Print

ဒေါသထိန်းသိမ်း သောကငြိမ်း

  25-Feb-2019
Preview Image

ကျွနု်ပ်တို့သည် ဒေါသနှင့် ပတ်သက်လျှင် အထိုက်အလျောက် သိရှိကြပြီး ဖြစ်သည်မှ အကြီးအကျယ် စိတ်ဆိုးဒေါသထွက်သည်အထိ ခံစားဖူးကြမည် ဖြစ်ပါသည်။ ဒေါသသည် သာမန် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သော ကျန်းမာသည့် လူသားတို့၏ စိတ်လှုပ်ရှားခံစားမှုမျှသာ ဖြစ်သည်။ သို့သော် “ဒေါသစိတ် ဆင်ရိုင်းကို ချွန်းမအုပ်နိုင်” ပါမူ အဖျက်သဘော ဆောင်သော အပြုအမူသို့ ဦးတည်၍ ပြဿနာပေါင်းစုံကို ဖန်တီးဖြစ်ပေါ်စေနိုင်သည်။ ဒေါသကြောင့် လုပ်ငန်းခွင်အတွင်း၌ လည်းကောင်း၊ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌လည်းကောင်း၊ ပြဿနာဖြစ်ပွားစေရုံသာမက ဘဝ၏ အရည်အသွေးကိုပါ ထိခိုက်ကျဆင်းစေနိုင်သည်။

 

ဒေါသစိတ်ကို ဖော်ပြခြင်း

          လူသားတို့၏ ပင်ကိုဗီဇကပင် ဒေါသစိတ်ကို ရန်လိုသော အပြုအမူဖြင့် တုံ့ပြန်လေ့ရှိသည်။ ဒေါသစိတ်သည် ရန်လိုခြိမ်းခြောက်မှုကို သဘာဝအလျောက် တုံ့ပြန်လေ့ရှိပြီး၊ စွမ်းအား ကြီးမား၍ တစ်ခါတစ်ရံ တိုက်လို ခိုက်လိုစိတ် ပြင်းပြသည့် ခံစားမှုများ၊ အပြုအမူများကို ဖော်ပြတတ်သည်။ တစ်ပါးသူကရန်မူ တိုက်ခိုက်လာမှုကို ဒေါသစိတ်က ခုခံကာကွယ်ရန်နှင့် တုံ့ပြန်တိုက်ခိုက်ရန် စေ့ဆော်ပေးသည်။ မိမိတို့ဘဝ ရှင်သန် ရပ်တည်နေနိုင်ရေးအတွက်  လူသားတိုင်းတွင် ဒေါသစိတ် အထိုက်အလျောက် ရှိနေရန် လိုအပ်သည်။

          သို့သော် ဒေါသစိတ်ကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်လိုက်မာန်ပါ ကိုယ်ထိလက်ရောက်ကျူးလွန်ရန် မဟုတ်ဘဲ၊ လူမှုအသိုက်အဝန်းတွင် ကျင့်သုံးလိုက်နာလျက်ရှိသော စည်းမျဉ်း၊ လူ့ဘောင်၊ ဥပဒေအတွင်းမှ ဒေါသစိတ်ကို ထိန်းသိမ်းဆောင်ရွက်သွားရမည် ဖြစ်သည်။

 

ဒေါသစိတ်ကို ထိန်းသိမ်းခြင်း

          ဒေါသစိတ်ကို ထိန်းသိမ်းရခြင်း၏ ရည်ရွယ်ချက်မှာ ဒေါသစိတ်ကို ဖြစ်ပေါ်စေသော စိတ်လှုပ်ရှားမှုများ ခံစားမှုနှင့် ဒေါသစိတ်ကို နှိုးှဆွပေးသော ဇီဝကမ္မဗေဒဆိုင်ရာခံစားမှုကို လျော့ကျစေရန် ဖြစ်သည်။ လူတစ်ဦးတစ်ယောက်က သင့်ကို ဒေါသဖြစ်စေရန် ရန်စပြောဆိုလာပါက ဒေါသမဖြစ်စေရန် ရှောင်ရှားခြင်း၊ ဒေါသစိတ်ကို ဖယ်ရှားပစ်ခြင်း၊ ဒေါသစိတ်ကို လမ်းလွှဲပစ်ခြင်းတို့ ဆောင်ရွက်၍ မရနိုင်ဘဲ၊ ဒေါသစိတ်ကြောင့် စိတ်လိုက်မာန်ပါ တုံ့ပြန်မှု မရှိစေရေး၊ မိမိကိုယ်ကို မည်သို့ထိန်းသိမ်းရမည်ကိုသာ လေ့ကျင့်သင်ယူရန်ဖြစ်သည်။

