Print

အကြိုဇရာရောဂါ အယ်ဇိုင်းမား ကာကွယ်နိုင်ရန်

  13-May-2019
Preview Image

၁။ ကိုယ်လက်လှုပ်ရှားရေး လေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းသည်သာမက ဦးနှောက်ကျန်းမာရေးအတွက်ပါ ကောင်းစေသည်ဟု လောင်ဂျီဗီတီစင်တာ UCLA က ဒါရိုက်တာ ဒေါက်တာဂမ်ရီစန်မာက ပြောသည်။ ထူးချွန်သော အားကစားသမားဖြစ်ရန်မလိုဘဲ လမ်းအနည်းငယ်လျှောက်ခြင်း လှေကားအတက်အဆင်းလုပ်ခြင်းဖြင့် ကျန်းမာရေး ပျိုးထောင်နိုင်သည်ဟုလည်း ဆိုသည်။

 

၂။ စိတ်ကို ဖိစီးမှုမရှိစေရန် အရေးကြီးသည်။ စိတ်လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်နေပါက အကြိုဇရာရောဂါကို လွဲဖယ်နိုင်သည်ဟု ဒေါက်တာစန်မာက ပြောသည်။ သင်တန်းတစ်ခုခုတက်နေခြင်း (သို့) မိတ်ဆွေတစ်ဦးနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြောင်းများနှင့် ဆွေးနွေးပြောဆိုခြင်း ပြုလုပ်ပေးရသည်။ စိတ်မတိုက်ဆိုင်မှုများ ရှောင်ရှားပါက အကျိုးသက်ရောက်မှုရှိပြီး ဝိုင်းဖွဲ့နေထိုင်ခြင်းက စိတ်ရောဂါဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း အကြံပြုထားသည်။

 

၃။ အစားအစာကို ကောင်းကောင်းစားရသည်။ သို့ရာတွင် အလွန်အကျူးမဖြစ်စေရန် သတိပြုရသည်။ လူလတ်ပိုင်းအရွယ်တွင် ကိုယ်အလေးချိန်မြင့်တက်ပါက စိတ်ရောဂါရရန် နှစ်ဆဖြစ်နိုင်သည်ဟု ဒေါက်တာ ဒေါက်တာစန်မာက ပြောသည်။ အကယ်၍ အဝလွန်ပါက လေးဆအထိဖြစ်နိုင်သဖြင့် အစာကိုလျော့စားပြီး လတ်ဆတ်သည့် အသီးအရွက်နှင့် ငါးများစားပါက ဆီးချိုဖြစ်နှုန်း လျော့စေသည်။ ဆီးချိုက အကြိုဇရာဖြစ်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။

 

၄။ သုတေသနတစ်ခုတွင် အလွယ်တကူစိတ်ဖီစီးမှု ဖြစ်တတ်သော သူများထက် အကြိုဇရာဖြစ်နှုန်း နှစ်ဆဖြစ်နိုင်သည်။ ဝိပဿနာအားထုတ်ခြင်းသည် မှတ်ဉာဏ်ကို ထိန်းချုပ်သည့် ဦးနှောက် အစိတ်အပိုင်းကို ပို၍ဖွံ့ဖြိုးကြီးထွားလာစေကြောင်း တွေ့ရသည်။ ညစာစားပြီးနောက် မိတ်ဆွေတစ်ဦးနှင့် လမ်းလျှောက်ခြင်းကလည်း အလားတူ အကျိုးဖြစ်စေသည်။

 

