Print

ကလေးများ၏စိတ်ကို ပြောင်းလဲပေးနိုင်တဲ့ အရောင်များ

  04-Mar-2019
Preview Image

ကလေးတွေဟာလည်း ငယ်ငယ်လေးကတည်းက သူ့ရဲ့မှတ်ဉာဏ်နဲ့အတူ သူမှတ်တတ်သလို မှတ်ထားတတ်ကြပါတယ်။ အခုလို အရောင်လေးတွေနဲ့ အတူတူရှိနေတဲ့ ကလေးတွေဟာ အရောင်လေးတွေကိုလည်းမှတ်တတ်လာသလို သူတို့လေးတွေရဲ့ နေထိုင်မှုပတ်ဝန်းကျင်မှာလည်း ကျင့်သာရလာပြီး ပျော်ရွှင်လာစေနိုင်ပါတယ်။ အဓိကက သူတို့လေးတွေရဲ့ ဦးနှောက် မှတ်ဉာဏ်လေးတွေဟာ ပိုပြီး ဖွံ့ဖြိုးလာစေနိုင်တယ်လို့ သိရှိဖူးပါတယ်။ ဒါကြောင့် ဘယ်အရွယ်မှာ ဘယ်လိုအရောင်လေးတွေနဲ့ ထားသင့်တယ်ဆိုတာ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကို ဖတ်ကြည့်စေချင်ပါတယ်။

 

မွေးကင်းစကနေ ၃ လ ကလေးငယ်များအတွက်

မွေးကင်းစကနေ ၃ လ အရွယ်သာရှိသေးတဲ့ ကလေးငယ်များအတွက် အရောင်ရွေးချယ်မှုမှာလည်း အရမ်းအရေးကြီးပါတယ်။ ဒီအရွယ်များအတွက် အရောင်လေးတွေကိုတော့ အဖြူအမဲပါတဲ့ Black & White အရောင်လေးတွေနဲ့ ထားရှိသင့်ပါတယ်။ အဖြူအမည်းနဲ့ လိုက်ဖက်မယ့် အရောင်အသွေးများကို ရွေးချယ်အသုံးပြုပေးခြင်းက ကလေးငယ်များရဲ့ စက္ခုအာရုံကို တက်ကြွစေပါတယ်။အရောင်တောက်တောက်တွေ မဟုတ်တာကြောင့် သူတို့လေးတွေရဲ့ အာရုံစူးစိုက်နိုင်မှုကိုလည်း အေးချမ်းစေပါတယ်။ဒါကြောင့် ကလေးငယ်ကိုထားရှိတဲ့နေရာ၊ အခန်းတွေကို ဒီလို အဖြူအမည်း၊ မီးခိုးရောင် ကာလာငြိမ်ငြိမ်လေးတွေနဲ့ စီစဉ်ထားပေးဖို့ လိုအပ်သလို သူတို့လေးတွေရဲ့ နံရံမျက်နှာကျက်တွေမှာ အရုပ်ပုံလေးတွေ ရေးဆွဲပေးထားခြင်းဖြင့်လည်း ပိုမိုကောင်းစေပါတယ်။

 

၃ လမှ ၆လအရွယ် ကလေးငယ်များအတွက်

တဖြည်းဖြည်း ကြီးပြင်းလာတဲ့ ကလေးငယ်များအတွက် သူတို့ရဲ့ အပန်းဖြေ ကစားတဲ့ နေရာတွေမှာလည်း အရောင်လေးတွေကို ဂရုတစိုက်ပြင်ဆင်ထားပေးခြင်းဖြင့်လည်း သူတို့ရဲ့ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ဒီအရွယ်လေးတွေအတွက်လည်း အဖြူအမည်း ကာလာတွေကို အခြေခံထားပြီး လိုက်ဖက်ညီမယ့်၊ သူတို့ရဲ့စိတ်ကို ပျော်ရွှင်စေမယ့် ပန်းရောင်၊ အဝါရောင်နုနုလေး တွေကိုလည်း လိုက်ဖက်ညီအောင် ပြင်ဆင်ပေးဖို့လိုပါတယ်။ သူတို့ကိုထားရှိတဲ့ နေရာလေးတွေမှာ ပန်းနုရောင်၊ အဝါနုရောင်လေးတွေကို လိုအပ်သလိုပြင်ဆင်ပေးမယ့်နေရာတွေက ပန်းချီခြယ်ထားသလို နံရံမျက်နှာကျက်နေရာတွေ၊ သူတို့ဘေးက ခေါင်းအုံး စတဲ့အရာတွေကို အရောင်လေးတွေနဲ့ ထားပေးပါ။ ကလေးက ပက်လက်အိပ်နေတဲ့အခါ နံရံမျက်နှာကျက်ကိုမြင်ပြီး အရောင်လွင့်လွင့်လေးတွေကြောင့် စိတ်ကိုရွှင်မြူးစေနိုင်ပါတယ်။

 