 

သင်အရမ်း စိတ်ဆိုးဒေါသထွက်နေပါသလား

          သင် မည်မျှ စိတ်ဆိုးဒေါသထွက်နေသည်၊ မည်သည့်အကြောင်းတရားက သင့်ကို စိတ်ဆိုးဒေါသဖြစ်စေသည်၊ ထိုကဲ့သို့ စိတ်ဆိုးဒေါသဖြစ်ခြင်းကို သင်မည်ကဲ့သို့ ကိုင်တွယ်ထိန်းသိမ်းနိုင်သည်တို့ကို စိတ္တဗေဒနည်းအရ စစ်ဆေး၍ ရနိုင်သည်။ သင် မည်သည့်အကြောင်း ကိစ္စကြောင့် စိတ်ဆိုး ဒေါသထွက်နေသည်ကို သိရှိပါက ကောင်းမွန်သော အခြေအနေတွင် ရှိနေသေးသည်ဟု ဆိုနိုင်သည်။

          အကယ်၍ သင်သည် မိမိကိုယ်ကိုယ် ထိန်းသိမ်းရန် ခက်ခဲပြီး စိုးရိမ်ကြောက်လန့်စိတ်များ ဖြစ်ပေါ်ခံစားနေရပါက သင်၏ စိတ်လှုပ်ရှားမှုကို ကုစားရန်အတွက် သင့်တော်သော နည်းလမ်းကောင်းများ ရှာဖွေကူညီ ရယူရန် လိုအပ်နေပြီ ဖြစ်သည်။

 

ဒေါသကို ထိန်းသိမ်းရန် နည်းနိသျှများ

          အသက်ကို ဝအောင် ရှူရှိုက်ခြင်း၊ အေးချမ်းငြိမ်သက်သော ပုံရိပ်လွှာများကို စိတ်အာရုံတွင် မြင်ယောင်ခြင်းတို့သည် ဒေါသစိတ်ကို အေးချမ်းစေသော နည်းလမ်းများ ဖြစ်သည်။ စိတ်ကို လျော့ချ အနားယူသော နည်းလမ်းများ ရေးသားဖော်ပြထားသည့် စာအုပ်များ၊ သင်တန်းများမှတဆင့် လေ့ကျင့်သင်ယူပြီး အရေးကြုံလာသည့်အခါ လက်တွေ့ကျင့်သုံးခြင်းဖြင့် ဒေါသစိတ်ကို မထိန်းနိုင်သောကြောင့် ပြဿနာများ ဖြစ်ပေါ်မည့်ဘေးမှ ကင်းဝေးစေနိုင်မည် ဖြစ်သည်။

          လက်တွေ့ကျင့်သုံးနိုင်မည့် နည်းလမ်းအချို့ကို အောက်တွင် ဖော်ပြအပ်ပါသည် -

-       အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပါ၊ ထိုကဲ့သို့ ရှူသွင်းရာတွင် ဒိုင်ရာဖရမ် (Diaphragm) (ရင်ဘတ်နှင့် ဝမ်းဗိုက်ကြားရှိ ကြွက်သားစိုင်)မှ တစ်ဆင့် ရှူသွင်းရမည်။ ရင်ဘတ်ဖြင့် အသက်ကို ရှူသွင်းခြင်းဖြင့် စိတ်ဖြေလျော့မှုကို ရနိုင်မည် မဟုတ်ပါ။

-       ထွက်လေကို ရှူထုတ်ရာတွင်လည်း ထွက်လေသည် ဝမ်းခေါင်းအတွင်းရှိ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို ဖြတ်ကျော်၍ ထွက်သွားသည်ဟု စိတ်တွင် မြင်ယောင်ကြည့်ပါ။

