Print

ကူညီကာကွယ် သေကြောင်းကြံစည်မှုအန္တရာယ် အပိုင်း(၃)

  09-May-2019
Preview Image

မိမိကိုယ်ကိုမိမိ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူတွေမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဘယ်လို အန္တရာယ်တွေ ရှိသလဲ။

          သူတို့အရေပြားမှာ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ထားပြီးတော့ မကုသဘဲနေတယ်ဆိုရင် အဲဒီဒဏ်ရာကို ဒီအတိုင်းထားလို့မရဘူး၊ အနာကို ဆေးထည့်ဖို့ ရောဂါပိုးတွေမဝင်အောင် စနစ်တကျ ကုသမှုခံယူဖို့ လိုတဲ့နေရာမှာ သူက အဲလိုမဟုတ်ဘဲနဲ့ အနာကို ချုပ်ရမယ့်နေရာ မချုပ်ဘူး၊ ဆေးထည့်ရမှာကိုလည်း မထည့်ဘူး၊ ဆေးသေချာကုရမှာလည်း မကုဘဲနဲ့ ဒဏ်ရာကြီးကို မကျက်ဘဲနေအောင် အကြာကြီး ပစ်ထားတတ်တယ်။ တချို့ကျတော့ ရောဂါပိုးတွေဝင်ပြီးတော့ ပြည်တွေတည်ပြီးတော့ နောက်ဆက်တွဲပြဿနာတွေ ပေါ်လာအောင် ထားတတ်ကြတာတွေရှိတယ်။ တချို့ကျတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ မာကျောတဲ့ မျက်နှာပြင်နဲ့တိုက်တယ်။ အုတ်တံတိုင်းနဲ့ တိုက်တယ်။ ခေါင်းနဲ့စောင့်တယ် စသဖြင့် အဲဒီလိုမျိုး အုတ်နံရံနဲ့တို့၊ တမံတလင်းနဲ့တို့ တိုက်တာမျိုးတွေ ကိုယ့်ကိုယ်ကိုယ် အဲဒီလို နာအောင် တိုက်တာမျိုးတွေသည်။ တချို့ဆိုရင် အရိုးကျိုးတာတွေ ဖြစ်တတ်တယ်။

 

အဲဒီ အရိုးကျိုးတာတွေလည်း တချို့သော လူနာတွေက မကုသဘဲနဲ့ ပစ်ထားတဲ့အခါမှာ အဲဒီကျိုးတဲ့အရိုးသည် မကုသဘဲထားတဲ့အတွက် နောက်ဆက်တွဲအရိုးတွေ ကွေးကောက်နေတာတို့၊ အဆစ်တွေလွဲပြီးအကြာကြီး ဖြစ်နေတာတို့၊ အဆစ်ခိုင်သွားပြီးတော့ သုံးမရဖြစ်တာတို့ဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ပေါ်လာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင်လုပ်သူတွေသည် အချိန်ကြာလာတဲ့အခါမှာ အဲဒီလိုလုပ်လိုက်လို့ရှိရင် သူတို့ဖြစ်ချင်တာလေးတွေ ဖြစ်နိုင်တယ်လို့ဆိုတဲ့ ဟာမျိုးရသွားလို့ရှိရင်လည်း ပြဿနာကို ဖြေရှင်းတဲ့နည်းလမ်းတစ်ခုအနေနဲ့ သူတို့က ယူဆသွားတတ်ပါတယ်။ ယူဆသွားတဲ့အခါမှာ တကယ်သင့်တော်တဲ့ အကောင်းဆုံးဖြစ်မယ့် ဖြေရှင်းတဲ့နည်းမဟုတ်ဘဲနဲ့ ဒီလိုမျိုးပဲ အလွယ်တကူ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်လိုက်တယ်။ လုပ်လိုက်လို့ မိဘတို့၊ ကိုယ်ဖြစ်စေချင်တဲ့ ကိုယ်လုပ်ချင်တဲ့ သူတို့ကနေပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ ဟာတွေကို ရအောင် လုပ်ပေးသွားတယ်ဆိုရင် ဒါကို ဖြေရှင်းနည်းတစ်ရပ်အနေနဲ့ လွဲမှားစွာ သူတို့ ခံယူတတ်ကြပါတယ်။

