Print

ဟစ်စတီးရီးယားဝေဒနာ

  02-Mar-2019
Preview Image

ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမရှိဘဲ အကြောသေခြင်း၊ မျက်စိကွယ်ခြင်း၊ တဆတ်ဆတ်တုန်နေခြင်း၊ မေ့လျော့ခြင်းတို့သည် နျူရိုးဆစ်(Neurosis)ဝေဒနာများ ဖြစ်ကြရာ ယင်းတို့ကို ဟစ်စတီးရီးယား(Hysteria) ဝေဒနာဟုလည်း ခေါ်ဝေါ်သတ်မှတ်ထားသည်။ ဤဝေဒနာများသည် မသိစိတ်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ လိုဘမပြည့်ဝမှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပဋိပက္ခများကို ဖြေရှင်းရာမှလည်း ဖြစ်ပေါ်လာတတ်သည်။ စိတ်ပဋိပက္ခမှ ရုပ်ဝေဒနာသို့ လွှဲပြောင်းလာသည့်အတွက် စိတ်ချောက်ချား ပြောင်းလဲမှုဟုလည်း ခေါ်ဝေါ်ကြသည်။


ဟစ်စတီးရီးယား ရောဂါလက္ခဏာများသည် အလွန်ပင်များပြားလှသည်။ ကိုယ်ကြောင်းရင်းခံ မရှိဘဲလျက် ရောဂါလက္ခဏာပေါ်ပေါက်လာနိုင်သည်။ မျက်လုံးသူငယ်အိမ်၊ မျက်စိအာရုံကြော၊ ဦးနှောက်အစရှိသည်တို့တွင် ချွတ်ယွင်းမှုမရှိဘဲ မျက်စိကွယ်သူဖြစ်နေနိုင်သည်။ အာရုံကြောများ ခြေထောက်ကြွက်သားများ ကောင်းမွန်လျက် အောက်ပိုင်းသေနေသူဖြစ်နိုင်သည်။ လက်တစ်ဘက် လှုပ်မရသူဖြစ်နိုင်သည်။


ဟစ်စတီးရီးယားဝေဒနာကို အောက်ပါ လက္ခဏာရပ်များဖြင့် ကိုယ်ကြောင်းရင်းခံ ဝေဒနာမှ ခွဲခြားနိုင်ပေသည်။ဟစ်စတီးရီးယား ကိုယ်လက်အင်္ဂါသေနေသူ၏ ရောဂါလက္ခဏာများသည် အိပ်ပျော်နေစဉ် ပျောက်ကွယ်နေလေ့ရှိသည်။ ရောဂါဖြစ်စေသည့် ဒေသပတ်ဝန်းကျင်မှ ထွက်ခွာလာခဲ့လျှင်လည်း ထိုရောဂါ ပျောက်ကင်းသွားသည်။ ကြွက်သားချွတ်ယွင်းမှုကြောင့် သော်လည်းကောင်း၊ အာရုံကြော၊ သွေးကြော ချွတ်ယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ကိုယ်လက်သေမှုတွင် ထိုသို့မတွေ့ရပေ။ နိုးနေစဉ်တွင် လည်းကောင်း၊ အိပ်ပျော်နေစဉ်တွင် လည်းကောင်း ထိုရောဂါမှာ ရှိမြဲရှိလျက်ပင်ဖြစ်သည်။ မည်သည့် အရပ်ဒေသတွင် နေသည်ဖြစ်စေ ရောဂါမှာ ပျောက်သွားနည်မဟုတ်ပေ။


ကိုယ်ကြောင်းရင်းခံ ကိုယ်လက်အင်္ဂါသေမှုတွင် ရောဂါလက္ခဏာမှာ အမြဲတည်ရှိနေသော်လည်း ဟစ်စတီးရီးယားတွင်မူ ဖြစ်လိုက်၊ ပျောက်လိုက် ရှိတတ်သည်။ တစ်ခါတစ်ရံ ခေတ္တခဏမျှသာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ ကြာရှည်စွာ ဝေဒနာ ဖြစ်ပေါ်နေတတ်သည်။ ဟစ်စတီးရီးယား ဝေဒနာသည် လူနာအား အန္တရာယ်မပေးတတ်ပေ။ ကိုယ်ကြောင်းရင်းခံ ကိုယ်တစ်ခြမ်းသေသူများတွင် အာရုံခံစားမှုမရှိသဖြင့် လက်များ၊ ခြေများတွင် ထိခိုက်မိခြင်း၊ မီးလောင်ခြင်း ဖြစ်တတ်သော်လည်း ဟစ်စတီးရီးယား ကိုယ်တစ်ခြမ်းသေသူတွင် ထိုကဲ့သို့ ထိခိုက်မှုများ မတွေ့ရပေ။ ကိုယ်ကြောင်းရင်းခံဝက်ရူးပြန်သူတွင် အချိန်မရွေး၊ နေရာမရွေး၊ လဲကျတတ်သဖြင့် ကိုယ်ခန္ဓာနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရတတ်သော်လည်း ဟစ်စတီးရီးယား ဝက်ရူးပြန်သူများမှာ ထိုသို့မဟုတ်ပေ။ ဒဏ်ရာမရနိုင်သည့်နေရာ၊ အိပ်ရာစသည့်နေရာတွင်သာ လဲကျတတ်သည်။ မြေကြီးပေါ်၊ ကျောက်ခဲပေါ် စသည့်ဒဏ်ရာရစေမည့် မာကျောသည့် ပစ္စည်းပေါ်သို့ လဲကျမည်မဟုတ်ပေ။ ဟစ်စတီးရီးယား၏ အဓိကလက္ခဏာအဖြစ် စိတ်ချောက်ချားပြောင်းလဲမှုကို တွေ့ရသည်။ စစ်မြေပြင်သို့ မသွားချင်သဖြင့် မျက်စိကွယ်ခြင်း၊ အိမ်မှမခွဲခြားလိုသဖြင့် အောက်ပိုင်းသေခြင်း၊ အိမ်ထောင်မပြူလိုသဖြင့် ပန်းသေခြင်းတို့သည် စိတ်ချောက်ချား ပြောင်းလဲမှုများ ဖြစ်ကြ၏။ ဤကဲ့သို့ ပြောင်းလဲလာခြင်းဖြင့် စိတ်ဒုက္ခရောက်ဖွယ် အခြေအနေမှ ထိုသူအား ရောဂါက အကာအကွယ်ပေးပေသည်။ ထိုသူအနေနှင့် ဟန်ဆောင်နေခြင်း၊ လိမ်ညာနေခြင်းကား မဟုတ်ပေ။


မသိစိတ်၏ လုပ်ဆောင်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းဖြစ်၏။ ဟစ်စတီးရီးယား ဝေဒနာမှာ အမျိုးစုံလှသည်။ အာရုံထိတွေ့မှု မသိခြင်း၊ အကြောသေခြင်း၊ ကိုယ်ခန္ဓာအပိုင်းပိုင်းသေခြင်း၊ မျက်စိကွယ်ခြင်း၊ စကားမပြောနိုင်ခြင်း၊ သတိမေ့သွားခြင်း၊ ဝက်ရူးပြန်ခြင်း၊ မေ့မြောခြင်း၊ အသက်ရှူမရခြင်း၊ အန်ခြင်း၊ ကြို့ထိုးခြင်း၊ ချေခြင်း၊ လည်ချောင်းတွင် တစ်ဆို့ဆို့နေခြင်း စသည့်တို့ ဖြစ်ကြပေသည်။


Credit: ခင်မောင်သန်း (စိတ်ပညာ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18