-       မိမိစိတ်ကို ငြိမ်းချမ်းစေရန် အထောက်အကူပြုစေမည့် အေးချမ်းညင်သာသော စကားလုံးများဖြင့် နှစ်သိမ့်ပါ။ စိတ်လျော့ထားလိုက်ပါ။ အားလုံးအဆင်ပြေသွားမှာပါ၊ စိတ်ချမ်းသာအောင်နေပါ စသည်ဖြင့် ထိုကဲ့သို့ နှစ်သိမ့်စကားများ ဖြည်းညှင်းစွာဆိုရင်း အသက်ကို ဝဝရှူပါ။

-       စိတ်အေးချမ်းသော ပျော်ရွှင်ကြည်နူးစွာ ကုန်လွန်ခဲ့သော အတွေ့အကြုံများကို ပြန်ပြောင်းသတိရရင်း  စိတ်ကို ဖြေလျော့ပါ။

-       ယောဂ (Yoga) ကျင့်စဉ်ကဲ့သို့သော ကျင့်စဉ်များကို လေ့ကျင့်ခြင်းဖြင့် ကြွက်သားများ ဖြေလျော့စေနိုင်ပြီး စိတ်သက်သာ အေးချမ်းမှုကို ရရှိစေမည်ဖြစ်သည်။

ပတ်ဝန်းကျင်ကို ပြောင်းလဲပါ

          တစ်ခါတစ်ရံ မိမိ နေ့စဉ်ကြုံတွေ့နေရသော ပတ်ဝန်းကျင် အခြေအနေကြောင့် စိတ်ကသိကအောင့် ဖြစ်ရခြင်း၊ စိတ်ဆိုးဒေါသဖြစ်ခြင်းတို့ ကြုံတွေ့ရတတ်သည်။ ပြဿနာများနှင့် တာဝန်ခံရခြင်းတို့က သင့်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး ဒေါသဖြစ်ခြင်း ထောင်ချောက်အတွင်းသို့ သက်ဆင်းစေသည်။

          သို့ဖြစ်၍ မိမိ၏ စိတ်နှင့် ကိုယ်ကို အနားပေးပါ။ တစ်နေ့တာ လုပ်ငန်းအတွက် အချိန်ခွဲဝေရာတွင်လည်း တစ်နေ့တာ၏ အပင်ပန်းဆုံးချိန် ကုန်လွန်ပြီးနောက် ကိုယ်စိတ်အနားယူရန် ကိုယ်ပိုင်ချိန် သတ်သတ်မှတ်မှတ် ချန်ထားပါ။ ဥပမာ - တစ်နေကုန် ရုံးလုပ်ငန်းများ ဆောင်ရွက်ရသော မိခင်တစ်ဦးအနေဖြင့် အိမ်သို့ ပြန်ရောက်ချိန်တွင် သေရေးရှင်ရေး ကိစ္စမှအပ ၁၅ မိနစ်အတွင်း မည်သည့် ပြဿနာကိုမှ မိမိအား လာမပြောရန် အိမ်ဖော်နှင့် သားသမီးများကို တစ်ချက်လွှတ်အမိန့် ထုတ်ပြန်ထားရမည်။ ၁၅ မိနစ်ခန့် အနားယူပြီးနောက် ရုံးကပါလာသော ပြဿနာများ အနယ်ထိုင်ပြီးမှသာ အိမ်မှုကိစ္စ အဝဝကို ခေါင်းအေးအေးဖြင့် ကိုင်တွယ် ဖြေရှင်းနိုင်မည် ဖြစ်သည်။

          သင်နှင့် သင်၏ ဇနီး၊ ခင်ပွန်းတို့ အရေးကြီးသည့် မိသားစုကိစ္စကို ဆွေးနွေးရာ၌ နှစ်ဦးစလုံး ပင်ပန်းနွမ်းနယ်နေချိန်၊ တစ်ဦး၏ စကားအပေါ် တစ်ဦးက အာရုံမစိုက်နိုင်သည့် အချိန်မျိုးကို ရှောင်ရှားသင့်ပါသည်။ သို့မဟုတ်ပါက တစ်ဦးအပေါ် တစ်ဦး နားလည်မှု မပေးနိုင်သဖြင့် မလိုလားအပ်သော ငြင်းခုန်မှုများ ဖြစ်ပေါ်လာနိုင်သည်။

