Print

စိတ်ကစဉ့်ကလျားရောဂါ (သို့) Schizophrenia ရောဂါအကြောင်းသိကောင်းစရာ

  21-Feb-2019
Preview Image

စိတ်ကစဉ့်ကလျားရောဂါကိုလူအများစုကမရင်းနှီးကြပါ၊ မရင်းနှီးသည့်အပြင် မြန်မာလူမျိုးများက ပရောဂ ဝင်သည်ဟုပင်ထင်မှားတတ်ကြပါသည်။ စိတ်ရောဂါ အများစုသည်ပုံမှန်တွေကကြုံနေကျမဟုတ်သည့်ရောဂါပုံစံဖြင့်လာတတ်ပါသည်။ပုံမှန်ဘဝကနေသွေဖီပြီးပုံမှန်မဟုတ်သောအတွေး၊အမူအကျင့်များနှင့်လက်တွေ့ဘဝကိုလက်မခံနိုင်တာသည် စိတ်ရောဂါများတွင်တွေ့ရတတ်သည်။စိတ်ကစဉ့်ကလျားရောဂါလက္ခဏာများသည်ယေဘုယျအားဖြင့် ဦးနှောက်ထဲရှိ ဒိုပါမင်း(dopamine)ဟုခေါ်သောဓာတ်တစ်မျိုးများခြင်းကြောင့်ဖြစ်သည်။


ထိုဓာတ်သည်ဦးနှောက်၏အစိတ်ပိုင်းများကိုထိခိုက်စေကာမူမမှန်သောအမူကျင့်များပေါ်လာတတ်သည်။ ထိုဓာတ်များခြင်းသည်မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သည်ဟုပညာရှင်များကယူဆကြသည်။ များသောအားဖြင့်ဆယ်ကျော်သက်အရွယ်နှင့်အသက်(၂၀)ပတ်ဝန်းကျင်တွင်ရောဂါလက္ခဏာစတင်ပေါ်လေ့ရှိသည်။ကျားမ မရွေးဖြစ်နိုင်သော်လည်း အမျိုးသားများတွင်ပိုအဖြစ်များသည်။ရောဂါလက္ခဏာစတင်ပေါ်ချိန်တွင်အများဆုံးတွေ့ရသည်မှာ

(၁) အကြားအာရုံနှင့်အမြင်အာရုံများထင်ယောင်ထင်မှားဖြစ်ခြင်း (hallucinations)

(၂) မိမိ၏စိတ်ထဲတွင်ထင်ယောင်ထင်မှားဖြစ်ခြင်း (delusions)

(၃) မဟုတ်မှန်သောအတွေးများ၊အတွေးမှားများပေါ်လာခြင်း

(၄) မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုမလုပ်နိုင်တော့ခြင်း  အစရှိတာတွေဖြစ်ပါသည်။

စိတ်ကစဉ့်ကလျားရောဂါဝေဒနာရှင်များသည် တစ်ဘဝလုံးဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ဆေးကုသမှုကိုရောဂါဖြစ်လျှင်ဖြစ်ချင်းအမြန်ဆုံးခံယူရန်လိုအပ်ပါသည်။သို့မှသာနောင်ဖြစ်လာနိုင်သည့်ဆိုးကျိုးများကိုကာကွယ်နိုင်မည်ဖြစ်ပါသည်။


ရောဂါလက္ခဏာများ

စိတ်ကစဉ့်ကလျားရောဂါသည်အတွေး၊အမူအကျင့် နှင့် စိတ်ခံစားချက်များတွင်ပြသာနာပေါ်လေ့ရှိသည်။ ရောဂါလက္ခဏာသည် ရောဂါဝေဒနာခံစားရသူတစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါ။ရောဂါအခြေအနေအရကွဲပြားနိုင်ပါသည်။


• မိမိ၏စိတ်ထဲတွင်ထင်ယောင်ထင်မှားဖြစ်ခြင်း (delusions)

ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုသည်မှာမိမိ၏လက်တွေ့ဘဝတွင်မရှိသည့်၊မဖြစ်နိုင်သည့်အရာများကိုထင်ယောင်ထင်မှားဖြစ်ခြင်းကိုဆိုလိုသည်။ဥပမာ - အခြားသူများကမိမိကိုမကောင်းကြံစည်နေသည်ဟုထင်မှတ်မှားခြင်း၊မိမိကိုယ်ကိုထူးခြားသည့်စွမ်းပကားရှိသည့်သူဟုထင်မှတ်ခြင်း၊ရုပ်မြင်သံကြားတီဗွီပေါ်တွင်စကားပြောနေသူများကမိမိအကြောင်းပြောနေသည်ဟုထင်ခြင်း၊မိမိအားရူးသွပ်စွာစွဲစွဲလန်းလန်းချစ်မြတ်နိုးနေသူများရှိသည်ဟုထင်ခြင်း အစရှိတဲ့လက္ခဏာများကိုစိတ်ကစဉ့်ကလျားရောဂါတွင်တွေ့ရတတ်သည်။


•  အကြားအာရုံနှင့်အမြင်အာရုံများထင်ယောင်ထင်မှားဖြစ်ခြင်း (hallucinations)

အကြားအာရုံထင်ယောင်ထင်မှားဖြစ်ခြင်းဆိုသည်မှာမိမိ၏နားထဲတွင်တစုံတယောက်ကစကားလာပြောသကဲ့သို့အသံများကြားရခြင်းဖြစ်သည်အမြင်အာရုံထင်မှားခြင်းဆိုသည်မှာအခြားသူများမမြင်ရသည့်အရာများကိုမြင်နေရခြင်း၊ ကြိုးတချောင်းကိုမြွေဟုမြင်ခြင်း အစရှိတာတွေဖြစ်ပါသည်။ စိတ်ကစဉ့်ကလျားရောဂါဝေဒနာရှင်များတွင်အကြားအာရုံထင်မှတ်မှားခြင်းသည်အများဆုံးတွေ့ရသည်။


• မဟုတ်မှန်သောကစဉ့်ကလျားအတွေးများပေါ်လာခြင်း/ကစဉ့်ကလျားစကားများပြောခြင်

ကစဉ့်ကလျားစကားများပြောခြင်းဆိုသည်မှာကစဉ့်ကလျားအတွေးများပေါ်လာခြင်းကြောင့်ဖြစ်သည်။ပုံမှန်ကဲ့သို့စကားပြောနိုင်ခြင်းမရှိဘဲ အဆက်အစပ်မရှိသောစကားများကိုပြောခြင်း၊စကားပြောဆိုရာတွင်လဲအဓိပါ္ပယ်မဲ့သောအခြားသူနားမလည်နိုင်သည့်စကားလုံးများကိုပေါင်းစပ်ပြောဆိုခြင်း(word salad)အစရှိတာများတွေ့ရတတ်ပါသည်။


• အလွန်အမင်းမူမမှန်သောကြွက်သားလှုပ်ရှားမှုများ

ကြွက်သားလှုပ်ရှားမှုများသည်စိတ်ကစဉ့်ကလျားဝေဒနာရှင်များတွင်များပြားလေ့ရှိသည်။ထို့ကြောင့်ပုံမှန်လှုပ်ရှားမှုထက်ပိုသောလှုပ်ရှားမှုများ၊ထိုင်မရထမရဂဏာမငြိမ်ခြင်းအစရှိတဲ့ပိုမိုတဲ့ကြွက်သားလှုပ်ရှားမှုများကိုတွေ့ရတတ်ပါသည်။မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကိုပုံမှန်အတိုင်းလုပ်ဆောင်နိုင်ခြင်းလဲမရှိတော့ပါ။


