစ်သမတ်တည်းဖြစ်အောင် ထိန်းပြီးကုသတဲ့အခါ အတက်ရောဂါကုသဆေး (Anti convulsant) ဆေးတွေကို သုံးတာများတယ်။


          စိတ်ကိုတည်ငြိမ်အောင်သုံးတဲ့ဆေး အများစုဟာ အိပ်ပျော်စေတတ်တဲ့ အာနိသင်ရှိတယ်။ အိပ်ပျော်စေတဲ့ဆေးတွေကလည်း စိတ်ရောဂါကုသတဲ့ ဆရာဝန်တွေ အသုံးများတဲ့ ဆေးထဲမှာပါတယ်။ အိပ်မပျော်တဲ့ဝေဒနာကို ကုသတဲ့ဆေးတွေ ပေးတဲ့နေရာမှာ ဆေးကိုစွဲစေတတ်တဲ့အတွက် ပမာဏနည်းနည်းနဲ့ အချိန်ကာလတိုတိုပဲ ပေးလေ့ရှိတယ်။ သို့သော်လည်း တချို့လူနာတွေက သူတို့သဘောနဲ့ သူတို့ ဆက်သောက်ရင်းနဲ့ ဆေးကိုယဉ်ပါးသွားတာမျိုးတွေရှိသလို ဖြတ်လို့မရတော့ဘဲ စွဲသွားတဲ့လူနာမျိုးတွေလည်း ရှိတယ်။ အဲဒါကြောင့် စိုးရိမ်စိတ်ကို လျော့နည်းအောင် ပေးတဲ့ဆေးနဲ့ အိပ်ပျော်စေတတ်တဲ့ ဆေးတွေပေးတဲ့အခါမှာ ပမာဏကို နည်းနည်းကနေစပြီးတော့ အချိန်ကာလတိုတိုပဲ ပေးရလေ့ရှိတယ်။ ညွှန်းထားတဲ့အတိုင်းပဲ တစ်ပတ်၊ ၁၀ ရက်ထက် ပိုမသောက်ဘဲ နောက်ပိုင်းမှာ တခြားကုထုံးနဲ့ ပြောင်းပြီးကုမှ အဆင်ပြေမယ်။

   

       နောက်တစ်ခုက စိတ်ကျဝေဒနာသက်သာစေတဲ့ ဆေးတွေ ပေးတဲ့အခါမှာလည်း တချို့ အခုခေတ်ဆေးတွေက တစ်ပတ်၊ နှစ်ပတ်လောက် သောက်လိုက်တာနဲ့ ရောဂါဝေဒနာကို သက်သာအောင် လုပ်ပေးနိုင်တယ်။ တချို့က သက်သာပြီးတဲ့နောက် ဆက်သောက်ချင်မှ ဆက်သောက်မယ်။ တချို့က သက်ဆိုင်ရာဆရာဝန်ရဲ့ အကြံပြုချက်အရ ဆက်သောက်သုံးတယ်။ တကယ်တမ်း စိတ်ကျဝေဒနာ ကုသဆေးတွေက ၃ လ၊ ၆ လ၊ ၁ နှစ် စသဖြင့် လိုရင်လိုသလို ချိန်းတဲ့အတိုင်း Follow up လာပြပြီးတော့ သောက်သုံးသင့်တဲ့ဆေးတွေဖြစ်တယ်။ အဲဒီဆေးတွေက ကိုယ့်သဘောနဲ့ ကိုယ်ရုတ်တရက်မဖြတ်သင့်သလို တိုးပြီးမသောက်သုံးသင့်တဲ့ ဆေးတွေထဲမှာ ပါတယ်။

     

     အဲဒီဆေးတွေက ရုတ်တရက်ဖြတ်ပစ်လိုက်လို့ အန္တရာယ်တွေ ပေါ်လာနိုင်သလို ဆေးပမာဏများသွားရင်လည်း ရောဂါလက္ခဏာဆိုးတွေ ပေါ်တတ်တယ်။ ဥပမာ Serotonin syndrome ဆိုတာမျိုးတွေ၊ ဆေးဖြတ်လိုက်တဲ့အခါမှာ ပေါ်လာတတ်တဲ့ Discontinuation syndrome ဆိုတာမျိုးတွေ ဆေးပမာဏကို မမှန်မကန် သောက်တဲ့အခါ ပေါ်လာတတ်တဲ့ Toxicity နဲ့ Side effect တွေ ဖြစ်ပေါ်လာနိုင်တယ်။