          အကယ်၍ ရှုပ်ထွေးပွေလီနေသော ဆယ်ကျော်သက် သားသမီးများ၏ အခန်းရှေ့မှ ဖြတ်သွားတိုင်း စိတ်အလိုမကျခြင်းကြောင့် ဒေါသဖြစ်ပွားတတ်သည် ဆိုပါစို့ … အခန်းတံခါးကို ပိတ်ထားလိုက်ပါ။ အခန်းတွင်းသို့ လှမ်းကြည့်ပြီး ဒေါသဖြစ်မနေပါနှင့်။ ကလေးတွေက အခန်းကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ထားတတ်မယ်ဆိုရင် စိတ်ဆိုးစရာ မလိုတော့ဘူးဟုလည်း တွေးမနေပါနှင့်၊ အဓိကအချက်မှာ စိတ်ဆိုးဒေါသ မဖြစ်ရန်သာ ဖြစ်သည်။

 

အကြံဉာာဏ်ရယူပါ

          အကယ်၍ သင်သည်ဒေါသကို အမှန်တကယ် မထိန်းချုပ်နိုင်တော့ဘဲ၊ ဒေါသကြောင့် ပေါင်းသင်းဆက်ဆံရေးနှင့် အခြားဘဝ၏ အရေးပါသော ကိစ္စရပ်များတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာမည်ဆိုပါက သင်၏ဒေါသကို ကိုင်တွယ်ထိန်းသိမ်းရန် ကျွမ်းကျင်သူ တစ်ဦးထံမှ အကြံဉာာဏ် ရယူသင့်သည်။ စိတ္တဗေဒပညာရှင် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူများက သင်၏ တွေးခေါ်ဆင်ခြင်မှုနှင့် အပြုအမူတို့အပေါ် တိုးတက်မှုရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ကျွမ်းကျင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဒေါသကြီးသူအဖြစ် ပတ်ဝန်းကျင်အခြေအနေနှင့် အသုံးပြုသော နည်းလမ်းအပေါ် မူတည်၍ ရက်သတ္တပတ် ရှစ်ပတ်မှ ၁၀ ပတ်အတွင်းတိုးတက် ပြောင်းလဲနိုင်သည်။

 

ဒေါသထိန်း … သောကငြိမ်း

          ဒေါသကို လုံးဝ အမြစ်ဖြတ်ဖယ်ရှား၍ မရနိုင်သည်ကို သတိပြုပါ။ အကယ်၍ အမြစ်ဖြတ် ဖယ်ရှားနိုင်သည်ဟု ဆိုပါက ၎င်းထင်မြင်ယူဆချက်သည် မှန်ကန်မှုမရှိနိုင်ပေ။ နေ့စဉ် ပြုမူပြောဆိုထိတွေ့ဆောင်ရွက်နေရသော ကိစ္စအဝဝကြောင့် ဒေါသဖြစ်စရာနှင့် မလွဲဧကန်ကြုံတွေ့ရမည်သာ ဖြစ်သည်။ သို့သော် ၎င်းဒေါသသည် တရားမျှတမှု ရှိရမည်။ ဘဝဆိုသည်မှာ တစ်ပါးသူ၏ ပယောဂကြောင့် ထိခိုက်နာကျင်မှုများ၊ ဆုံးရှုံးမှုများကို ကြုံတွေ့ရနိုင်သကဲ့သို့ မမျှော်မှန်းနိုင်သော ထိုးနှက်တိုက်ခိုက်မှုများဖြင့်လည်း ရင်ဆိုင်ရမည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။

          ထို့ကဲ့သို့ ကြုံတွေ့ရလေ့ရှိသည့် ဓမ္မတာတရားကို ပြုပြင်ပြောင်းလဲ၍ မရနိုင်သော်လည်း သင်၏ စိတ်က ထိခိုက်ခံစား ခံယူမှုပုံသဏ္ဍာန်ကိုမူ ပြောင်းလဲ၍ ရနိုင်သည်။ ဒေါသကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်းဖြင့် သင်၏ ဘဝခရီး တစ်လျှောက်တွင် ပျော်ရွှင်ချမ်းမြေ့မှုကို ရရှိခံစားစေမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

Credit : အောင်ဇင်

No. 108, health for All, January 2016, Pg No. 17 - 20



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18