၆ လမှ ၁၂ လအရွယ် ကလေးငယ်များအတွက်

၆လ၊ ၈လ အရွယ် ကလေးငယ်များဟာ အရောင်လေးတွေကို မြင်နိုင်စွမ်းဟာ တိုးတက်လာပါပြီ။ ဒါကြောင့် သူတို့ရဲ့ အိပ်ရာ၊ ကစားရာနေရာလေးတွေမှာ တခြားအရောင်ဆန်းလေးတွေကို ပြင်ဆင်ပေးလို့ ရနေပါပြီ။ ဥပမာ - သူတို့ဘေးက နံရံလေးတွေမှာ အရောင်စုံပါတဲ့ ပိုစတာလေးတွေ အရောင်စုံ ပန်းချီကားလေးတွေ၊ အရောင်စုံ အရုပ်လေးတွေ၊ စာအုပ်လေးတွေ၊ သူတို့ကို အမြင်ဆန်းစေတဲ့ ကာလာစပ်ထားတဲ့ အစင်းအကျားလေးတွေ စသဖြင့် ထားပေးနိုင်ပါတယ်။ စာအုပ်လေးတွေ ထားပေးတဲ့နေရာမှာလည်း ရုပ်စုံကာလာပုံလေးတွေနဲ့ စာအုပ်လေးတွေထားပေးခြင်းက အဆင်ပြေစေပါတယ်။

 

၁နှစ် မှ ၂နှစ်အရွယ် ကလေးငယ်များအတွက်

ဒီအရွယ်ကလေးတွေဟာ သူတို့ရဲ့ပါးစပ်ကနေ ဘာသာစကားမျိုးစုံပြောရင်း အရောင်တွေရဲ့ကွဲပြားခြားနားမှုကို သိနေပါပြီ။ သူတို့ရဲ့အနီးအနားမှာ အရောင်မျိုးစုံချပေးထားရင်း ဘယ်ဟာက ဘာအရောင်ဆိုတာတွေ သူတို့ခွဲခြားခိုင်းကြည့်၊ သင်ပြပေးလို့ရနေပါပြီ။ သိတတ်၊ မှတ်တတ်ပြီး သူတို့ကြိုက်တဲ့ အရောင်လေးတွေကို ရွေးခိုင်း၊ သူတို့လေးတွေရဲ့ခံစားမှုကို ပြောပြခိုင်းလို့ရပါပြီ။ သူတို့ရဲ့ အခန်းထဲမှာ ဦးနှောက်ဉာဏ်ကို ထက်မြက်စေမယ့် ရောင်စုံဂိမ်းကစားနည်းလေးတွေ ထားပေးခြင်းဖြင့်လည်း သူတို့ရဲ့စိတ်ကို ခံစားသိမြင်နိုင်ပါတယ်။

 

၃နှစ် မှ ၄ နှစ်အရွယ် ကလေးငယ်များအတွက်

များသောအားဖြင့် ၃နှစ်ကနေ ၄နှစ်အရွယ်ကလေးငယ်များဟာ အရောင်လေးတွေရဲ့ နာမည်လေးတွေကို ရွေးချယ်တတ်၊ မှတ်မိနေတတ်ပါတယ်။ သူတို့ရဲ့အခန်းထဲမှာထားရှိတဲ့ အရောင်ပါတဲ့ ထိုင်ခုံလေးတွေ၊ အရုပ်လေးတွေ၊ မွေ့ရာ၊ အိပ်ရာခင်းတွေရဲ့ နာမည်တွေကို ခွဲခြားတတ်ပြီး မှတ်ထားတတ်ပါတယ်။ ဒါဟာ သူတို့လေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးသလို သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို သေချာပြောပြနိုင်မှာဖြစ်ပါတယ်။ ဒီအရွယ်တွေဟာ သူတို့ရှေ့က အရောင်တွေကိုပါ တွဲစပ်နိုင်ပြီး သင်ယူမှုတွေ အများကြီးပြုလုပ်ပေးနိုင်တဲ့ အရွယ်လေးတွေဖြစ်ပါတယ်။

 

ကလေးတွေရဲ့စိတ်ကို ပျော်ရွှင်မှုပေးနိုင်တဲ့၊ ဦးနှောက်ဉာဏ်ရွှင်စေတဲ့အရာတွေမှာ အရောင်တွေလည်း တစ်ခုအပါအဝင်ပါပဲ။အရောင်တွေဟာ လူတွေရဲ့စိတ်သဏ္ဍာန်ကို အများကြီး ခန့်မှန်းပေးနိုင်တာကြောင့် နုပျိုမျစ်ဆဲဖြစ်တဲ့ ကလေးတွေရဲ့စိတ်ကိုလည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် မွေးကင်းစကနေ့ ကလေးတွေရဲ့အနီးမှာ၊ ကလေးငယ်တွေရဲ့အိပ်ခန်းမှာ ဘယ်လိုအရောင်လေးတွေ ထားသင့်တယ်ဆိုတာ ဖော်ပြပေးခြင်းဖြစ်ပါတယ်။ လူကြီးတွေတောင် အရောင်တစ်ခုစီမြင်လိုက်တာနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို ပြောင်းလဲစေနိုင်တာပဲဆိုတော့ ကလေးတွေအတွက် အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

 

Credit : နွေဦးခင် (မေ့ရင်သွေးမဂ္ဂဇင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18