စိတ်ရောဂါကုသဆေးတွေ ပေးတဲ့နေရာမှာ တခြားရောဂါတွေလိုပဲ အခြေခံ ကျန်းမာရေး အခြေအနေကို စစ်ဆေးပြီးမှ ပေးရတာမျိုး ရှိပါသလားရှင်။

          စိတ်ရောဂါကုသဆေးတွေ ပေးတဲ့အခါမှာ တချို့ဆေးတွေကို ပုံမှန်အတိုင်း ရိုးရိုးပေးလို့ရပေမယ့် လူနာရဲ့ သွေး၊ ဆီး၊ ဝမ်း စတာတွေကို စနစ်တကျစစ်ဆေးပြီးတော့ သူ့ရဲ့ အခြေခံ ကျန်းမာရေး အခြေအနေ (Baseline measurement) ကို စစ်ဆေးပြီးမှပေးရင် ပိုကောင်းတယ်။ လူနာရဲ့ နှလုံးအခြေအနေ၊ အသည်းလုပ်ဆောင်ချက်တွေနဲ့ ကျောက်ကပ်တို့၊ သိုင်းရွိုက်တို့ရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးပြီးမှ ပေးရတယ်။ တချို့ဆေးတွေက တခြားရောဂါအခံရှိပြီးသားလူတွေကို ပေးလို့မရတာမျိုးတွေရှိတယ်။ ဥပမာ - နှလုံးရောဂါရှိတယ်၊ နှလုံးကြွက်သား ထိခိုက်မှုမျိုးတွေ ရှိတယ်ဆိုရင် နှလုံးကို မထိခိုက်မယ့် စိတ်ရောဂါကုဆေးတွေ ပေးရတာပေါ့။ တချို့က ဆီးချိုရှိတယ်၊ အဝလွန်တယ်၊ အစာစားများတဲ့ လူတွေဆို သူ့ရဲ့လက်ရှိရောဂါနဲ့ ကိုက်ညီမယ့် ဆေးမျိုးပေးရတယ်။ စိတ်ရောဂါ ကုသဆေးတွေရဲ့ အမျိုးအစားပေါ်လိုက်ပြီး ကျောက်ကပ်ရောဂါရှိရင်၊ ကျောက်ကပ်ရောဂါနဲ့ သင့်တော်မယ့်ဆေး၊ အသည်းမကောင်းရင် အသည်းမကောင်းတဲ့လူနဲ့ သင့်တော်မယ့်ဆေး၊ နှလုံးရောဂါရှိရင် နှလုံးရောဂါနဲ့ သင့်တော်မယ့်ဆေးဆိုပြီး သူ့ဆေးအုပ်စုနဲ့သူ ပမာဏကို ချိန်ညှိပြီးပေးရတယ်။

   

       တချို့ဆေးတွေက ဘဝတစ်လျောက်လုံး စွဲသောက်ရမယ့်ဆေးတွေ ရှိတယ်။ အဲဒီလို ရာသက်ပန် သောက်သုံးရမယ့်ဆေးတွေကို စနစ်တကျ သောက်သုံးနိုင်မှှ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် တခြားလူအပေါ် မှီခိုခြင်းကင်းပြီး ပျော်ပျော်ရွှင်ရွှင် နဲ့ လုပ်ဆောင်နိုင်တဲ့ အဆင့်မျိုး ရောက်နိုင်မှာဖြစ်တယ်။


          တချို့လူတွေ အထူးသဖြင့် နယ်ကလူတွေဆိုရင် ဆေးဝယ်လို့မရတာက တစ်ကြောင်း၊ ဝယ်ဖို့အချိန် အခက်အခဲ ရှိတာက တစ်ကြောင်း၊ အဲဒီလို အကြောင်းအမျိုးမျိုးကြောင့် ဆေးကို ရုတ်တရက်ဖြတ်လိုက်ကြတာမျိုးတွေ ရှိတယ်။ အဲဒီအခါမှာ ရောဂါတွေက ပြန်မဖြစ်သင့်သေးဘဲ ပြန်ဖြစ်လာတာတို့ ၊ ရောဂါလက္ခဏာတွေ ပိုဆိုးလာတာတို့ ဖြစ်လာနိုင်တယ်။ အဲလိုမျိုးတွေမဖြစ်အောင် ဆေးကို ညွှန်ကြားတဲ့ အတိုင်း တိတိကျကျ သောက်နိုင်ဖို့ အရေးကြီးတယ်။


စိတ်ကျန်းမာရေးဆေးတွေက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို ဖိနှိပ်တဲ့သဘောမျိုး ရှိပါသလား။