လေ့ကျင့်ခန်းလုပ်ခြင်းက အန္တရာယ်ပေးနိုင်ပါသလား။

          နေ့စဉ် ပုံမှန်လေ့ကျင့်ခန်းလုပ်သူက ပုံမှန်လှုပ်ရှားမှု မပြုလုပ်သူများထက် ခုနစ်ဆခန့်ပို၍ အသက်ရှည်သည်။ ထိုကဲ့သို့ဆိုပါက လေ့ကျင့်ခန်းအပြင်းအထန်လုပ်သူများက ထို့ထက် အသက်များစွာပိုရှည်နိုင်သလားဟု မေးလာစရာရှိသည်။ သုတေသနစစ်တမ်းတစ်ခု၏ အဆိုအရ မာရသွန် အပြေးသမားများနှင့် မိုင်ရှည်စက်ဘီးစီးပြိုင်ပွဲဝင်များတွင် ဆန့်ကျင်ဘက်အဖြေရလဒ်ကို တွေ့ရသည်။ ပြင်းပြင်းထန်ထန် လှုပ်ရှားလေ့ကျင့်ခန်းပြုပါက ဆိုးကျိုးရစေနိုင်သည်။

          လေ့ကျင့်ခန်း အလွန်အမင်းပြုလုပ်ခြင်းက သဘာဝ ခုခံမှုစနစ်ကို စမ်းသပ်ခြင်းပင် ဖြစ်သည်။ သင့်တင့်မျှတသော အားကစားလေ့ကျင့်ခန်းက ရောဂါကာကွယ်ခြင်းကို အားပေးသည်။ သို့ရာတွင် အလွန်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ အာသီးရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း စသည့် အပေါ်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းများ (URTIs) ဖြစ်နိုင်သည်။

         

အကြားအာရုံပိုင်းဆုံးရှုံးခြင်းက နာတာရှည်ရောဂါများနှင့် ဆက်စပ်နေခြင်း

          သင့်တွင် အကြားအာရုံ အခက်အခဲဖြစ်နေပါက သင့်၌ အရေးကြီးသောရောဂါအချို့ ရှိနေနိုင်သည်။ တိုးတိတ်သော အသံကို မကြားရခြင်းက နှလုံးရောဂါ၏ အမှတ်သင်္ကေတဖြစ်သည်။ အတွင်းနားရှိ သွေးကြောလေးများသည် အာရုံခံစားမှု အလွန်ကောင်းသည်။ အကြားအာရုံဆုံးရှုံးခြင်းကဲ့သို့သော အပြောင်းအလဲဖြစ်ပေါ်လာပါက ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းရှိ သွေးကြောများကိုပါ ပြဿနာများ ရိုက်ခတ်လာသည်။

          ဆီးချိုရောဂါနှင့် အကြားအာရုံဆုံးရှုံးခြင်းကလည်း တစ်ခုနှင့်တစ်ခုအတူတွဲလျက်ရှိတတ်သည်။ အချိန်ကြာလာပါက ဂလူးကို့စ်ပမာဏ မြင့်မားမှုကြောင့် အတွင်းနားရှိ သွေးကြောငယ်လေးများနှင့် အာရုံခံနပ်ဗ်ကြောများ ပျက်စီးနိုင်သည်ဟု သုတေသနပညာရှင်များက ယုံကြည်ကြသည်။

          ကုသမှုမရှိ၍ အကြားအာရုံခံဆုံးရှုံးမှုများလေလေ၊ စိတ်ဝေဒနာဖွံ့ဖြိုးမှု ဖြစ်နိုင်ချေများလေလေ ဖြစ်သည်။ Johns Hopkins ဆေးသုတေသနဌာန လေ့လာမှုတွင် အကြားအာရုံ အနည်းငယ်ချို့တဲ့သူ၊ အတော်အသင့် ချို့တဲ့သူနှင့် ဆိုးဆိုးရွားရွား ချို့တဲ့သူများတွင် အသိဉာဏ်ဆုံးရှုံးမှုမှာလည်း နှစ်ဆ၊ သုံးဆ၊ ငါးဆ အသီးသီး ခံစားနေရကြောင်း တွေ့ရှိခဲ့သည်။ အသံကြားနိုင်ရန် ကြိုးပမ်းအာရုံစိုက်မှုကလည်း ဦးနှောက်ကို ဝန်ပိစေသည်ဟု အကြံပြုထားသည်။

 

Credit: ဒေါ်စောကြိုင် (အငြိမ်းစားပါမောက္ခ)

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18