 

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတယ်ဆိုတာကို မြင်တဲ့အခါ သို့မဟုတ် သံသယဝင်စရာရှိတဲ့အခါမှာ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။

          တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ်ဂရုစိုက်ရမယ့် သူတစ်ယောက်က သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတယ်လို့ သံသယရှိတယ်ဆိုပါစို့ ၊ သံသယရှိတယ်ဆိုရင် ဒီအတိုင်းပစ်ထားလို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ သူနဲ့စကားမပြောခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင်လုပ်တဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ခံစားချက်ကို အသိပေးဖို့၊ ပြောပြဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်ကိုယ်တိုင်က အဲဒီလူကို စကားပြောဖို့ မဖြစ်နိုင်ဘူး။ ပြောလိုက်မှ တစ်ခုခုများ ဖြစ်သွားမလားလို့ ထင်နေတယ်ဆိုရင် သူ့ကို ပြောနိုင်ဆိုနိုင်မယ့်သူတစ်ယောက် အမြန်ဆုံး ရှာဖွေဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပြီးရင် လုံခြုံတဲ့နေရာတစ်နေရာရှာမယ်၊ အဆင်ပြေမယ့် လွတ်လွတ်လပ်လပ်ပြောနိုင်မယ့် နေရာတစ်နေရာ ရှာပြီးလို့ရှိရင် ကိုယ်က ဘယ်လိုပတ်သက်တယ်။

 ဘယ်လိုဂရုစိုက်တယ်ဆိုတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ တိုက်ရိုက် တည့်ဖွင့်ပြောမယ်။ ဒဏ်ရာအနာတရဖြစ်အောင် ကြိုးစားနေတဲ့သူ လုပ်နေတဲ့သူကို ဒီလိုလုပ်တာမကောင်းဘူး ၊ ဒါကတော့ ကျွန်တော့မှာတာဝန်ရှိတယ်လို့ တည့်ပြောရမယ်။ ပြီးရင် ဒဏ်ရာရအောင် လုပ်တာသည် ဘာကြောင့် လုပ်တာလဲ၊ ဘာကြောင့် ဖြစ်လာမှာမို့လဲ ဒါကိုအရင်ဆုံးနားလည်အောင် ကြိုးစားဖို့ လိုပါတယ်။ ဥပမာ တစ်ခါတစ်ခါမှာ လူတွေက စိတ်ခံစားချက်တွေ၊ နာကျင်တဲ့ခံစားချက်တွေ အများကြီး ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ရှိနေတာမျိုး ကြုံရတတ်တယ်။ အဲလိုမျိုး အင်မတန်နာကျင်တဲ့ ခံစားချက်တွေ အလွန်အမင်း ခံစားနေရတဲ့အခါမျိုးမှာ သူတို့ကိုယ်သူတို့ ဒဏ်ရာအနာတရဖြစ်အောင် လုပ်ပစ်လိုက်တတ်တယ်။ အဲလိုလုပ်ပစ်လိုက်တဲ့အတွက် ကိုယ့်ဒဏ်ရာအနာတရဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကို သူနဲ့ နားလည်အောင် ဆွေးနွေးဖို့လိုပါတယ်။

 

          မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင်လုပ်တာသည် ပြောရမယ်ဆိုလို့ရှိရင် လူတွေမသိအောင် လျှို့ဝှက်ပြီး လုပ်တတ်ကြတာများသလို ဒီကိစ္စကို ဘာကြောင့်လုပ်ပါတယ်၊ ဘယ်လိုလုပ်ပါတယ်လို့ ဖွင့်ပြောဖို့ကလည်း ခက်ခဲတတ်ကြပါတယ်။ သူက ချက်ချင်းမပြောချင်သေးဘူး၊ မပြောနိုင်သေးဘူး၊ မဆွေးနွေးချင်သေးဘူးဆိုရင်လည်း အလွန်အမင်းပြောကို ပြောရမယ်လို့ မတိုက်တွန်းပါနဲ့။ ဒီလိုမျိုး သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာနဲ့ ကိုယ့်ဘက်က စိတ်တိုတဲ့ အမူအရာ၊ ကြောက်ရွံ့တဲ့အမူအရာ၊ ဒါမှမဟုတ် မကြိုက်တဲ့ပုံစံနဲ့ စိတ်ရှုပ်ပါတယ်၊ စိတ်လေပါတယ်ဆိုတဲ့ ပုံစံမျိုးတွေ မပြမိဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့ သူက စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ခံယူနေတဲ့သူဖြစ်တယ်ဆိုရင်တော့ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်ကြီးတွေက ဒီကိစ္စကို သိသလားဆိုတာ မေးမြန်းကြည့်ဖို့ လိုပါတယ်။ မေးမြန်းကြည့်ပြီး အဲဒီဆရာဝန်ကြီးတွေ မသိဘူးဆိုရင်တော့ အဲဒီဆရာကြီးတွေကို ပြောပြပေးဖို့ လိုမှာဖြစ်ပါတယ်။

