Print

စိတ်ဓာတ်ကျဆင်းသောရောဂါ Depression ကို အဖြေရှာရမည်ဆိုပါက

  29-Jan-2018
Preview Image


၁၃-၄-၂၀၁၇ နေ့ထုတ် ဂျာနယ်သတင်းစာတစ်ခုမှာ လူဦးရေသုံးသိန်းခန့် စိတ်ကျဝေဒနာခံစားနေရကြောင်း သိရပါတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင်တော့ စိတ်ကျဝေဒနာခံစားနေရသူ ၃၂၂ သန်း ရှိတယ်လို့ ဆိုပါတယ်။ ပဋိပက္ခဖြစ်ပွားရာ ဒေသမျိုးမှာဆိုရင် စိတ်ကျဝေဒနာပိုမို များပြားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဤဆောင်းပါးကို အများပြည်သူတွေ သတင်းအချက်အလက် ရရှိစေခြင်းငှာ တင်ဆက်လိုက်ရပါတယ်။


နိုင်ငံတစ်ခုမှာ စိတ်ကျဝေဒနာဟာ ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) အဖြစ် ရောက်ရှိလာပြီလား

ရောဂါတစ်ခုကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် ဦးစားပေးကိုင်တွယ်ရန် လိုမလို ကြည့်ရှုရာမှာ အောက်ပါအချက်လေးချက်နဲ့ တိုင်းတာတယ်လို့ ဆိုပါတယ်။ 


(၁) လူနာအရေအတွက်

ဥပမာ ဒေသတစ်ခုမှာ ငှက်ဖျားဖြစ်သူက အယောက် ၁၀၀၀ တိုက်ဖျက်သူက တစ်ယောက်ဆိုရင် ငှက်ဖျားဆိုတာ ပိုကြီးတဲ့ပြဿနာ Bigger Problam လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုလည်း ပုံသေတွက်လို့မရပါ။ ဘာကြောင့်လည်းဆိုတော့ ဥပမာဒေသတစ်ခုမှ တုပ်ကွေးဖြစ်သူက အယောက် ၁၀၀၀၊ HIV ဖြစ်သူက အယောက် ၈၀၀ ဆိုတိုင်း တုတ်ကွေးပြဿနာက HIV ပြဿနာထက်ကြီးတယ်လို့ ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တုပ်ကွေးအယောက် ၁၀၀၀ က ငါးရက်လောက်ဆိုရင် ပျောက်မှာပါ။ HIV က ပြဿနာအဖြစ် ကျန်ခဲ့မှာပါ။


(၂) ရောဂါတစ်ခုဟာ သက်ဆိုင်ရာဝေဒနာရှင် အပေါ်မှာ ဘယ်လောက်ဆိုးကျိုးပေးလဲ

ဝေဒနာရယ်လို့ သတ်မှတ်နိုင်ခြင်း အတူတူတုပ်ကွေးက ဒုက္ခနည်းနည်းပဲပေးတယ်။ ကင်ဆာက ဒုက္ခများများပေးတယ်။ ဒီတော့ ကင်ဆာပြဿနာက တုပ်ကွေးပြဿနာထက် ကြီးတယ်လို ယေဘုယသဘော ပြောလို့ရပါတယ်။


(၃) ရောဂါတစ်ခုဟာ ပတ်ဝန်းကျင်ကို ဘယ်လောက်ဒုက္ခပေးလဲ။ 

လူတစ်ယောက် နှလုံးသွေးကြောကျဉ်းရင် သူနေတဲ့မြို့နဲ့ သူနေတဲ့နိုင်ငံကို နည်းနည်းတော့ ဒုက္ခပေးတယ်။ ဒါပေမဲ့ လူတစ်ယောက် ကြက်ငှက်တုပ်ကွေးဖြစ်ရင် သူနေတဲ့ဒေသကို များများဒုက္ခပေးလို့ ကြက်ငှက်တုပ်ကွေးက နှလုံးသွေးကြောကျဉ်းတာထက်စာရင် ပြဿနာပိုကြီးတယ်လို့ ပြောလို့ရပါတယ်။