• ပြောင်းလဲလာသောအမူအကျင့်နှင့်စိတ်နေစိတ်ထား

ပုံမှန်ဒေါသမကြီးတတ်သောသူတစ်ယောက်သည်စိတ်ကစဉ့်ကလျားရောဂါဝင်ရောက်လာလျှင်အလိုလိုဘဝင်မကျဖြစ်လာတတ်သည်။ဒေါသကြီးလာတတ်သည်။မိမိပြောနေသည်များကိုလက်မခံလျှင်အသေးအဖွဲကိုပင်ဒေါသတကြီးတုန့်ပြန်လေ့ရှိသည်။


• မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်း

မလုပ်ချင်မကိုင်ချင်ဖြစ်ခြင်းလက္ခဏာများသည်စိတ်ကစဉ့်ကလျားဝေဒနာခံစားနေရသူများတွင်နောက်ဆုံးမှဝင်လာတတ်ပါသည်။မိမိ၏ပုံမှန်တာဝန်များ၊ရုံးအလုပ်၊ကျောင်းအလုပ်များကိုထမ်းဆောင်နိုင်ခြင်းမရှိသည့်အပြင်မိမိ၏တကိုယ်ရည်သန့်ရှင်းရေးအတွက်မလုပ်တော့ခြင်း၊ပုံမှန်စားသောက်ခြင်းမရှိခြင်း၊အဝတ်အစားဆင်ယင်ပြင်ပြင်ဆင်ဆင်မရှိတော့ခြင်းတွေဖြစ်လာတတ်ပါသည်။စိတ်နေစိတ်ထားပိုင်းတွင်လည်းစိတ်ခံစားချက်ကင်းမဲ့သူကဲ့သို့ဖြစ်လာခြင်း၊အခြားသူနှင့်စကားပြောလျှင်မျက်လုံးချင်းဆုံပြီးစကားမပြောခြင်း၊စကားပြောလျှင်မျက်နှာအမူအရာပြောင်းလဲမှုမရှိခြင်း၊မိတ်ဆွေအပေါင်းအသင်း၊လုပ်ဖော်ကိုင်ဖက်များနှင့်ဆက်ဆံသွားလာပြောဆိုလိုစိတ်မရှိတော့ခြင်း အစရှိတာတွေဖြစ်ပေါ်လာတတ်ပါသည်။


ဆယ်ကျော်သက်တို့တွင်တွေ့ရသောလက္ခဏာများ

စိတ်ကစဉ့်ကလျားရောဂါသည်ဆယ်ကျော်သက်အရွယ်တွင်တွေ့ရတတ်သောကြောင့်ထိုအရွယ်တွင်ပညာရေးဆုံးခန်းတိုင်အောင်မသင်နိုင်ဘဲ ကျောင်းမှထွက်လိုက်ရခြင်း၊ညညအိပ်မပျော်ခြင်း၊မိသားစုသူငယ်ချင်းများနှင့်အဆင်မပြေခြင်း၊စိတ်ဓာတ်ကျခြင်း၊ဘဝအတွက်ရည်မှန်းချက်မရှိတော့ဘဲ ပတ်ဝန်းကျင်နှင့်ဝေးကွာခြင်းတွေဖြစ်လာတတ်ပါသည်။


နောက်ဆက်တွဲဆိုးကျီုးများ

စိတ်စဥ့်ကလျားရောဂါတွင်နောက်ဆက်တွဲအနေဖြင်အဆိုးဆုံး ဖြစ်ပွားနိုင်တာကတော့ မိမိကိုယ်ကိုသတ်သေရန်ကြိုးစားခြင်း ဖြစ်ပါသည်။စိတ်ကစဉ့်ကလျားဝေဒနာရှင်များ၏၁၀%သည်မိမိကိုယ်ကိုသတ်သေခြင်းမှသေဆုံးနေပါသည်။


ကာကွယ်နည်း

စိတ်ကစဉ့်ကလျားရောဂါကိုကာကွယ်နည်းမရှိပါ။ပုံမှန်ဆေးသောက်ခြင်းသည်သာအကောင်းဆုံးကာကွယ်နည်းဖြစ်ပါသည်။


Dr. Jasper

Ref: Mayo Clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18