 

          ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုပါတော့ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေတာကို တွေ့လိုက်ရတဲ့အပေါ်မှာလည်း စိတ်တိုချင်လည်း စိတ်တိုမယ်၊ စိတ်ရှုပ်ရင်လည်း စိတ်ရှုပ်သွားမယ်၊ ဒုက္ခပါပဲလို့ တွေးရင်လည်းတွေးမိမယ်။ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားရမယ်၊ တည်ငြိမ်အောင် ကြိုးစားပြီးလို့ရှိရင် အဲဒီလူကို မင်းဒီလိုလုပ်တာ မကောင်းပါဘူး၊ ငါ့မှာလည်း တာဝန်ရှိပါတယ်၊ အဲဒီတော့ မင်းအနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ၊ စိတ်ရှုပ်တာတွေ၊ နာကျင်ခံစားရတာတွေရှိလို့ လုပ်တာမျိုးဆိုရင် တခြားနည်းလမ်းတွေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းလို့ ရပါတယ်ဆိုတာမျိုး ပြောပြရမှာဖြစ်ပါတယ်။ တကယ်လို့ ဒဏ်ရာအနာတရ ရှိသွားလို့ရှိရင်ပဲဖြစ်ဖြစ်၊ ဒဏ်ရာအနာတရလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဒါ ဆေးဝါးကုသမှု ခံယူဖို့လည်း လိုတယ်ဆိုတဲ့အကြောင်း ပြောရမှာ ဖြစ်ပါတယ်။

 

 အဲဒီတော့ ဘယ်လိုပြောကြမလဲ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာအနာတရဖြစ်အောင် လုပ်နေပြီဆိုတဲ့သူကို ဘယ်လိုပြောကြမလဲ။ ကိုယ့်စိတ်ထဲမှာ ထားရမှာက ဒီကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင် လုပ်နေတာကို ရပ်ဖို့ပဲ စိတ်ထဲမှာထားရမှာ အဲဒီတော့ စကားပြောဖို့ကို အာရုံမစိုက်နဲ့၊ သူ့ဒဏ်ရာ အနာတရဖြစ်အောင် လုပ်နေတာကို ရပ်ဖို့ကို နံပါတ် (၁) အနေနဲ့ ခေါင်းထဲမှာ ထည့်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတချို့က ဘာလဲဆိုရင် ကိုယ်ဘာလုပ်ပေးနိုင်မလဲ ၊ သူ့ရဲ့အသက်ကိုကယ်တင်ဖို့ ကိုယ်ဘာလုပ်ပေးနိုင်မလဲ ပိုပြီးတော့ အဆင်ပြေပြေဘဝကို စီမံဖို့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ စိတ်ဖိစီးစရာတွေ လျော့နိုင်သမျှ လျော့သွားဖို့ ဒါကို ကိုယ်ဘယ်လိုလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ နားလည်ရမှာက မိမိကိုယ်မိမိ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တာသည် တစ်ခါတစ်ခါမှာ တစ်ညတည်းမှာပဲ ညဘက်မှာ လုပ်တယ်ဆိုရင် ဒီတစ်ရက်တည်းနဲ့၊ ဒီတစ်ညတည်းနဲ့ ရပ်သွားအောင်လုပ်ဖို့ တော်တော်ခဲယဉ်းပါတယ်။