(၄) ရောဂါတစ်ခုဖြစ်လာရင် စီမံခန့်ခွဲရတာ ခက်လား လွယ်လား

အီဘိုလာ လို ရောဂါမျိုးကတော့ အာဖရီကမှာ ဖြစ်တုန်းက တစ်ကမ္ဘာလုံး မျက်လုံးပြုးကုန်ပြီး စီမံခန့်ခွဲရတာ ခက်ပါတယ်။ ဒီတော့ အီဘိုလာဆိုရင် ပြဿနာကြီးတယ်လို့ ယူဆနိုင်ပါတယ်။


ဒီတော့ စိတ်ကျရောဂါကို ပြန်ကြည့်ရင် Depression ဟာ ကမ္ဘာပေါ်မှာ အရေအတွက်လည်း မသေးလှဘူး။ ဝေဒနာသည် အတွက်လည်း ဆိုးကျိုးတော်တော်ပေးပါတယ်။ မိမိကိုယ်ကို သတ်သေတဲ့အထိ ဖြစ်နိုင်တယ်။ စိတ်ဓာတ်ကျပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ ဝေဒနာရဲ့ ပတ်ဝန်းကျင်ကိုလည်း ဆိုးကျိုး သက်ရောက်မှုရှိပါတယ်။ စိတ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်လို့ ကိုင်တွယ်ရတာလည်း ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်သတိထားမိတာက အင်တာနက်မှာ ကမ္ဘာ့ထိပ်တန်း ကျန်းမာရေး ပြဿနာစာရင်းထဲမှာ စိတ်ကျရောဂါတော့ မပါသေးဘူး။

အရက်စွဲ၊ HIV ၊ အဝလွန်၊ ဆယ်ကျော်သက်ကိုယ်ဝန် စတာတွေကိုတော့ ထိပ်တန်း ကျန်းမာရေးပြဿနာစာရင်းမှာ ထည့်သွင်းထားပါပြီ။ မည်သို့ပင် ဖြစ်စေကာမူ Depression ဆိုတာဟာ ထိပ်တန်းကျန်းမာရေး ပြဿနာစရင်းမှာ မပါဝင်သေးသော်လည်း ပေါ့ပေါ့ဆဆမနေဘဲ သတိပြုရမယ့် အနေအထားမှာတော့ ရှိနေမှာ သေချာပါတယ်။ Depression အကြောင်းကို အခြေခံ ဗဟုသုအနေအဖြစ် တင်ပြရမယ် ဆိုရင်တော့ ဒီလိုပါ။


Depression 

စိတ်ကျရောဂါဆိုသည်မှာ စိတ်၏ Mood ခေါ် ခံစားချက်ဆိုင်ရာ ရောဂါဖြစ်ပြီး အစဉ်သဖြင့် ဝမ်းနည်းနေပြီး ပတ်ဝန်းကျင်၌ စိတ်ဝင်စားမှု နည်းပါးသွားခြင်းဖြစ်သည်။ စိတ်ဓာတ်ကျဆင်းမှု ပြင်းထန်လာရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။ 

အိပ်မပျော် သို့မဟုတ် အိပ်ရာက မထချင်

မိမိ၌ အပြစ်ရှိသလို ခံစား

မလုပ်ချင်၊ မကိုင်ချင်

အာရုံစူးစိုက်မှု စွမ်းရည်နိမ့်

ခံတွင်း၌ အရသာမပေါ်

စိတ်ဖြစ်စဉ် နှေးကွေးသွား

လိင်ကိစ္စ စိတ်မဝင်စားတော့

လောကကြီးမှာ မနေချင်တော့ဘဲ စိတ်တွေပေါ် (သတ်သေချင်စိတ်ပေါက်) စတာတွေ ဖြစ်လာပါတယ်။ 


Depression ဘာကြောင့်ဖြစ်ရတာလဲ

Depression ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အယူအဆ အမျိုးမျိုးကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။ 

(၁) Chemical Process Change in Brain ဦးနှောက်တွင်း၌ ဓာတုဖြစ်စဉ်များ မူမမှန်ခြင်း

(၂) Homonal Chang ဟော်မုန်း ပြောင်းလဲမှုများကြောင့်ဖြစ်ခြင်း

(၃) မျိုးရိုးလိုက်၍ ဖြစ်ခြင်း

(၄) Life Style Change 

ဘဝ လူနေမှု ပုံသဏ္ဍာန်ပြောင်းလဲခြင်း၊ ဥပမာ - အလုပ်ပြုတ်၊ အိမ်မီးလောင်၊ ရင်းနှီးသူ တစ်ဦးဦးကွယ်လွန်၊ ပင်စင်ယူချိန်၊ စားဝတ်နေရေး မပြေလည်၊ ကုန်စျေးနှုန်း တက်၊ သားသမီး မလိမ်မာ၊ သားသမီး မူးယစ်ဆေးစွဲ စသော မြောက်မြားလှစွာသော အကြောင်းတွေပါဝင်ပါတယ်။