          အဲဒီလို ဖိနှိပ်တဲ့သဘောမျိုးတော့မဟုတ်ပါဘူး။ ဦးနှောက်မှာရှိတဲ့ Neurotransmitter တွေကို ထိန်းညှိပေးတဲ့ သဘောမျိုးပဲ။ Neurotransmitter တွေကို ချိန်ညှိပေးတဲ့နေရာမှာ အဓိကတော့ Adrenaline, Noradrenaline, Serotonin, Dopamine, Acetycholine တို့ရဲ့ Level တွေကို ထိန်းညှိပေးတာပေါ့။


စိတ်ရောဂါကုဆေးတွေကို သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ညွန်ကြားမှုမပါဘဲ သောက်သုံးမိတဲ့အတွက် အများဆုံး ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ပြောပြပေးပါဦးရှင်။

          အခု လူတွေက သူ့သဘောနဲ့သူ ဆေးတွေကို ဆရာဝန်ညွန်ကြားချက်မပါဘဲ ဝယ်သောက်နေကြတယ်။ အချင်းချင်းလည်း လက်ဆင့်ကမ်းပြီး ညွန်ကြားပေးကြတယ်။ အဲဒီအခါ ဆေးမတိုးတာတို့ ၊ ဆေးယဉ်သွားတာမျိုးတို့ ပိုပြီးဖြစ်နိုင်တယ်။ အဲဒါကြောင့် ဆရာတို့က ဆေးပမာဏကို တိုးပေးရတယ်။ ဆေးတစ်မျိုးနဲ့တစ်မျိုး ပေါင်းပြီးတွဲပေးရတယ်။ မျိုးမတူတဲ့ဆေးအုပ်စုတွေ ၂ မျိုး၊ ၃ မျိုး ပေါင်းပြီး ပေးရတယ်။ တချို့ဆေးတွေဆို လူကိုအိပ်စေတယ်။ အိပ်တာပဲ ကောင်းတာပေါ့လို့ တွေးလို့မရဘူး။ အဲဒီဆေးတွေမှာ သွေးဆဲလ်တွေကို ဖျက်ဆီးတတ်တဲ့ အပြစ်တွေ ရှိနေတတ်သလို သွေးဆဲလ်တွေမကောင်းရင်လည်း သောက်လို့မရတာတွေ ရှိတယ်။ အဲဒါကြောင့် စိတ်ရောဂါကု ဆေးအမျိုးမျိုးက တတ်ကျွမ်းနားလည်တဲ့ ဆေးတွေအကြောင်း စနစ်တကျ သင်ကြားပြီး သိနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ညွှန်ကြားမှုတွေနဲ့ပဲ သောက်သုံးသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ ဆေးမြီးတိုလိုပဲ “ဒီဆေးလေးသောက်လိုက်တာ ဒါလေးတော့ သက်သာသွားတယ်” ဆိုပြီး သောက်သုံးမိရင် အကျိုးဆက်အပြစ်တွေ ပိုပြီးဖြစ်လာနိုင်တယ်။ တချို့ဆေးတွေက တူသယောင်နဲ့ မတူတတ်ကြတဲ့အတွက် ဆေးတွေကို မှားပြီးရောင်းတာမျိုးတွေမဖြစ်အောင် ဆေးဆိုင်တွေမှာလည်း ဆေးဝါးအပိုင်းကို တတ်ကျွမ်းနားလည်တဲ့ Pharmacist တွေ ရှိသင့်တယ်။ ဆေးဝါးတွေကို မှားပြီး သောက်သုံးမိနေရင်လည်း ဆရာတို့က ကုသရာမှာ အဲဒီဆေးကြောင့် ဖြစ်ပေါ်လာတဲ့ အပြစ်တွေကို အရင်ကုသပြီးမှ ရောဂါနဲ့ သက်ဆိုင်တာကို ကုသရတဲ့ အတွက် ပျောက်ကင်းမှု ပိုပြီးနှေးကွေးသွားနိုင်တယ်။

 

         နောက်တစ်ခုက Prophylaxis အနေနဲ့ ပြန်မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ဆေးတွေ ပေးထားရင်လည်း ဥပမာ - Lithium တို့ ၊ Clozapine လို ဆေးမျိုးဆိုရင် သွေးတွေ မကြာခဏ စစ်ကြည့်နေရတယ်။ စစ်မကြည့်ဘူးဆိုရင် သွေးဆဲလ်တွေပျက်စီးတဲ့ ရောဂါဝေဒနာမျိုးတွေ ရတတ်တယ်။


Credit : သဉ္ဇာ(U.O.N.ygn)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18