တချို့က ဒါမျိုးမလုပ်ဖြစ်အောင်၊ ပြန်ပြီးတော့ ပုံမှန်အနေအထားကို ရောက်သွားအောင် သူ့ရဲ့စိတ်ကနေပြီးတော့ ကျန်းမာတဲ့သူတစ်ယောက် ညှိယူတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နည်းလမ်းမှန်ကို ရောက်အောင်ဆိုပြီးတော့ လုပ်ဖို့ရာအတွက်က အချိန်တော်တော်လေးယူရတတ်ပါတယ်။ အဲဒီတော့ ကိုယ်က ဘယ်လိုပြုမူရမလဲဆိုတော့ သူ့ကို ပံ့ပိုးတယ်ဆိုတဲ့ အနေအထားနဲ့ ဟိုဘက်လည်းမလိုက်ဘူး၊ ဒီဘက်လည်းမလိုက်ဘူးဆိုတဲ့ အနေအထားမျိုးနဲ့ ချဉ်းကပ်ပြီး ပြုမူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူတစ်ယောက်ရဲ့ဘဝဟာ မလွယ်ဘူး။ ဒီလိုမျိုး သူတို့ရဲ့ အကြောင်းပြချက်တွေပေါ့။ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း ကိုယ်က မှန်တာပေါ့ ၊ လက်ခံတော့ လက်ခံပေးရမယ်၊ သူတို့ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့ အကြောင်းပြချက်ကို လက်ခံပေးရမယ်။ သူ့ရဲ့ဘဝက မလွယ်လှဘူးဆိုတဲ့ဟာကို ဒီလိုမျိုး လုပ်ရတာ မလွယ်လှဘူးဆိုတဲ့ဟာကိုလည်း သဘောပေါက်နားလည်ဖို့ လိုပါတယ်။

 

          နောက်တစ်ခုကတော့ သူလုပ်တဲ့ အပြုအမူပေါ်မှာ မကောင်းမြင်တာမျိုးမပြဘဲနဲ့ ကိုယ်က ကူညီချင်တဲ့ ဆန္ဒနဲ့ လုပ်တာဆိုတာလေးကို သတိထားပြီးတော့ ပြရမှာဖြစ်ပါတယ်။ ဒါတင်မကဘူး ကိုယ့်ရဲ့ခန္ဓာကိုယ် လှုပ်ရှားမှုပုံစံတွေကလည်း သူ့အနေနဲ့ သူ့ကို ကူညီဖို့အတွက်ပဲ သဘောထားတယ်ဆိုတာမျိုး သိအောင် သတိထားမိအောင် ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ မျက်နှာအမူအရာတွေဟာ သူ့ကူညီဖို့လာတယ်ဆိုတဲ့ သဘောလေးကိုသိအောင်လည်း သတိထားရမှာဖြစ်ပါတယ်။ နောက်တစ်ခုက စကားပြောတဲ့ ဆိုတဲ့နေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးနဲ့ ပြောဆိုရပါမယ်။ ဒေါသတွေ၊ သူ့ကို အပြစ်ပေးချင်တဲ့ ပုံစံမျိုး၊ မကောင်းမြင်တဲ့ ပုံစံမျိုး၊ ရှောင်ရှားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက တိတ်ဆိတ်သွားတယ်ဆိုရင်လည်း အဲဒီတိတ်ဆိတ်သွားတဲ့ဟာပေါ်မှာ ကိုယ်က သက်သောင့်သက်သာအနေအထားနဲ့ ရှိပြီးတော့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ဖြစ်အောင်၊ ဒဏ်ရာအနာတရဖြစ်အောင် လုပ်တဲ့သူကို သူဘာကြောင့်လုပ်တယ်ဆိုတာလေးကို ပြောထွက်လာတဲ့အထိ အချိန်ပေးပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းဖို့ လိုအပ်တာမျိုးတွေလည်း ရှိပါတယ်။ နောက်တစ်ခုကတော့ သူက စိတ်ခံစားချက်တွေ ပြင်းထန်လာပြီးတော့ တုံ့ပြန်လာမယ့် အခြေအနေတွေကို ကြိုတင်ပြီးတော့ ဖြေရှင်းဖို့၊ ရင်ဆိုင်ဖို့လည်း ပြင်ထားရမှာ ဖြစ်ပါတယ်။


Credit: Dr.Khaing

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18