ဘယ်လိုကုသမလဲ

Depression ရောဂါဟာ ပြင်းထန်တယ်။ ဥပမာ Major Depression မှာ ဝေဒနာသည်ဟာ မိမိကိုယ်ကို သတ်သေရန်အထိ ကြိုးစားလာပါပြီ ဆိုပါစို့။ ဤအခါမျိုးမှာ ဘေးလူက တတ်ယောင်ကားနဲ့ အားပေးစကား ပြောတာမျိုး ဆေးမြီးတိုနဲ့ ကုတာမျိုး လုပ်မရတော့ဘဲ စိတ်အထူးကု ဆရာဝန် Psychiatrist နဲ့ ပြသင့်ပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ လိုင်စင်အရ Counseling Psychologist များ ကုခန်းစိတ်ပညာရှင်များ Clinical Psychologist များလည်း ရှိနေရာပိုမို ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ပါတယ်။

ဒါပေမဲ့ Depression ဆိုတာ လူတော်တော်များများ အနည်းနဲ့အများ ဆိုသလို ဘဝမှာခက်ခဲမှုတွေ ရင်ဆိုင်ရတဲ့အခါ အနည်းအကျည်း စိတ်ဓာတ်ကျတာမျိုး ရှိမှာပါ။ အဲဒီအခြေအနေမျိုးမှာ အထိရောက်ဆုံး ကုထုံးမှာတော့ ကောင်းဆဲလင်း (ပညာပေးဆွေးနွေးခြင်း) ဘဲ ဖြစ်တယ်လို့ အင်တာနက်သတင်းက ဆိုပါတယ်။ ကောင်းဆဲလင်း လုပ်နိုင်သူ ကောင်းဆဲလာဆိုတာကလည်း ဖွံ့ဖြိုးပြီး နိုင်ငံမှာသာ ပေါများတာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှာ ရှားပါတယ်။ သို့သော် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကတည်းက HIV ပြဿနာကြောင့် စိတ်ပူပန်ရတဲ့ အချိန်ကာလမှာတုန်းက Ingo တွေက HIV Counseling သင်တန်းတွေပေးပြီး Volunteer Counsellor တွေ မွေးထုတ်ပေးတော့ သူတို့ကြောင့်လည်း HiV ကို တွန်းလှန်ရာမှာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ ထိရောက်ခဲ့ပါတယ်။ Depression ကိစ္စမှာလည်း ဗော်လန်တီယာ ကောင်ဆဲလာတွေ မွေးထုတ်နိုင်ရင် အတိုင်းအတာတစ်ခုအထိ အကျိုးရှိနိုင်ပါတယ်။


စိတ်ဓာတ်ကျပါက မိမိဘာသာ ကုစားနည်း

အနည်းအကျဉ်း စိတ်ဓာတ်ကျတာလောက်ကတော့ လမ်းလျှောက်ရင်ပျောက်တယ်လို့ ဆိုပါတယ်။ Depression ဟာ Stress ခေါ် စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်ပါတယ်။ Stress သမားကလည်း လမ်းလျှောက်ရင် သက်သာပါတယ်။ လမ်းလျှောက်တဲ့အခါ ဦးနှောက်ထဲမှာ အယ်ဒေါ်ဖင်းဆိုတဲ့ ဟော်မုန်းထွက်တယ်။ အဲဒါက Stress ကို ဖြေလျော့စေတယ်။ ဒီတော့ Depression ကိုလည်း သက်သာစေပါတယ်။ 

နံနက်စောစော အိပ်ရာကထပြီး လေကောင်းလေသန့် ရှူရတဲ့နေရာ တစ်နာရီ နှစ်နာရီလောက် နေ့စဉ်လမ်းလျှောက်လို့ကတော့ Depression လည်း သက်သာ၊ နှလုံးရောဂါလည်း မမြင်၊ သွေးတိုးလည်းမဖြစ် စသဖြင့် အကျိုးကျေးဇူးများစွာ ရမှာပါ။


Credit: ဒေါက်တာထွန်းဝင်း




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18